ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ် ၄၄ ကီလိုမီတာကျေးရွာရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တည်ထောင်ထားတဲ့ “ဒို့မိတ်ဆွေ” မူလတန်းကျောင်းအား ဒီကနေ့မနက် ၁၀ နာရီခန့်က ဒေသခံ ထိုင်းနယ် ခြားစောင့် စစ်တပ်မှ မီးရှို့ဖျက်ဆီးသွားကြောင်းသတင်းရရှိပါတယ်။ အဆိုပါဖျက်ဆီးမှုမှာ ကျောင်း အသုံးအ ဆောင်ပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကားချပ်နဲ့ ကျောင်းဆောင်သစ်တိုးချဲ့ဖို့ သိမ်းထားတဲ့ သက်ကယ်များကိုလည်း မီးရှို့သွားကြောင်းသိရပါတယ်။
ဒီလိုဖျက်ဆီးရာမှာ ကျောင်းပိတ်ရက်ဖြစ်တာမို့ ကျောင်းသားနဲ့ ကျောင်းသားမိဘတစုံတယောက်မှ ထိခိုက်မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျောင်းက စာသင်ခုံတွေ၊ ဓါတ်ပုံနဲ့ နံရံကပ်ပိုစတာတွေကိုတော့ ရိုက်ချိုးဖျက်ဆီးသွားပါတယ်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ယခု မီးရှို့ခံရသောကျောင်းအနီးက ၀ါးတောရပ်ကွက်မှ မြန်မာအလုပ် သမား ၂၀၀ ကျော် နေထိုင်တဲ့ တဲအိမ် ၈၀ ခန့် ကိုယ့်တဲအိမ်ကိုယ်ဖျက်ပြီး ထွက်ပြေးခဲ့ရပါတယ်။
ယခုလ ၂၂ ရက်နေ့က ၀ါးတောနှင့် ငှက်ပျောတောရပ်ကွက်က တဲအိမ် ၂ လုံးကိုလည်း ထိုင်းနယ်ခြားစောင့်စစ် တပ်တွေကပဲ မီးဝင်ရှို့ခဲ့ပါသေးတယ်။
အဆိုပါ အခင်းဖြစ်ပွားနေတဲ့ မဲဆောက်မြို့နဲ့ ၄၄ကီလိုမီတာဝေးတဲ့ ဖုတ်ဖရမြို့နယ် ပတ်ဝန်းကျင်က မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေနေထိုင်ပြီး ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေပဲဖြစ်ပါတယ်။ ဒီနေ ရာတွေကို ထိုင်း နယ်ခြားစောင့်တပ်တွေက မြန်မာအလုပ်သမားတွေကို ဆက်လက်နေထိုင်ခွင့် မပေးတော့ပဲ မောင်း ထုတ်ထားတဲ့ နယ်မြေတွေဖြစ်ပါတယ်။
အထူးသဖြင့် ထိုင်းအလုပ်သမားတွေ မလုပ်ချင်တဲ့ခက်ခဲကြမ်းတမ်းတဲ့အလုပ်၊ ညစ်ပတ်တဲ့အလုပ်၊ အန္တရာယ်ရှိတဲ့အလုပ်တွေထဲက စိုက်ပျိုးရေးနဲ့ မွေးမြူရေးအလုပ်တွေကို ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ ဒေသအလိုက် တနေ့လုပ်အားခ ၁၅၁ ဘတ်မရရှိဘဲနဲ့ (၅၀- ၆၀- ၇၀- ၈၀-) စသည်ဖြင့် မြန်မာအလုပ်သမားတွေ လုပ်ကိုင်နေရတဲ့ဒေသဖြစ်ပါတယ်။ ၄၄ ကီလိုမီတာကျေးရွာ တရွာထဲမှာပင် မြန်မာအလုပ်သမား ၁၀၀၀၀ လောက်ရှိပြီး ဖုတ်ဖရားမြို့နယ်တခုလုံးမှာတော့ မြန်မာအလုပ်သမား ၇၀၀၀၀ လောက်ရှိကြောင်း၊ ၈၃ ကီလိုမီတာကျေးရွာနဲ့ ပခါးမိုင်ကျေးရွာ နှစ်ရွာထဲမှာပဲ တနေ့လုပ်အားခ ၁၀၀ ဘတ်ရရှိကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီက သုံးသပ်ဖော်ပြထားပါတယ်။
(မြန်မာပြည်သား)
(၂၈ မတ်လ ၂၀၀၉)

No comments:
Post a Comment