တဂိုးထဲနဲ့ ကပ်ရှုံးအောင်
ဘ၀များကိုဖန်ဆင်းခဲ့တာတော့ဖြစ်နိုင်မယ်မထင်ဘူး။
ဆင်ဆာဖြတ်ခံထားရတဲ့သင်္ကြန်စာကို
ယုံယုံကြည်ကြည်မဖတ်ဖြစ်တာကြာပြီ။
မျှော်လင့်ချက်တွေရှင်သန်ဖို့ 
ဗေဒင်နဲ့ဓာတ်ရိုက်ဓာတ်ဆင်လုပ်တာထက်
မကောင်းဆိုးဝါးတွေကိုစိတ်ရှိလက်ရှိရိုက်လိုက်ချင်ပြီ။
အဆိုးအမှားတွေကပန်း၊ဆီမီးများနဲ့ 
ဘုရားကိုလာဘ်ထိုးနေကြပြီလား??
သိကြားမင်းရဲ့ ခွေးရပိုက်မှာမကောင်းမှုတွေမင်နီဝိုင်းတော့
အတ္တမက်ဖောက်ပြန်တဲ့အသိုင်းအ၀ိုင်းက
နှစ်စဉ်နှစ်တိုင်းထိပ်ပိုင်းမှာအရှက်မဲ့ဗိုလ်စွဲနေစဲ။
နှစ်ဟောင်းရဲ့ စိတ်အညစ်အကြေးတွေကို
စစ်ဆေးဆေးကြောပစ်ဖို့  မေ့လျော့နေကြတယ်။
တနှစ်မှတခေါက်ပေါ်လာတတ်တဲ့သိကြားမင်းကို
ဗီဇာရမှပေါ်လာတဲ့ဂမ်ဘာရီလိုမဖြစ်စေချင်ဘူး။
ဗယုတ်ဗယက်သရုပ်ပျက်တွေကိုယ်တိုင်က
မိမိမှလွဲ၍ဘယ်သူမှသရုပ်မပျက်ရလို့ 
ဥပဒေတွေထုတ်ထားတဲ့ခေတ်ကာလ
အနက်ရောင်တိမ်မဲတိမ်တိုက်တွေ
ကောင်းကင်မှာအုတ်စုလိုက်ဗိုလ်ကျတော့
သင်္ကြန်မိုးများပြေးထွက်လာမဲ့ပုံက
ဒုက္ခသည်တွေနယ်စပ်ထွက်ပြေးလာသလိုပါပဲ။
အတွေးတောင်စဉ်တောင်တန်းများရဲ့ 
စိမ်းစိမ်းလန်းလန်းသစ်ပင်တွေထဲ
ပူလောင်ပြင်းပြတဲ့နွေစစ်စစ်နေ့ များမှာ
ငြိမ်းချမ်းရေးပိတောက်ပန်းကိုအမောတကောဖွေရှာကြည့်
အမေ့အိမ်ကိုတယောက်ထဲနာကျင်စွာလွမ်းနေမိတယ်။
မျက်နှာမလွှဲခင်ကခဲနဲ့ ပစ်ခံရပုံက
သင်္ကြန်မှာရေပူဖောင်းအပေါက်ခံရတာထက်ဆိုးတယ်။
ဖောင်မစီးပဲနာဂစ်ဘ၀တွေရေငတ်နေတယ်။
အချိန်တွေပေါင်းချုပ်ထားတဲ့အနှစ်နှစ်ဆယ်ဆိုပေမဲ့
အကြိမ်ကြိမ်ဇာတ်ပေါင်းမထုပ်ရလဲအချစ်ပြယ်ပြီမထင်ပါနဲ့ 
နှလုံးသွေးနဲ့ ရေးသားခဲ့တဲ့စွဲလမ်းတမ်းတစဲစိတ်
အသည်းကျွမ်းလှတဲ့အတိတ်
သင်္ကြန်မိုးတွေတိတ်ခဲ့တာကြာပြီ...။....။
ပေးပို့ သူ…..အောင်ခိုင်မြင့်

No comments:
Post a Comment