ကျနော်တို့  မြန်မာနိုင်ငံရေးခေတ်အဆက်ဆက်မှာ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုတွေရှိခဲ့ပါတယ်၊ ဒီလှုပ် ရှားမှုများနှင့်အတူ လူထုတေးသံတွေကနေ လူထုတိုက်ပွဲဝင်ကဗျာလေးတွေအဖြစ် သုံးကြောင်းကဗျာလေးတွေ ဟာ အပြိုင်းအရိုင်းဖူးပွင့်ဝေဆာခဲ့ပါတယ်။ လူထုရင်ကို ထိရှစေခဲ့သလို ကဗျာနေရာတခုကိုလည်းတည်ဆောက် နိုင်ခဲ့ကြပါတယ်။
ဒီစာတမ်းငယ်လေးကို တင်ပြခွင့်ရတဲ့အတွက် စာပေရဲဘော်အပေါင်းကို ကျေးဇူးတင်ပါတယ်။ စာအုပ်စာတမ်း မလုံလောက်တာရယ်၊ အချိန်မပေးနိုင်တာရယ်၊ပေးတဲ့အချိန်နဲ့  တပြေးညီဖြစ်အောင် ပြုစုခဲ့ရတဲ့အတွက်ကြောင့် အဖက်ဖက်က ပြည့်စုံတဲ့ စာတမ်းတစောင် အထောက်အထားပြုစရာ၊ကျမ်းကိုးစရာ၊ စာတမ်းငယ်တခုလို့  မမှတ်ယူစေလိုပါ၊ ခံစားဆင်ခြင်စရာ ကဗျာလေးတွေအဖြစ် လက်လှမ်းမီသမျှ တူးးဆွဖော်ထုတ် ခံစားစေလိုတဲ့ စေတနာ အကြောင်းရင်းကအဓိကပါ။
ကျနော်တို့  ပြောချင်တာက မြန်မာကဗျာဖွဲ့ ထုံးနဲ့ ကဗျာရေသောက်မြစ်။ ကဗျာရေစီးကြောင်း လူထုတေးသံတွေက ဆင်းသက်ခဲ့တယ်ဆိုတာကို ဖော်ညွှန်းလိုတာပါ။
ကိုလိုနီနယ်ချဲ့ ခေတ်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့  ကဗျာနဲ့  စတင်မိတ်ဆက်ပေးချင်ပါတယ်။ ဆရာကြီးက နယ်ချဲ့ ရဲ့  ဥပဒေအမျိုးမျိုးကို ဖိနှိပ်ကန့် သတ်မှုတွေကို ခုလို ပြင်းပြင်းထန်ထန် ဆန့် ကျင်ပြခဲ့ပါတယ်။
``ဥပဒေ နောက်ထပ်မတိုးလိုက်ပါနဲ့ 
တို့ တတွေ ကြောက်တတ်တဲ့အမျိုးပေမို့ 
သူ့ အမေရိုး…..´´
နယ်ချဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်။ ဖက်ဆစ်တော်လှန်ရေးဖြစ်ဖြစ်။ အာဏာရှင် တော်လှန်ရေးဖြစ်ဖြစ် တော်လှန်ရေးတရပ်ကို ဆရာမောင်သာရက အခုလို အဘိဓမ္မာ ဖွင့်ဆိုပါတယ်၊
တော်လှန်ရေး တဲ့။
``ဆူးစူး၍ပင်
အပ်နဲ့ ထွင်သည်
အသင် ဘာပြောချင်သနည်း၊….´´တော်လှန်ရေးဆိုတဲ့ကဗျာလေးပါ။
ဆရာကြီးဦးတင်မိုးရဲ့  ကျော်ကြားလှတဲ့။ အတွေးတွေ အများကြီးပေးတဲ့အဓိပ္မ်ါယ် အမျိုးမျိုး
ဖွင့်ဆိုကြတဲ့ ကဗျာလေးတပုဒ်ကို ခံစားစေလိုပါတယ်။
ကဗျာနာမည်က(ဧည့်သည်ကြီး)တဲ့။
``ဆေးလိပ်လည်းတို
နေလည်းညှိပြီ
ငါ့ကို အိမ်ပြန်ပို့ ပါလေ……´´
အဲဒီနောက်အရှေ့  အနောက် ပြင်းထန်တဲ့ တိုက်ပွဲကာလတွေမှာ လည်း မြန်မာကဗျာလောကကိုလည်း လက်ဝဲအယူအဆလွှမ်းမိုးခဲ့ပါတယ်။
အဖိနှိပ်ခံပြည်သူတွေဘက်က ရပ်တည်ဖွဲ့ သီခဲ့တဲ့ ကဗျာလေး နှစ်ပုဒ်နဲ့ ဆရာမောင်ယဉ်မွန်တို့  ဆရာအောင်ဇင်မင်းတို့ က ခေတ်ကို မီးမောင်းထိုးပြခဲ့ပါတယ်။
(သူခိုးဖမ်းပွဲ)
``သူခိုးဖမ်းပါ
လမ်းကြားမှာလား
ပန်ကာအောက်မှာ ထိုင်နေသည်၊၊´´
(တရားခံ)
``ခွေးသည်အိပ်ငိုက်
အိမ်စေရှိုက်သည်
လူကိုက်တာပဲ ဖြစ်မှာပါ။´´
စစ်အာဏာာရှင်စနစ်အောက်မှ မွန်းကျပ်ပိတ်လှောင်နေတဲ့ လူငယ်ကဗျာသမားတွေရဲ့  ပေါက်ကွဲမှု ရင်ခုန်သံစည်းချက်ကို ဆရာ ဖြိုးထိန်က ခုလိုတုန်ဟီးစေခဲ့ပါတယ်။
``ဖြိုးထိန်ဆိုတဲ့ကောင်ဟာ
ဆာလောင်ရင် လက်ဘက်ရည်သောက်လို့ 
ပေါက်ကွဲရင်ကဗျာရေးတယ်´´် တဲ့ ။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးကို စစ်တပ်က လက်နက်နဲ့  အကြမ်းဖက်ဖြိုခွင်းပြီး နိုင်ငံတော်ရဲ့  အာဏာာအရပ်ရပ်ကို သိမ်းပိုက်လုယက်ပြီးနောက်မှာ စစ်တပ်က အာဏာသိမ်းတယ်။ နိုင်ငံရေးပါတီတွေ ထူထောင်ကြတယ်။ ကျောင်းသားလူငယ်တွေ လက်နက်ကိုင်တော်လှန်ရေးကို ရွေးခြယ်ခဲ့ကြတယ်။ စစ်တပ်ကလည်းစစ်တပ်အရောက်။ ပြည်သူတွေ ကျောင်းသားတွေလည်း ပြည်သူတွေ ကျောင်းသားတွေအရောက် ကိုယ်ရွေးခြယ်တဲ့ လမ်းစဉ်။ မူ သဘောထားတွေနဲ့  ချီတက်လောက်လှမ်းခဲ့ကြတယ် မဟုတ်လား။
ဒီအခင်းအကျင်းကို ဆရာမောင်ဆေးရိုး (မုံရွာ) က ခုလိုခံစားကြည့်ပုံရပါတယ်၊
(လှေဆိပ)် တဲ့
``တင်တဲ့ကုန်
မြင်ရုံနဲ့ 
အစုန်လား အဆန်လား သိခဲ့ပြီ။´´
လက်ရှိကျနော်တို့ နိုင်ငံရဲ့  စီးပွားရေး ကျဆင်းနိမ့်ကျနေမှုတွေကိုတော့ ကဗျာဆရာ ကိုခင်မှိုင်း (ချောက်) က ခုလို မချိတင်ကဲ ရေးဖွဲ့ ခဲ့ပါတယ်။
(မိုးခေါင်ဈေး )လို့  အမည်ရပါတယ်။
``လာဘ်ကောင်ရှိလျက်
ငွေတွင်းနက်
ဇီးကွက်ရုပ်သည် မျက်နှာပျက်။´´ မိုးခေါင်ဈေးပါ။
ဒီတော်လှန်ရေးနယ်မြေဘက်က ရေးဖွဲ့ ကြတဲ့ သုံးကြောင်း ကဗျာလေးတွေထဲက မောင်လွမ်းဏီရဲ့  ကဗျာအချို့ ကိုလည်း ငှဝေချင်ပါတယ်။
ပြီးခဲ့တဲ့နှစ် ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်ပေါ်လာတဲ့အချိန် ငါးရောင်ခြယ်ဆိုတဲ့ ကဗျာနဲ့  သံဃာတော်တွေနဲ့ အတူ ချီတက်လျှောာက်လှမ်းခဲ့တဲ့ ကဗျာဆိုရင် မမှားပါဘူး၊
(ငါးရောင်ခြယ်)
`ပြည့်ဝမ်းမီးတောက်
သံဃာလျှောက်သည်
အံ့လောက်ပါသော တို့ တိုင်းပြည်။´´
မကြာပါဘူး၊ ကျနော်တို့ နိုင်ငံရဲ့ စပါးကျီလို့  တင်စားကြတဲ့ မြစ်ဝကျွန်းပေါ်ကို နာဂစ်မုန်တိုင်းကြီးက ရက်ရက်စက်စက် ဖြိုလှဲ ဖျက်စီးခဲ့ရပြီး ပြည်သူတွေဟာ မတ်ရပ်ကနေ သူတောင်းစားဘ၀ ချက်ချင်းကျရောက်ခဲ့ရပါတယ်။ ကယ်သူကူသူမဲ့နေတဲ့ ပြည်သူတွေရဲ့  ကျယ်လောင်တဲ့အသံတွေကို ပဲ့တင်ထပ်စေတဲ့ ကဗျာတပုဒ်ကို မောင်လွမ်းဏီ ကရေးဖွဲ့ ပြန်ပါတယ်၊
(ပဲ့တင်သံများ)ကဗျာပါ။
``ကယ်ပါကူပါ
တစာစာနဲ့ 
မြို့ ရွာပျက်က သေတမ်းစာ…။´´
ကဗျာဆရာမောင်လွမ်းဏီဟာ ကဗျာဆရာလည်းဖြစ်သလို ကျောင်းသားတပ်မတော် ရဲဘော်တဦးလည်း ဖြစ်ပါတယ်။ သူက သူချစ်မြတ်နိုးတဲ့ ကျောင်းသားတပ်မတော်ရဲ့ သမိုင်းကို သုံးကြောင်းထဲနဲ့  အနှစ်ချုပ်ပေးခဲ့ပါတယ်။ အနှစ် နှစ်ဆယ် တဲ့၊
``တော်လှန်ရေးသစ္စာာ
နိုဝင်ဘာ ၁
အနှစ် ၂၀ ။´´
ဆက်လက်ပြီး စာပေရဲဘော်တွေကို ဝေမျှလိုတဲ့ စာပိုဒ်လေးတွေကို တင်ပြ
ချင်ပါတယ်၊ ရုရှားစာရေးဆရာဇာဆလပ်စကီး ကို ဆရာမြသန်းတင့်က ကျနော် ဓါတ်ပုံဆရာ ဆိုတဲ့အမည်နဲ့  ဘာသာပြန်ဆိုခဲ့ပါတယ်။ အဲဒီဝတ္ထုလေးထဲက စာပိုဒ်လေးတွေပါ။
``ကျနော်. ပါရီ ဟူသော ဓာတ်ပုံစာအုပ်အကြောင်းကို ကျနော်ပြောနေခြင်းမှာ ကျနော် ဓာတ်ပုံဆရာဖြစ်ခဲ့ဖူးကြောင်းကို ပြောလိုခြင်းမဟုတ်ပါ။ ကျနော့်အကြောင်းကို ကျနော်ပြောလို ခြင်းလည်း မဟုတ်ပါ။လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ တုန်းက ကျနော်ရိုက်ခဲ့သည့် ဓာတ်ပုံများကို ပြန်
ကြည့်သည့်အခါတွင် ကျနော့်အသက်မွေးလုပ်ငန်းဖြစ်သော စာပေလုပ်ငန်းအကြောင်းကို တွေးမိ သောကြောင့် ဖြစ်ပါသည်၊ ကျနော့်ဓာတ်ပုံစာအုပ်ကလေးသည် မြင်ကွင်းအားဖြင့် ကျဉ်းပါ လိမ့်မည်၊ ပါရီတမြို့ လုံး ကို ရိုက်ထားခြင်းမဟုတ်ပါ။ထိုခေတ်က ကျနော်. ပါရီကို ရိုက်ပြခြင်းသာ ဖြစ်ပါသည်။ ပါရီမြို့ များစွာရှိပါသည်၊ စာရေးရသည်ထက် ခလုတ်ကလေး နှိပ်လိုက်ရသည်က ပို လွယ်ပါသည်။ထိုစဉ်က ကျနော်သည် မြင်မြင်သမျှကို ဓာတ်ပုံရိုက်နိုင်ပါသည်။ သို့ ရာတွင် ကျနော်သည် ကျနော်.အတွေးများနှင့် ခံစားချက်များကို ဖော်ပြသည့် ပုံများကိုသာ ရိုက်ခဲ့ခြင်း ဖြစ်ပါသည်။ ကျနော်သည် ကျနော့်အတွက် သူစိမ်းမဆန်သော မြို့ ကြီးကိုသာ ရိုက်ခဲ့ခြင်း ဖြစ်ပါသည်။တကယ့်ဘ၀ကို အစားထိုးပေးသည့် ကမ္ဘာလှည့်ခရီးသည်တဦး. အမြင်ဖြင့် ရိုက်ခဲ့ ခြင်းမဟုတ်ပါ၊ ကျနော်ဓာတ်ပုံရိုက်ခဲ့သော လမ်းများ။ ခုံတန်းများနှင့် လူများအားလုံးကို ကျနော် အလွတ်သိပါသည်။´´
ဇာဆလပ်စကီးက အာရင်ဘတ်. စာအုပ်သည် ပါရီကို ဖွင့်ပြသည် မှန်ပါ.၊ သို့ ရာတွင် အာရင်ဘတ်ကိုလည်း ဖွင့်လှစ်ပြသပေသည်။ အာရင်ဘတ်သည် နောက်ဖေးတလင်းပြင်များကို တော် တော် စိတ်ဝင်စားဟန်တူသည်ဟု ရေးခဲ့သည်။
ကျနော့်ဓာတ်ပုံများကိုကြည့်ပြီး အချို့ ပြင်သစ်မိတ်ဆွေများက ကျနော်သည် ဘက်လိုက် သည်ဟု ပြောပါသည်။ ကျနော်ကလည်း အခြားသော ပါရီကိုရိုက်ပြထားသည့် အတွေ့ အကြုံ ရှိသော ဓာတ်ပုံဆရာများ. စာအုပ်တွေ ရှိပြီးဖြစ်သည့်အတွက် အခြားဘက်တဖက်ကို ရိုက်ခြင်း ဖြစ်သည်ဟု ပြောရပါသည်၊
ဤနေရာတွင် ပြောခဲ့သည့်စကားများသည် ဓာတ်ပုံပညာနှင့်သာ သက်ဆိုင်သည် မဟုတ်။ စာပေနှင့်ပါ သက်ဆိုင်သည်ဟု ကျနော်ထင်ပါသည်၊ ပါရီတမြို့ တည်းနှင့်သာ သက်ဆိုင် သည်မဟုတ်။ အခြားသော မြို့ ကြီးများနှင့်လည်း သက်ဆိုင်သည်ဟု ကျနော်ထင်ပါသည်။ ကျနော့် အတွက်မူ ရှင်းနေပါသည်။ သို့ ရာတွင် ကျနော်သည် ရာစုနှစ် သက်တမ်းတ၀က်လောက် စာတွေ ရေးလာသည့်အခါတွင် ပါရီတုန်းက ဓာတ်ပုံဆရာဘ၀ကို ပြန် သတိရကာ ထိုစဉ်က ဝေဖန်ချက် များကို ကြားယောင်နေပါသည်၊
``ရဲဘော်….. ရဲဘော်ဟာ ဓာတ်ပုံရိုက်သင့်တဲ့အရာကို ရိုက်နေတာ မဟုတ်ဘူး၊ လက်ဝဲဘက်ကို လှည့်ကြည့်လိုက်စမ်းပါ၊ အကောင်းဆုံးအပြုံးကို ပြုံးထားတဲ့။ သင့်လျော်တဲ့ ကိုယ်ဟန်ပြမယ်ကို တွေ့ ပါလိမ့်မယ်…..´´
အားလုံးကိုကျေးဇူးတင်ပါတယ်။
(မဲဆောက်လူငယ်ကဗျာဆရာများမြန်မာသတင်းသမဂ္ဂညီလာခံ(ဘီအမ်စီ)ံတွင် ဖတ်-ကြားသော စာတမ်းငယ်)
မှတ်ချက်။ ။
ဤစာတမ်းငယ်ကို ၂၃၊၂၊၂၀၀၉ နေ့ က(ဘီအမ်စီ)ညီလာခံအတွင်းကဗျာဆရာ
မောင်လွမ်းဏီမှစာတမ်းပါအချက်အလက်များကိုတင်ပြပြောဆို၍မြန်မာပြည်သားစာ
စောင်နှင့်ဘလော့ဂ်မှအယ်ဒီတာဖြစ်သူ-ဆန်တာကလေှာ့စ်မှစာတမ်းပါကဗျာများကို
ရွတ်ဆိုဂုဏ်ပြုခဲ့ပါသည်။
+++အမျိုးသားလွတ်မြောက်ရေးကာလများမှသုံးကြောင်းကဗျာများ ဖြတ်သန်းမှု

No comments:
Post a Comment