ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 22, 2008

22 Nov, 2008 ယောနသံ စိတ်ထားနှင့် ဟိုးအဝေးထက် အမြင့်ပျံတက် ငှက်များ....အပိုင်း-၂

> (၈၈- နှစ်မြောက် အမျိုးသားနေ့ အမှတ်တရ....)
၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့တွင် မိမိတို့သည် အင်းစိန်ထောင်မှနေ၍ နာမည်ဆိုးဖြင့် အထူး ကျော်ကြားလှသော သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။ နိုဝင်ဘာလ ၂၂ရက်နေ့သည် ကျနော့်အဖို့ မမေ့နိုင်စရာ နေ့စွဲတစ်ခုပင်ဖြစ်သည်။ ယခုနှစ် ၂၀၀၈ တွင် နိုဝင်ဘာလ ၂၂ရက်နေ့သည် (အမျိုးသားနေ့) ဖြစ် သကဲ့သို့ လွန်ခဲ့သော ၁၉-နှစ်(၁၉၈၉ ခုနှစ်)တုန်းကလည်း ပဲခူးတိုင်း အနောက်ခြမ်းရှိ နာမည်ဆိုးဖြင့် အထူး ကျော်ကြားလှသော သာယာဝတီထောင်ထဲတွင် အမျိုးသားနေ့ ကျင်းပခဲ့သဖြင့် အရိုက်အနှက်ခံခဲ့ရပြီး အင်းစိန် ထောင်မှ ထောင်ပြောင်းစဖြစ်သဖြင့် ရောက်ရောက်ချင်း လက်စင်နှင့်ထွင်းဆိုသလို ထိုသို့အောက်မေ့ဘွယ်နေ့ ဆောင်ရွက်ခဲ့ခြင်းကို သတိရနေပါသည်။
(ဟုတ်တာပေါ့... လွန်ခဲ့တဲ့ ၁၉-နှစ် (၁၉၈၉)တုန်းကလည်း ဒီနေ့ဟာ အမျိုးသားနေ့ပဲလေ... ဘယ်မေ့ပါ့ မလဲကွာ... မင်းတို့ ရိုက်ထား နှက်ထား ဆဲဆိုထားတာကို အမှတ်အသားကြီးတဲ့ သူတွေက ဒိုးဒိုးဒေါက်ဒေါက် ချက်ချင်းထောက်ပြနိုင်တယ်ကွ...)

အမျိုးသားနေ့ ကျင်းပခြင်းကြောင့် အဆဲအဆိုခံ, အရိုက်အနှက်ခံရသူများ ထဲတွင် ယခုမိမိတင်ပြနေချိန်၌ ဘုန်းကြီးဖြစ်သူဖြစ်, (ရွှေတွံတေးဆရာတော်) ရှေ့နေဖြစ်သူဖြစ် (မိမိနှင့် ရဲဘော် တင်သန်းဦး) , နေရာဒေသ တကွဲတပြားစီ ရှိနေကြမည်ဖြစ်သော်လည်း ဤအကြောင်းကို ပြန်ပြောင်း ပြောဖြစ် ကြလျှင်မမေ့ကောင်းစရာ အကြောင်းအရာတခုအဖြစ် ကိုယ်စီကိုယ်စီ မှတ်ဥာဏ်များတွင် စွဲထင်ကျန် ရစ်မည် ထင်ပါသည်။
ကိုင်း.... ကျနော်တို့က ဘာတွေလုပ်လို့ အနှိပ်စက်ခံကြရတာလဲ...???? ။ အင်းစိန်ထောင်ကြီးမှ စတင် ပြောင်းရွေ့သော ၁၉၈၉-ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့က စတင်ရပါမည်။ ထိုနေ့က စာကလေးခေါင်း ဆံပင်ပုံ ကိုယ်စီနှင့် နံနက်စောစောမှ ကားထွက်ကာ နံနက် ၁၀နာရီဝန်းကျင်တွင် သာယာဝတီထောင်သို့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်နှင့် အခြားရာဇ၀တ်သား ၁၀၀ ခန့်တို့ရောက်ရှိသွားပါသည်။ ၈၈၈၈ အရေးတော်ပုံ နောက် ပိုင်းကာလ ၅-ည (အရေးပေါ်စီမံချက်အက်ဥပဒေ)ဖြင့် သာယာဝတီထောင်သို့ ပြောင်းရွေ့သော ပထမအ သုတ်(First Group) ဖြစ်ပါသည်။ ကျနော်တို့က အင်းစိန်မှာထဲက လူဆိုးစာရင်းဝင်ကာ မှင်နီအသားခံရတာရှိပြီး သာယာဝတီထောင်သို့ရောက်သောအခါ လူနည်းစုထားရာ သီးသန့်တိုက်သို့ရောက်ရှိသွားပါသည်။ ရဲဘော်-အီဗား(ယခု-AAPPB) ရဲဘော်-ပန်းသီး(ခ) ထွန်းမြဦး (ယခု-NLD-LA) ရဲဘော်-ကျော်ဌေးဦး (ယခု- အမေရိကန်) စသူတို့ကတော့ အဆောင်များတွင် နေရပါသည်။ ကျနော်၏အခန်းသည် သီးသန့်တိုက်(က) အခန်း ၇ ဖြစ်ပြီး ရဲဘော်-လှထွေး(ရှစ်ပါတီဥက္ကဌ၊ ယခု ရွှေတွံတေး ဆရာတော်) ရဲဘော်တင်သန်းဦး(ယခု ရှေ့နေ) ရဲဘော်-ဇော် ထင်(သန်လျင်) ရဲဘော်-သံချောင်း စသည်ဖြင့် ၅ဦးနေထိုင်ပါသည်။ ကျနော်တို့ ၅ဦးမှာ ခြေကျင်းကိုယ်စီနှင့်ဖြစ် ပြီး အခြားသူများမှာ ခြေကျင်းဖြုတ်ပြီးဖြစ်သည်။
၁၉၈၉-ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့တွင် “အမျိုးသားနေ့” ကျင်းပမည်ဟု တိုင်ပင်ထားတာက ကျနော် တို့ထောင်မပြောင်းမီ တပတ်ကျော်ကျော်ကတည်းကဖြစ်သည်။ တိတိကျကျပြောရလျှင် အင်းစိန်ထောင် (အဆောင်-၃) ဘုရားလေးဝန်းထဲတွင် အဆောင် ၃ရှိ အခန်းတခန်းစီမှ ကိုယ်စားလှယ် ၄ဦးကျစီ အစည်းအဝေး ခေါ်ယူပြီး တိုင်ပင်ထားကြ၊ လက်ကိုင်ပိုစတာများ ပြင်ဆင်ထားကြ၊ ခွပ်ဒေါင်းအလံကြီးများ ပြုလုပ်ထားကြ၊ မိမိ, ရဲဘော်-လှထွေး၊ ရဲဘော်-တင်သန်းဦး၊ ရဲဘော်-မျိုးအောင် တို့က အမှာစကားပြောကြားရန်နှင့် ရဲဘော်-နေတင် မြင့်နှင့် ရဲဘော်-မိုးကျော်သူတို့က အခမ်းအနားမှူးလုပ်ရန်၊ သ၀ဏ်လွှာများ အဖွဲ့အစည်းအသီးသီးမှ ဖတ်ကြား ကြရန်၊ တက်ရောက်လာသော အခြားအကျဉ်းသားများထဲမှ ၂-ဦးက မိမိတို့ သဘောထားအမြင်များ စသည်ဖြင့် ကြိုတင် ပြင်ဆင်ထားကြပြီးဖြစ်သည်။ (မှတ်ချက်။ ။ အင်းစိန်ထောင်သည် အဲဒီလောက် လွတ်လပ်လို့လား....? မေးစရာရှိသည်။ ၁၉၈၉-ခုနှစ်တုန်းက လွတ်လပ်ပါသည်။ အဆောင်များတွင် လွတ်လပ်ခြင်း (သတင်းစာ ဂျာ နယ်ဖတ်ခြင်း, အားကစားပစ္စည်းအစုံအလင်ဖြင့် အားကစားလုပ်ခြင်း, ထောင်ဝင်စာသွားတွေ့လျှင် အင်္ကျီအဖြူ နှင့် ကချင်လုံချည်ဝတ်ကာ ၈၈၈၈ အမှတ်တံဆိပ်ကို ပုံဖော်နိုင်ခြင်းနှင့် ဟိုအဆောင် ဒီအဆောင် နှစ်ယောက်တွဲ သုံးယောက်တွဲကာ အခန်းလူကြီးခေါ်၍ သွားလာနိုင်ခြင်း စသည်ဖြင့် တစုံတရာ ၅-ညရွှေခေတ်ကို တည် ဆောက်နိုင်ခဲ့ကြပါသည်။ အင်းစိန်ထောင်တွင် ၁၉၈၉-ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့၌ စစ်အာဏာရှင် ဆန့် ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများအား အလုပ်မခိုင်းရေး (Anti Labour) တိုက်ပွဲကိုလည်း မိမိ, ရဲဘော်-လှထွေး, ရဲဘော်-တင်သန်းဦး တို့က ခေါင်းဆောင်ဆင်နွဲခဲ့ရာ အင်းစိန်ထောင်မှ နာမည်ကြီး စစ်ခွေးတိုက်သို့ တိုက်ပိတ်အပြစ်ဒဏ်အပေးခံရပါသည်။ သို့သော် ၈ ပေX ၁၀ ပေ အခန်းကျဉ်းထဲမှ မထွက်ရတာ, ဂန်ဖလား (ခေါ်) မိလ္လာသုံး ကြွေအင်တုံအား အပြင်ထွက်မသွန်ရတာ (ချေးအလူးလူးနှင့် အနံ့အသက်ဆိုးတာ) အခန်းက ညစ်ပတ်ပေရေနေပြီး ပေးထားတဲ့ ဖျာကလည်း သန်းဂျီးမ, ကြမ်းပိုး, ပုရွက်ဆိတ်, မျက်နှာကျက်ပေါ်မှ သဲမြွေပူ စီကွေးလေးများ, စသည်ဖြင့် နေထိုင်ရတာအခက်အခဲရှိသော်လည်း အတူနေရသူ ရန်ကုန်မြို့၏ နာမည်ကြီး ရာဇ၀င်လူဆိုး(၀ါ) ထောင်ကြမ်းပိုးများဖြစ်ကြသည့် နဂါးလေး, ဂျပန်ကြီး, စံညိမ်း, စိုးလေး, ဂျမား, ၀က်ကလေး, သင်္ကန်းကျွန်း-ရာဂျူး, သင်္ကန်းကျွန်း-ကျားကြီး, အီဆပ် စသည့်ပုဂ္ဂိုလ်ကျော်များ တိုက်ပိတ်ခံရခိုက်နှင့် ကြုံ ကြိုက်တိုက်ဆိုင် သဖြင့် ထောင်အခေါ် ဖလိုက်လမ်းကြောင်းမှ စားစရာနှင့် စီးကရက်အပါအ၀င် အနေဆင်း ရဲသော်လည်း အစားမဆင်းရဲခဲ့ပါချေ။ ဤတိုက်ပွဲအကြောင်းကို နောက်ဆောင်းပါးများတွင် ဆက်လက်ရေးသား ပေးပါမည်။)
အင်းစိန်ထောင် အဆောင်(၃)တွင် အခန်း-၄ ခန်းရှိရာ အခန်းတစ်ခန်းလျှင်ပြောရေးဆိုခွင့်ရှိသူ ၄ဦးကျစီ အများဆန္ဒဖြင့် (ဒီမိုကရေစီနည်းအရ) ရွေးချယ်ထားကြပြီး အခန်း(၁)မှ မြန်မာစာဆရာ, ပါရဂူကျူရှင်-ဦးကြည် မြင့်၊ ရဲဘော်-သိန်းဝင်း(မှော်ဘီ)၊ ရဲဘော်-မိုးကျော်သူ၊ ရဲဘော်-အောင်မိုး(တောင်ဥက္ကလာ)၊ အခန်း ၂-မှ မိမိ၊ ရဲဘော်-ကိုကိုလှိုင်၊ ရဲဘော်-နေမျိုးကျော်(ထောင်ပြင်ပရောက်မှ ကွယ်လွန်)၊ ရဲဘော်-ကျော်ဟန်ထွန်း၊ အခန်း ၃-မှ ရဲဘော်-လှထွေး(၈-ပါတီဥက္ကဌ၊ ယခုရွှေတွံတေးဆရာတော်)နှင့် -မြတ်မင်းဦး(ခ) ဆာမူရိုင်းနှင့် အခြား ၂ဦး ။ အခန်း ၄-မှ ရဲဘော်-နေတင်မြင့်(ယခု-အမေရိကန်)၊ ရဲဘော် ရဲဘော်-မျိုးအောင်(ဒမဖ)၊ ရဲဘော်-မြင့်စိုး (ယခု-အလင်းရောင် ဆရာတော်၊ မင်္ဂလာဒုံ)၊ ရဲဘော်-ဇော်ထင်(သန်လျင်၊ DPNS မြို့နယ်အတွင်းရေးမှူး) စသည် တို့ဖြစ်သည်။ အဆိုပါပြောရေးဆိုခွင့်ရှိသူ ၁၆-ဦးမှ အထက်တွင်တင်ပြပြီးဖြစ်သလို ဘုရားဝန်းအတွင်း ကြိုတင် အစည်းအဝေးထိုင်ကာ အားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် နိုဝင်ဘာလ ၁၉ရက်နေ့ တွင် သာယာဝတီထောင်သို့ ရုတ်တရက် ထောင်ပြောင်းရွေ့ခဲ့ရလေသည်။
(ကဲဗျာ.... ကျနော်တို့လုပ်ခဲ့တဲ့ အမျိုးသားနေ့ဟာ ထောင်ပြောင်းခါစ အခန်းထဲမှာပဲ နေရတာများပြီး ရေချိုးဆင်းချိန် ၂၀-မီနစ်သာရတဲ့ အချိန်တိုကလေးအတွင်းမှာ ဘယ်လိုလုပ်သလဲဟုတ်လား...???)
(ဒေါင်း...ဒေါင်း.....ဒေါင်း) ဟူ၍ အချက်ပေးခွပ်ဒေါင်းအသံကို ပထမဒေါင်းအား ရဲဘော်-အောင်ဖေခင် (ယခု-နယူးဇီလန်) ဒုတိယ-ဒေါင်းအား ရဲဘော်-နေတင်မြင့်(ယခု-အမေရိကန်) တတိယ-ဒေါင်းအား စာရေးသူ တို့က ၁၀ ပေx ၁၂ ပေ အခန်းကျဉ်းအတွင်းမှ အပြင်သို့ ရေချိုး မိလ္လာချပြုလုပ်ရချိန် ၂၀-မီနစ်အတွင်း နားလည် မှု ရယူကြကာ အင်းစိန်ထောင်မှာ သဘောတူခဲ့သည့်အတိုင်း အခြေအနေပေးမှုပေါ်မူတည်၍ မတ်တပ်ရပ်ကာ အလေးပြုကြရန် ကြိုတင်စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
ကဲ...လာပါပြီ...ရောက်ပါပြီ နိုဝင်ဘာလ ၂၂ရက်နေ့ (ထောင်ပြောင်းထားတာ ၃-ရက်တောင်မပြည့်သေး တဲ့အချိန်, ထောင်ဖွင့်ချိန် နံနက် ၆း၃၀ နာရီအချိန်ပေါ့) လုပ်စရာရှိတာလုပ်ရမှာပဲ။ ခွပ်ဒေါင်း(သို့) ပစ်တိုင်းထောင်တွေဆိုတာ ဘယ်နေရာပဲရောက်ရောက် ထောင်ပြီးသားပဲ၊ လုပ်ပြီးသားပဲဟေ့...။ “ဒေါင်း”.... ရဲဘော်-အောင်ဖေခင် ပထမ-ဒေါင်းအော်ပြီ။
“ဟေ့ကောင် ကုလားစုတ်၊ မင်းဘာတွေလျှောက်အော်နေတာလဲ..? ကမ္ဘာမကြေမဆိုဘူးလားကွ ခွေးမသား” (ထောင်ဝါဒါနှစ်ဦးရဲ့ ဟိန်းဟောက်သံ)
“ဒေါင်း”... ဟော... တာဝန်အတိုင်း မလွဲမသွေလုပ်တတ်သူ ရဲဘော်-နေတင်မြင့်ကလည်း အမိန့်ပေးပြီလေ။ ရဲဘော်တွေကလည်း (၁၀ပေ x ၁၂ ပေအခန်းကျဉ်း)လေးထဲမှာ သတိကို အလေးအနက်ဆွဲလို့။ ဦးကိုသေချာ ညွတ်ကြလို့ပေါ့....။
“ဟို....နွားမသား၊ မင်းကကော ဘာတွေ လျှောက်အော်နေတာလဲ...ဟေ့”
“ဒေါင်း”... နောက်ဆုံး အမိန့်ပေးသံက ရဲဘော်တွေအများက နဂါးကြီး၊ ကျားကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ စာရေးသူ အလှည့်ပေါ့ဗျာ...။
“ဟေ့ကောင်တွေ မင်းတို့အခန်း (၇)က၊ ၅ကောင်, အားလုံးမတ်တပ်ရပ်နေတာ အလေးပြုနေတာ ငါတို့မြင် တယ်နော်၊ ခွေးမသားတွေ... ဟေ့ သီးသန့်(က) အကုန်လုံးနားထောင်၊ မင်းတို့အကုန်လုံး ပုံစံကြီးထိုင်ထား”
အားလုံးပုံစံကြီးထိုင်ရပါသည်။ မိမိနေရာ တိုက်ခန်းအတွင်း နောက်ပြန်လှည့်၍ ခြေဖျားထောက်ကာ အောက်သံမံတလင်းကို ဦးခေါင်းထိသည်အထိ ခေါင်းပေါ်လက်တင်ထားကာ ထိုင်ရသောထောင်ပုံစံ(၀ါ) အပြစ် တခုခု ကျူးလွန်ပါက အပြစ်စတင်ပေးသော ထောင်ပုံစံဖြစ်ပါသည်။ မကြာမီအချိန်အတွင်းမှာပင် ထိုစဉ်က ထောင်ပိုင်-အရှည်ကြီးမြင့်သိန်း၊ ဒုတိယထောင်ပိုင်- မင်းသားစတိုင် တင်မောင်လွင်၊ ထောင်မှူးကြီး-မြင့်သန်း (ဒီလူက ၁၉၆၉-ခုနှစ် ရန်ကုန်မြို့ သမိုင်းအားကစားရုံမှာဖြစ်တဲ့ ကျွန်းဆွယ်အရေးအခင်းမှာ ခေါင်းဆောင်တဦး ဖြစ်ကြောင်း သဲကုန်းမြို့နယ် အန်အယ်လ်ဒီက နောင်တော်ကြီး ဦးအောင်သန်း(ခ) ဗိုက်ပူအောင်သန်း(ခ) တော် ကီအောင်သန်း က ပြောပါတယ်။) အပါအ၀င် ထောင်ဝါဒါတွေ တထောကြီးရောက်လာပါလေရောလား...။ သီး သန့်(က)မှာပဲ နည်းနည်းပါးပါး ပါးစပ်ကပြောဆိုမေးမြန်းပြီး ဆရာစံတိုက်(ခေါ်) ထောင်ဈေးတိုက်ရှိရာကို ခေါ် သွားပြီး ကျနော် တို့ကလည်း ခြေကျင်းတချွင်ချွင်နဲ့ လိုက်သွားကြပြီး ဟိုလည်းရောက်ရော သူတို့လက်တွေက စကားပြောပါလေရောဗျို...။ အားပါးပါး... သူတို့ကိုင်ထားတဲ့ နံပါတ်ဒုတ်, ၀ါးဆစ်ပိတ် ၀ါးလုံး, သူတို့စီးထားတဲ့ ဖိနပ်တွေက စကားပြောတာအားကြီးပဲဗျို...။ အပေါ်က ရုံးသုံး ပန်ကာကလည်း ဖွင့်ထားပြီး သူတို့ လက်တွေက ကျနော်တို့ ကိုယ်ပေါ်ကို ဗွက်ရေတွေနဲ့ လှမ်းပက်တာလဲရှိတယ်လေ။ ဆောင်းအခါ ချမ်းချမ်းစီးစီးကြားမှာ အပေါ် က ပန်ကာ, အောက်ကဗွက်ရေနဲ့ဆိုတော့ စာဖတ်သူစဉ်းစားကြည့်ပေါ့ခင်ဗျာ...။ အဲဒီလို ကျွေးမွေးဧည့်ခံပြီးတဲ့ နောက်မှာ ကျနော်တို့ (အခန်း ၇)က ၅ဦးစလုံးကို စာရေးဆရာကျော်မြသန်း စာပေဗိမ္ဗာန်ဒုတိယဆုရယူသွားတဲ့ နာမည်ကြီး (သာယာဝတီထောင်က ငရဲခန်းများ) ခေါင်းစဉ်ရှိတဲ့ နေရာဒေသဖြစ်တဲ့ သာယာဝတီထောင် တိရစ္ဆာန်မွေးမြူရေးနှင့် စိုက်ပျိုးရေးတိုက်ဖြစ်တဲ့ တိုက် ၁ကို ခေါ်သွားတော့တာပဲ။ တိုက် (၁)က မျက်နှာချင်းဆိုင် တိုက်ရှည်ကြီး နှစ်တိုက်ရှိတယ်။ ကျနော်တို့ ၅ယောက်က တိုက် ၁ လက်ဝဲဘက် တိုက်ရှည်အခန်း ၆ မှာ နေရတယ်။ ရဲဘော် အောင်ဖေခင်၊ ရဲဘော် နေတင်မြင့်၊ ရဲဘော်ကျော်သောင်း၊ သီးသန့်(ခ) တိုက်က ရဲဘော် သိန်းဝင်း(မှော်ဘီ) တဦးတည်း စသဖြင့် ရဲဘော်တွေဟာ ကျနော်တို့ မျက်နှာချင်းဆိုင်က တိုက် ၁ လက်ယာ ဘက် တိုက်ခန်းအရှည် အခန်း ၁, အခန်း ၄, အခန်း ၁၂ စသဖြင့် တယောက်စီထားတာ တွေ့ရတယ်။ ကျနော် တို့ ငရဲခန်းတိုက်ရဲ့ တိုက်နှစ်တိုက်ကြားမှာ ရေချိုးတဲ့အုတ်ကန်ရှည်ကြီးရယ်၊ စိုက်ခင်းတွေရယ်... ခြားထားတာ ရှိတယ်။ စကားလုံးဝမပြောရဘူး။ မိလ္လာလည်း ချမပေးဘူး။ အင်းစိန်စစ်ခွေးတိုက်လောက်တော့ မဆိုးဘူးပေါ့ ဗျာ..။
တလက်စထဲ ဆက်ပြောပါရစေ...။ အမျိုးသားနေ့ဆိုတာ အဲဒီ ၁၉နှစ် (၁၉၈၉)ခုနှစ်ကတည်းက ကျနော် တို့ ကျင်းပခဲ့တာက အင်္ဂလိပ်ဆန့်ကျင်ရေး နယ်ချဲ့ဆန့်ကျင်ရေး သဘောတရား မဟုတ်ဘူး။ နယ်ချဲ့ဆိုတဲ့ အင်္ဂလိပ်ထက် ဆိုးရွားစွာနဲ့ ကိုယ့်လူမျိုး၊ ကိုယ်နိုင်ငံသားအချင်းချင်း ဗိုလ်ကျအနိုင်ကျင့်တဲ့ စစ်အာဏာရှင်တွေ အောက်က (စစ်ဖိနပ်အောက်က) လွတ်မြောက်ကြဖို့ တို့အမျိုးသားတွေ လွတ်မြောက်ကြ စေဖို့၊ ငြိမ်းချမ်း သာယာကြစေဖို့၊ တရားမျှတခြင်းနဲ့ ညီမျှခြင်းတွေ ထွန်းကားကြစေဖို့ ရည်ရွယ်ပြီး (ဒေါင်း)လို့ အော်ခဲ့ကြတာပါ။ ကျနော်တို့ ကျင်းပခဲ့တဲ့ အမျိုးသားနေ့ဟာ နယ်ချဲ့ဆန့်ကျင်ရေး သဘောထားလုံးဝမပါခဲ့ပါဘူး။ အဲဒီ ဒေါင်း(၇) ဒေါင်းဟာ စံပြအဖြစ် ထောင်ဝါဒါတွေက ရွေးချယ်ပြီး နှိပ်ကွပ်ခဲ့ကြသလို အခြားဒေါင်း (အလေးပြုကြသူတွေ) ကို လည်း ခါတိုင်း နေ့စဉ် ၂၀ မီနစ် ရေချိုးဆင်းရတာကို ပိတ်လိုက်ပါတယ်။ တိုက်ပိတ်ပြစ်ဒဏ်ဆိုပြီး (၇)ရက်ချမှတ် လိုက်ပါတယ်။
ထောင်ပိုင်- အရှည်ကြီးမြင့်သိန်း (နောက်ပိုင်း- ညွှန်ကြားရေးမှူးဘ၀နဲ့ မိမိနှင့် ပုသိမ်ထောင်မှာ ၁၉၉၈-ခုနှစ်တုန်းက ထပ်မံဆုံတွေ့ခဲ့ရ) ဒုတိယထောင်ပိုင်- တင်မောင်လွင်၊ ထောင်မှူးကြီး- မြင့်သန်း အမှူးပြုတဲ့ (ငါတို့ ဒေါင်းတွေ၊ ပစ်တိုင်းထောင်တဲ့ ပစ်တိုင်းထောင်တွေ)ကို နှိပ်စက်ခဲ့သူတွေကို မမေ့ပါဘူးကွာ... သင်းတို့ဟာ သာယာဝတီထောင်က ဒုတိယ ငရဲစခန်းများ (၁၉၈၉-ခုနှစ် ဒီဇင်ဘာလ ၂၃, ၂၄, ၂၅ရက်တွေမှာ) ဒေါင်းတွေကို ထပ်မံနှိပ်စက်ခဲ့တာတွေရှိပါသေးတယ်။ (ရှေ့စာမျက်နှာတွေမှာ ဆက်လက်ဖော်ပြပေးပါမယ်...။)
ဒီနေရာမှာ ကျနော်တို့ သိပ်လေးစားရတဲ့ နော်တော်ကြီး ဦးခွန်စိုင်းရဲ့ နံရံလေးဘက်ကြားမှာ ရှိစဉ်ရေး ဖွဲ့ခဲ့တဲ့ ဟောဒီ သီချင်းလေးတပုဒ်နဲ့ပဲ ဂုဏ်ပြုပြီး အမှတ်တရ(၀ါ) သတိတရရှိနေပါရစေ...။

ခွပ်ဒေါင်းသီချင်းလေးအမည်က....“ရွှေကျောင်းထက်က ခေါင်းလောင်းသံ” ပါတဲ့....။

အပိုဒ် (၁)xxx “ရွှေကျောင်းထက်ကxxx ခေါင်းလောင်းသံလေးxxx ကြွေကွဲစရာပေxxx ကျည်ခွံတွေxxx နေရာအနှံ့မှာလေxxx အဖိုးတန်xxx ကြယ်ပွင့်လေးတွေxxx ကြွေလွင့်ခဲ့တာxxx မြင်ရဲ့လားလေxxx သွေးတွေ xxx သွေးတွေxxx သစ်ပုတ်ပင်ကြီးသိတဲ့xxx မှတ်တမ်းလေxxxxxx”
အပိုဒ်(၂) xxx “ ရွှေကျောင်းထက်ကxxx ခေါင်းလောင်းသံလေးxxx ကြွေကွဲစရာပေxxx ကျည်ခွံ တွေxxx ပရ၀ဏ်အနှံ့မှာလေxxx ကံ့ကော်xxx စွယ်တော်လေးတွေxxx ကြွေလွင့်ခဲ့တာxxx မြင်ရဲ့လားလေxxx အိုးဝေxxx အိုးဝေxxx အကျဉ်းကျနေတဲ့ xxx မင်းရဲ့ ငယ်ကျွမ်းဆွေxxx
အပိုဒ်(၃) xxx သမိုင်းတခေတ်ရဲ့xxx မုန်တိုင်းပန်းတစ်ပွင့်xxx မောင့်နှင်းဆီရေxxx ကြယ်ပွင့်လေး တပွင့်လိုxxx လင်းလက်ပါစေxxx တိုင်းပြည်xxx သာယာရေးအတွက်xxx တိုက်ပွဲကြားမှာxxx အစဉ်ဖြတ် သန်းနေ xxx အိုးဝေxxx အိုးဝေxxx သစ်ပုတ်ပင်ကြီး သိတဲ့ဇာတ်လမ်းလေxxx
အပိုဒ်(၄)xxx သမိုင်းတခေတ်ရဲ့xxx မုန်တိုင်းပန်းတစ်ပွင့်xxx မောင့်နှင်းဆီရေxxx ကြယ်ပွင့်လေးတ ပွင့်လိုxxx လင်းလက်ပါစေxxx တိုင်းပြည်xxx သာယာရေးအတွက်xxx ပျော်တဲ့အရပ်မှာxxx မနေနိုင်ဘူးလေ xxx အိုးဝေxxx အိုးဝေxxx အကျဉ်းကျနေတဲ့xxx မင်းရဲ့ ငယ်ကျွမ်းဆွေxxx
အပိုဒ်(၅)xxx ကျည်ခွံတွေxxx အရည်ကျိုxxx ပြောင်းကာလေxxx တို့သွန်းလောင်းမယ့်xxx အနာဂတ် ခေါင်းလောင်းxxx ချိုမြသံဝေxxx အတိတ်တစ္ဆေxxx အလွမ်းတွေxxx တို့အိပ်မက်ထဲxxx ၀ဲလို့လာကြပေxxx
အပိုဒ်(၆)xxx ကျည်ခွံတွေxxx အရည်ကျိုxxx ပြောင်းကာလေxxx တို့သွန်းလောင်းမယ့်xxx အနာဂတ် ခေါင်းလောင်းxxx ချိုမြသံဝေxxx ချိုးဖြူကလေးတွေxxx တို့အိပ်မက်ထဲxxx ၀ဲလို့လာကြပေxxx (ချိုးဖြူကလေး ရေxxx မင်းရောက်လာမှxxx တို့နှစ်ယောက်အတူတကွxxx ဆုံကြမယ်လေxxxxxxxx

ဒီသီချင်းလေးကိုရေးနေရင်းနဲ့ နောင်တော်ကြီး ဦးခွန်စိုင်းကို အထူးသတိရစွာနဲ့ လေးစားစွာ ရေးသား ဂုဏ်ပြုလိုက်ပါတယ်။ ထို့အတူ လူသားကျည်ဆံနဲ့ လူသားဗုံးဆံအဖြစ် နံရံလေးဘက်ကြားမှာ ကြံ့ကြံ့ခံရပ် တည်ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ညီအကို ရဲဘော်ရဲမေများ၊ ဆက်လက်ရပ်တည်နေဆဲ နိုင်ငံရေးအ ကျဉ်းသားများ၊ မနေ့တနေ့က နှစ်ရှည်ထောင်ဒဏ်တွေကို ကျခံခဲ့ရပေမယ့် အပြုံးမပျက် ဆက်လက်ရင်ဆိုင်ရင် အဆင်သင့် ပြင်ထားကြသော (၀ါ) အရင်ကလည်း ဒီနံရံတွေကြားမှာ ဒို့တတွေဟာ နှစ်ရှည်ကြာဖြတ်သန်း ခဲ့တာပဲ ဆိုတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ပြည်သူလူတန်းစားအလွှာအသီးသီးကို ဂုဏ်ယူ လေးစားပါကြောင်း မှတ်တမ်းတင်ရင်း ၈၈ နှစ်မြောက် အမျိုးသားနေ့ အမှတ်တရ ဆောင်းပါးကို အလေးအနက် ရေးသားပါတယ်ခင်ဗျား.....။
(ဆက်လက်ဖော်ပြပါမည်)

ရေးသားတင်ပြသူ...သောင်ရင်းနဂါး

(၈၈- နှစ်မြောက် အမျိုးသားနေ့ အမှတ်တရ....)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)