သြော်… ဘာလိုလိုနဲ့ ကညာပျိုတောင် အနှစ် ၂၀-ပြည့်(အဲလေ) ထိုင်း-မြန်မာနယ်စပ်က ဒေါက်တာ စင်သီယာမောင် ဦးစီးတဲ့ မယ်တော်ဆေးခန်းတောင် အခုဆိုရင် အနှစ် ၂၀-ပြည့်ပါပေါ့လား။ တို့များတက်ကြွလှုပ်ရှားသူတွေရဲ့ ဒီမိုကရေစီတော်လှန်ရေးဟာလည်း အနှစ် ၂၀-လွန်မြောက်လို့ ၂၁-နှစ်ထဲကို ချင်းနင်းဝင်ရောက်လာပြန်ပါပေါ့လား။ ကိုသန်းလှိုင်၊ ကိုတင်လှိုင် တို့ရဲ့သီချင်းတွေကို
တေးချစ်သူတွေက “အနှစ် ၂၀-တိုင်၊ အချစ်မပြယ်နိုင်သူတို့အတွက်” ရယ်လို့ ရည်ညွှန်းသတဲ့။ သို့ဂလို ဂုရုဆန်၏ အတွေးလိပ်ပြာများသည် အပေါ်ပျံဝဲလိုက်၊ စစ်ခွေးမိစ္ဆာများကို ကလော်ပြန်ဆဲလိုက်ဖြင့် စိတ်နှင့်ကိုယ်တို့မှာ အထာညီညီ ဖြစ်တည်နေကြပေသည်။ အခုလည်းကြည့်…။ နာမည်ရစပြုလာသော မဲဆောက်မြို့ဈေးကြီးအပြင်တန်းမှ “လေထန်ကုန်း ကဖေး” တနေရာတွင် ဂုရုဆန်တစ်ယောက် နိုက်တင်းဂေးလ် ဂျာနယ်တိုက်ထံ အချိန်ဇယားကိုက် စာမူပို့နိုင်ရန် စာရေးလိုက်၊ လ္ဘက်ရည်သောက်လိုက်၊ ရေနွေးကြမ်း ကျိုက်လိုက်လုပ်နေချိန်ဖြစ်ပေချိမ့်…။ မဲဆောက်မြို့မှာ တောတွေလျှောက်သောက်ခြင်းဖြင့် ပျော်ပျော်ပါးပါး(အဲလေ)တောကိုချစ်ခင်ကာ ပျော်ပျော်ရွှင်ရွှင်နေတတ်သော တောပျော် မန်းမျိုးမြင့်သည် လေထန်ကုန်းတွင် လူစုံနေသည့်အခိုက် သူ၏ပါးစပ်သေနတ်ကို တလစပ် ပစ်ခတ်ပါတော့သည်။
(မန်းမျိုးမြင့်) ဒီမှာ ဘော်ဒါတို့။ လူကိုသေချာရှု၊ ရှိုးကြပါ။ လူကိုမလေးစားရင်နေပါ။ စီးလာတဲ့ ဆိုင်ကယ်လ်ကိုတော့ လေးစားကြပါ…။ စတိုင်ထွားတဲ့ဂနိုင်သားလို့ ထင်ရင်မှားမယ်ဗျနော်။
ထိုသို့ သူ၏စကား အစချီလိုက်အပြီးမှာတော့ လေထန်ကုန်းကဖေးဆိုင်မှာ သောက်သုံးသူများနှင့် ဘေးပတ်ဝန်းကျင်မှ သူ၏ကျယ်လောင်အောင်မြင်သောအသံကို ကြားရသူအပေါင်းတို့သည် သူစီးနင်းလာသောဆိုင်ကယ်လ်သည် အသစ်ဖြစ်မှန်းရိပ်မိသိရှိသွားသဖြင့် ၀ိုင်းဝန်းမေတ္တာပို့သကြပါသည်။ (ဘယ်လိုမေတ္တာ ပို့သလဲဆိုတာ ပရိတ်ကြီး ၁၁-သုတ်လာ “မေတ္တာသုတ်” ၌ အပြည်အစုံဖတ်ရှုကြပါကုန်၊၊ မေတ္တာပို့ရုံဖြင့် မကျေနပ်သေးလျှင် မန်းမျိုးမြင့် အတွက် အမျှပါဝေနိုင်ပါသည်)
(ဂုရုဆန်) အာ… အတော်ပဲဗျာ၊ လာပါ၊ ထိုင်ပါ၊ ရေနွေးကြမ်းသောက်ဗျာ…
(မန်းမျိုးမြင့်) ဟာဗျာ… ဂုရုဆန်ကလည်း…။ လ္ဘက်ရည်သောက်ပါ၊ ကော်ဖီသောက်ပါ ပြောမှပေါ့ဗျ။ ဘယ်နဲ့ဗျာ၊ ရေနွေးကြမ်းသောက်တဲ့။ ရှိုးပဲ့လိုက်တာဗျာ…။
(ဂုရုဆန်) ဒီမယ်… မန်းကြီး၊ ရေနွေးကြမ်းသောက်တာ သိပ်အကျိုးများတယ်ဗျ။ ရေနွေးကြမ်းကို နေ့စဉ်ပုံမှန်ပေါ့ဗျာ။ ဒီလိုသောက်သုံးမယ်ဆိုရင် လေဖြတ်ခြင်းဖြစ်ပွားမှု ၂၁-ရာခိုင်နှုန်းလျော့ကျသွားနိုင်တယ်လို့ ဗြိတိသျှ သုတေသီတွေက ပြောထားတယ်ဗျ။ နောက်ပြီး… အခု ခင်ဗျားကို တိုက်တဲ့ရေနွေးကြမ်းကလည်း လ္ဘက်ခြောက်က ဂယ်ရွှတ်မယ့် ဂွတ်ရှယ်နော်ကိုယ့်လူ၊ ရွှေလီခြောက်နဲ့ ပင်လောင်းခြောက်ကို ရောသမမွှေထားတာဗျို့၊ မြည်းပြီးမှ အိမ်မှာ ခေါ်ထားတဲ့ ခယ်မလေး မေ့သွားဦးမယ်၊ ငှဲ ငှဲ ငှဲ…။
(မန်းမျိုးမြင့်) ဟဲဟဲ… အားနာပါးနာနဲ့ တခွက်တလေမြည်းစမ်းရမှာပေါ့ဗျာ၊ အားပါး… တယ်ကောင်းပါလားဗျ။ အမှန်က ဒီလိုဆိုတယ်ဗျ။ ရေနွေးကြမ်းမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်နဲ့ အခြားဓါတ်ပေါင်းတွေဟာ ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပွားနိုင်တဲ့ ရောဂါအများအပြားကို ကာကွယ်ပေးနိုင်စွမ်းရှိသတဲ့ဗျ။ ဒီတွေ့ရှိချက်ဟာ ရေနွေးကြမ်းပုံမှန်သောက်သုံးသူ လူ ၄၀၀၀-ယောက်ကို သုတေသနပြုချက်အရ လေဖြတ်ရောဂါ ဖြစ်ပွားကြတာ မရှိဘူးလို့ ရည်ညွှန်းထားတယ်ဗျ။
(ဂုရုဆန်) ဟုတ်တာပေါ့ မန်းကြီးရာ။ ရေနွေးကြမ်းဟာ အကြမ်းရေနဲ့ အနွမ်းပြေစေတာနဲ့တင် ဘယ်ကပါ့မလဲ(ရေနွေးကြမ်းဟာ ခန္ဓာကိုယ်နဲ့ သွေးတွေအတွင်းထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်သလို ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ အညစ်အကြေးတွေကိုလည်း (ချွေး)တွေအဖြစ် ပြောင်းလဲသန့်စင်ပေးနိုင်သတဲ့ဗျ။
(မန်းမျိုးမြင့်) ဒါကြောင့်ထင်ပါရဲ့။ ရန်ကုန်မြို့ စီးပွားရေး တက္ကသိုလ်ထဲက ကိုအောင်ရင် ကဖေးဆိုတာ လွန်ခဲ့တဲ့ အနှစ် ၃၀-လောက်က နာမည်ကြီးပေါ့ဗျာ။ တက္ကသိုလ်မဂ္ဂဇင်းတွေထဲမှာ ကြော်ငြာရင်- “လ္ဘက်ရည်အဖန် သောက်ရင်ဖြင့် ကျက်သရေ အမှန်ရောက်ပေလိမ့် ကိုအောင်ရင် လ္ဘက်ရည်ဆိုင်ကို ကြွခဲ့ပါ” တဲ့ဗျ။
အမှန်တော့ ဆရာဇော်ဂျီတို့ စာချိုးကလေးကို စံနမူယူပြီး ကြော်ငြာတာပေါ့ဗျာ။ အဲဒီလ္ဘက်ရည်အဖန်ဆိုတာ ကျနော်တို့ သောက်နေတဲ့ တီး(Tea) လ္ဘက်ရည်မဟုတ်ဘူးဗျ။ ရေနွေးကြမ်းအဖန်ရေကို ဆိုလိုတာ။ အညာဒေသမှာဆိုရင် “လ္ဘက်ရည်သောက်ကြွပါ” ဘာညာဆိုတာ အဖန်ရေ၊ အကြမ်းရေသောကဖို့ ဖိတ်ခေါ်တာ မဟုတ်လားဗျ။ ဒီတော့ကာ…ကျတ်သရေ အမှန်ရောက်ဖို့တင်မကပဲ လေမဖြတ်ရလေအောင်၊ ချွေးထွက်လည်းကောင်းအောင် အကြမ်းရေ သောက်ကိုသောက်မှ ဖြစ်တော့မှာပဲဗျို့။ ကဲ… စားပွဲထိုးလုလင်ရေ၊ ဟောဒီက ယမကာလုလင်တွေကို (အဲလေ) လ္ဘက်ရည်သောက်ပရိသတ်ကို အဖန်ရေ၊ အကြမ်းရေတွေ တစ်ခါတစ်ခါချတာမဟုတ်ပဲ၊ အခါခါချပေးပါအုံးကွာ…။
(ဂုရုဆန်) အနွမ်းဖြေစရာမို့ အကြမ်းရေသာ၊ ဆက်ကာ ဆက်ကာ ချပေးစမ်းပါကွာ။
ထိုသို့ဤသို့ နှစ်ယောက်သား ခရားရေလွှတ်တတွတ်တွတ်လုပ်နေကြချိန်တွင် လေထန်ကုန်းဆီသို့ ဒေါက်တာသီဟမောင်နှင့် ဆရာဂါမဏီတည်းဟူသော မန်ယူအသင်းသားနှစ်ဦး(အဲလေ) နိုက်တင်ဂေးလ်ဂျာနယ် အယ်ဒီတာနှစ်ဦး ပေါက်ချလာတာတွေ့ရ၏။
(သီ+ ဂါ) အံမယ်… ခင်ဗျားတို့နှစ်ယောက်က ဒီမှာလာပြီးဘလော့ဂ်ဂါတွေ လုပ်နေကြတာကိုး။
(မန်းမျိုးမြင့်) အာ… ဆရာတို့ကလည်းဗျာ။ တော်ကီပစ်နေတာကို ဘလော့ဂ်ဂါလုပ်နေတယ်ဆိုတော့ မဟုတ်သေးပါဘူး။ ဆရာတို့အတွေးတွေ ဗိုင်းရပ်စ်များ ၀င်နေကြသလားဗျ၊
(ဒေါက်တာသီ) အတွေးမှာ ဗိုင်းရပ်စ်မ၀င်ပါဘူးဗျာ။ အခုဟာက ကျုပ်တို့လူတွေ၊ ရဲဘော်တွေ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ်ပြောသမျှ၊ လုပ်သမျှဟာ ဘလော့ဂ်အထာနဲ့ ဘလော့ဂ်သညာတွေ ဆန်နေကြတာမို့လို့ ဘလော့ဂ်ဂါတွေလုပ်နေတာလားလို့ တင်စားရည်ညွှန်းလိုက်တာပါ။ သြော်… ဒါနဲ့၊ ဒေါက်တာလွဏ်းဆွေကောမလာသေးဘူးလားဗျ။
(ဆရာဂါ) ဆရာသီဟကလည်း ဒီအချိန်မှာ သူဘယ်လာဦးမှာလဲ။ သူက ဘလော့ဂ်ထဲကမထွက်နိုင်တဲ့ ဘလော့ဂ်ဂါအစစ်ကြီးလေဗျာ။ သူ့မှာ ခရီးသွားဖို့ မဆိုထားနဲ့၊ လ္ဘက်ရည်သောက်ဖို့၊ ထမင်းစားဖို့တောင်အချိန်ဆင်းရဲရှာသဗျ။
(ဂုရုဆန်) ဒါနဲ့ ဆရာသီဟက ချင်းမိုင်မြို့မှာ ကျင်းပတဲ့ ၆-ကြိမ်မြောက် မြန်မာသတင်းမီဒီယာ ညီလာခံမှာ (ဘလော့ဂ်ရောဂါကို ကုထုံးရှိရင်ပေးကြပါ)လို့ တောင်းဆိုခဲ့သေးတယ်နော်။ ဆရာ့မှာကော ကုထုံးနဲ့နီးစပ်တာလေး ဘာလေးတကယ်မရှိတော့ဘူးလားဆရာ။
(ဒေါက်တာသီ) ဘယ်ကလာရှိရမှာလဲဗျ။ ဖေဖော်ဝါရီလ ၂၃-ရက်နေ့ မြန်မာ့သတင်းမီဒီယာ ညီလာခံနောက်ဆုံးနေ့မှာ တက်ရောက်လာသူအားလုံးကို ကျနော်က အတိအလင်းပန်ကြားတာ ခင်ဗျားတို့လည်း ကြားတာပဲလေ။ ဒေါက်တာလွဏ်းဆွေတို့လို ဘလော့ဂ်(Blog)ကို စွဲငြိနေသူတွေဟာ ဘလော့ဂ်ရောဂါကျိန်သေရှိနေပြီလို့ ကျနော်က ယူဆမိတယ်ဗျ။ ဒီဘလော့ဂ်ရောဂါကို သေချာဝေဖန်ဆန်းစစ်ကြည့်ရင်လည်း စာပေအနူပညာနဲ့ ပတ်သက်တဲ့ ခင်ဗျားတို့ ကျနော်တို့မှာရှိတဲ့ (ရွပိုး)ပေါ့နော်။ အဲဒီရွပိုးထိုးလို့ မရေးရမနေနိုင်၊ ဘလော့ဂ်ကိုမထိရ၊ မကြည့်ရမနေနိုင်တွေဖြစ်ကြပြီး ဘလော့ဂ်ရောဂါတွေ စွဲကပ်လာကြတယ်ထင်ပါရဲ့ဗျာ။
(မန်းမျိုးမြင့်) အံမယ်… အံမယ်၊ ဆရာတို့က ဒေါက်တာလွဏ်းဆွေကိုချည်း ပစ်မှတ်အဖြစ်နဲ့ မချစ်ကြနဲ့ဦး၊ မဟစ်ကြနဲ့ဦး လေဗျာ။ ဆရာတို့ကကော ဘာထူးလို့လဲ။ ဒေါက်တာလွဏ်းလောက်သာ ဘလော့ဂ်တွေမရေးကြ၊ မဖတ်ကြပေမယ့် ပြီးခဲ့တဲ့ ချင်းမိုင် သတင်းမီဒီယာ ညီလာခံ ကျင်းပနေကြချိန်မှာတောင် လက်ပ်တော့ကိုယ်စီနဲ့ ဘလော့ဂ်တွေချည်းလိုက်ကြည့်နေတာကို “မြင်တယ်xxx ဒို့သိတယ်xxx ဒို့မြင်တယ်နော့xxx”။ ငှဲ ငှဲ ငှဲ….။
(ဆရာဂါ) ထားပါဗျာ၊ ထားပါ။ ဘလော့ဂ်ဟာ ကွန်ပျူတာသုံးစွဲသူတွေကို စွဲငြိစေတယ်။ ခင်မင်တွယ်တာစေတယ်။ ဘလော့ဂ်နဲ့ မထိရ၊ မကြည့်ရရင် မနေနိုင်အောင် ဘလော့ဂ်ရောဂါရစေတယ်။ ဘလော့ဂ်ရောဂါထစေတယ်…စသဖြင့်ပေါ့ဗျာ။ အခု မန်းကြီးနဲ့ ဂုရုဆန်တို့ နှစ်ယောက်သား အကြမ်းရေစွဲငြိနေသလိုပေါ့နော်။ အကြမ်းရေဟာ အနွမ်းတွေပြေစရာ၊ ဖြေစရာ၊ ကြေစရာတွေအများကြီးရှိတဲ့ ကောင်းကွက်တွေလည်း ရှိတယ်ဗျ။
(ဒေါက်တာသီ) ဟုတ်ပါတယ်… ဟုတ်ပါတယ်။ ဘလော့ဂ်ရဲ့ကောင်းကွက်တွေကိုလည်း ကျနော်မငြင်းလို၊ မပယ်လိုပါဘူး။ ကျနော် ဆိုလိုတာက ဘလော့ဂ်ကို အခုကျနော်တို့ အကုန်လုံးစွဲငြိတာထက်ကို ဒေါက်တာလွဏ်းဆွေက ခရေဇီပိုမိုဖြစ်တာ၊ ဆိုရရင်ဗျာ ကျနော်တို့က ဘလော့ဂ်စွဲငြိခြင်းရောဂါအရ ဘလော့ဂ်အိပ်ခ်ျအိုင်ဗွီတွေ ဆိုကြရင် ဒေါက်တာလွဏ်းဆွေက ဘလော့ဂ်အေအိုင်ဒီအက်စ်အဆင့် လောက်အထိ ခရေဇီဖြစ်နေတာကို ပြောတာပါ။ ကျနော်တို့က ဘလော့ဂ်ရောဂါထစ(၀ါ) ဘလော့ဂ်ပိုးနဲ့ နေထိုင်ရပ်တည်နေကြသူတွေလို့ ရည်ညွှန်းမယ်ဆိုရင် ဒေါက်တာလွဏ်းက ဘလော့ဂ်ရောဂါသည်(၀ါ) ဘလော့ဂ်ဝေဒနာလူ ဖြစ်နေပြီပေါ့ဗျာ။ (“ဝေဒနာလူxxx အတွေးလေမှာနှင်xxx မသေခင်တုန်းxxx စွဲလန်းသွားပါရစေxxx လောကကြီးရယ်xxx ဝေဒနာကမ္ဘာကြီးအလယ်xxx ငြိမ်းချမ်းမယ့်နေရာxxx မမောတမ်းသွားမယ်xxx” ဟူသော ဘေးပတ်ဝန်းကျင်ဆီက နောက်ခံသီချင်းသံ သဲ့သဲ့ငြိမ့်ငြိမ့်လေး ပျံ့လွှင့်လာတာကြားရပါ၏။)
(ဂုရုဆန်) ဆရာ အချဉ်ပြ ကျွေးမွေး(အဲလေ)တင်ပြဆွေးနွေးသွားတာ သိပ်ကောင်းပါတယ်။ အကြမ်းရေခါးခါးလေးလည်း ပြောရင်း၊ ဆိုရင်းမြည်းကြပါဦးဗျာ။ ကျနော် အမြင်ကို ကဗျာဖွဲ့နွဲ့ရရင်…
“ဘလော့ဂ် ရောဂါ
စွဲငြိတာကား
ကုရာနတ္ထိ၊ ဆေးမရှိဘူး” လို့ တင်ပြချင်ပါတယ် ဆရာတို့။
(ဒေါက်တာသီ) မှန်ပေသပေါ့ဗျာ။ ဘလော့ဂ်ရောဂါ မှာလဲ အေအိုင်ဒီအက်စ်ရောဂါလိုပဲ ကုရာနတ္ထိ ဆေးမရှိပါဘူး။ ကျနော်အဆံးအစွန်အထိ အတိဿယ အလင်္ကာနဲ့ ဥပမာပေးရရင် အေအိုင်ဒီအက်စ် ရောဂါသာလျှင်- ကုထုံးဆေးဟာတွေ့ချင်တွေ့ပါလိမ့်မယ်။ ဟောဒီ ဘလော့ဂ်ရောဂါကဖြင့် ဘယ်လို၊ ဘယ်အချိန်၊ ဘယ်အခါမှာမှ ကုထုံးမရှိတဲ့ (သေရင်မြေကြီး၊ ရှင်ရင်ရွှေထီး) ဘ၀ရပ်တည်မှုကြီး ဖြစ်တာပေါ့ဗျာ။
(မန်းမျိုးမြင့်) “သေရင်သေxxx သေရင်မသာကြီးပါကွယ်xxx ရှင်ရင်လေxxx သရဲကိုတော့ မောင်မကြည့်ရဲတယ်xxx အဝေးစစ်မြေစခန်းxxx အခြောက်ကြီးနဲ့xxx လှမ်းလာခဲ့ရင်xxx”
(ဆရာဂါ) မန်းကြီးကတော့ ဆိုင်ကယ်လ်အသစ်နဲ့ မောင်ဘချစ်ဆိုတော့လည်း ပျော်နေမှာပေါ့ဗျာ။ ကိုင်း-ကိုင်း၊ ရောင်းရင်းတို့၊ ဘော်ဒါတို့ရေ၊ အကြမ်းရေကိုလည်း ဆက်သောက်၊ ဘလော့ဂ်တွေကိုလည်း ဆက်တည်ဆောက်ရင်း သာမှဝါးပျော်သော် (အဲဗျာ၊ ယောင်လို့) သာယာဝပြောသော လောကသစ်ကြီး(၀ါ) ဘယ်မှာရှိမှန်း သေချာမသိလို့ ဝေရာမဏိသိက္ခာပဒံ သမာဓိရာမိလို့ ဆိုနေရတဲ့ ၀န်းကျင်သစ်ကြီးဆီကို ကိုယုံကြည်ရာအတိုင်း ရိုးရိုးသားသား ဆက်မိုက်ကြတာပေါ့ဗျာ။
(အားလုံးတပြိုင်နက်) “ဘလော့ဂ်ရောဂါ
စွဲငြိတာကား
ကုရာနတ္ထိ၊ ဆေးမရှိဘူး” ဟား… ဟား… ဟား…။
အဲသည်နောက် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှ ထုတ်ဝေသော နိုက်တင်ဂေးလ်ဂျာနယ် ၀ိုင်းတော်သားများဖြစ်ကြသည့် အဆိုပါ ဘလော့ဂါတစ်သိုက်သည် ဒေါက်တာ စင်သီယာမောင်နှင့် ဒေါက်တာလွဏ်းဆွေတို့ အချိန်ပိုင်း အခြေစိုက်ရာ နိုက်တင်ဂေးလ်ဂျာနယ်တိုက်ရှိရာသို့ ထန်းရည်တိုက်ရန်(အဲလေ) အကြမ်းရေတိုက်ရန် ချီတက်သွားကြကုန်သတည်း။
ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)
မှတ်ချက်။ ။ မကြာမှီ ထုတ်ဝေဖြန့်ချီမည့် နိုက်တင်ဂေးလ်ဂျာနယ်တွင်လည်း ဤဆောင်းပါးကို ဖော်ပြမည်ဖြစ်ပါသည်။
(Public Health)

No comments:
Post a Comment