လင်းဆေးလိုဟန်က သူမ၏ ငယ်ဘ၀Heroမှာ ဘရစ်တနီစပီးယားသာဖြစ်ကြောင်း ပြောဆိုလိုက်သည်။ သူမအနေနှင့် ဆယ်ကျော်သက်ဘ၀က ဘရစ်တနီလို ဖြစ်ချင်သည့်စိတ် အမြဲရှိနေခဲ့ကြောင်း လင်းဆေးကဆိုသည်။ ယခုအချိန်တွင် အသက်(၂၇)နှစ်ရှိပြီဖြစ်သော ဂရမ်မီဆုရှင် Popဂီတကြယ်ပွင့် ဘရစ်တနီသည် ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံး အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေဆဲဖြစ်သည်။
ရုပ်ရှင်နှင့် ဂီတနယ်ပယ်များတွင် အောင်မြင်မှုများ ရရှိနေသော အသက်(၂၂)နှစ်အရွယ် လင်းဆေးက “ကျွန်မရဲ့အသက် (၁၃)နှစ်အရွယ်မှာ ဘရစ်တနီကို စပြီးအားပေးခဲ့တာပါ။ သူ့ကိုကျွန်မ အရူးအမူးသဘောကျတာပေါ့။ ဘရစ်တနီနောက်ကို ပါပါရာဇီတွေ သည်းသည်းလှုပ် လိုက်နေကြတဲ့သတင်းတွေကြားရင် အဲဒီလိုမျိုး ငါလဲဖြစ်ချင်လိုက်တာလို့ တွေးခဲ့မိတယ်။ အဲဒီလို အောင်မြင်မှုမျိုးက တော်တော်အရသာရှိမယ်လို့ ကျွန်မငယ်ငယ်တုန်းက ထင်ခဲ့တာပေါ့”ဟု လင်းဆေးက ပြောဆိုခဲ့သည်။ ဆမန်သာရွန်ဆန်နှင့် အမျိုးသမီးချင်း ချစ်ကြိုက်ခဲ့ပြီး မကြာသေးမီကမှ လမ်းခွဲခဲ့သော လင်းဆေးက သူမအနေနှင့် အမေရိကန်မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ ပြောင်းရွှေ့နေထိုင်ဖွယ်ရှိကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ “ကျွန်မသူငယ်ချင်းတစ်ယောက် ချယ်လ်ဆီးမှာရှိပါတယ်။ သူက သူနဲ့နီးနီးနားနား လာနေဖို့ ဖိတ်ထားပြီး ကျွန်မလည်း စိတ်ဝင်စားပါတယ်။ ကျွန်မကတော့ နယူးယော့ခ်ထက် လန်ဒန်ကနေလို့ပိုကောင်းမယ်လို့ မျှော်လင့်ထားပါတယ်”ဟု Online Gossip၀က်ဘ်ဆိုက်တစ်ခုဖြစ်သော CelebritySpyသို့ ပြောကြားသွားသည်။
Source: showbizspy
***မိုက်ကယ်ဂျက်ဆင်၏ကား လူနာတင်ယာဉ်ကိုဝင်တိုက်ခဲ့ဟုဆို …….
မိုက်ကယ်ဂျက်ဆင်၏ မော်တော်ကားသည် လူနာတင်ယာဉ်တစ်စင်းအား ၀င်တိုက်မိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဧပြီလ (၂၂)ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ ဘီဗယ်လီဟေးလ်တွင် ၎င်းမောင်းနှင်လာသော လူနာတင်ယာဉ်အား အသက်(၅၀)အရွယ် Popဂီတ အဆိုတော်၏ကားက တည့်တည့်ဝင်တိုက်သွားကြောင်း အရေးပေါ်ဝန်ဆောင်မှု ပညာရှင်တစ်ဦးဖြစ်သည့် ဂျမင်မော်ရိုးက ထုတ်ဖော်ပြောဆိုခဲ့သည်။
အနက်ရောင် Escalade SUVပြိုင်ကားတစ်စင်းက ၀င်တိုက်သွားသဖြင့် လူနာတင်ယာဉ်၏ နောက်ကြည့်မှန်နှင့် ဘေးဘက်တစ်ခြမ်း ပျက်စီးသွားခဲ့ကြောင်း၊ ကားဒရိုင်ဗာမှာ ဆင်းပြေးပြီး အနီးရှိ အဆောက်အအုံတစ်ခုအတွင်း ၀င်ရောက်သွားကြောင်း၊ ထို့နောက် ဒရိုင်ဗာနှင့်အတူ မိုက်ကယ်ဂျက်ဆင်၊ မိုက်ကယ်ဂျက်ဆင်၏ သက်တော်စောင့်ဟု ယူဆရသူတစ်ဦးတို့ အတူတကွ ပြန်ဆင်းလာပြီး ၀ိုင်းအုံကြည့်ရှုသူများ အလွန်များမလာခင် မောင်းနှင်ထွက်ခွာသွားကြောင်း မော်ရိုးက ရှင်းပြခဲ့သည်။ ဘီဗယ်လီဟေးလ်ရှိ ၀ီလ်ရှိုင်းယားဘူလီဗတ် မြောက်ပိုင်းတွင် ယာဉ်တိုက်ပြီး မောင်းနှင်ထွက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု တစုံတရာမရှိကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် အနက်ရောင်Escalade SUV မော်တော်ယာဉ်တစ်စင်းသည် ရပ်နားထားသော မော်တော်ယာဉ်တစ်စင်းကို ၀င်တိုက်မိပြီး ထွက်ခွာသွားသဖြင့် အတိုက်ခံရသည့် မော်တော်ကားတွင် ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ကြောင်း ရဲဌာနက ဖြည့်စွက်ပြောကြားခဲ့သော်လည်း အခြားအသေးစိတ် အချက်အလက်များကို အတည်ပြုချက်ပေးရန် ငြင်းဆန်ခဲ့သည်။
Source: nbclosangeles
***ကလေးမွေးစားမည့် မက်ဒေါနား၏လျှောက်ထားမှု ထပ်မံကြားနာမည် ….
မော်လ၀ီနိုင်ငံမှ ကလေးငယ်တစ်ဦးကို မွေးစားလိုသော ဆန္ဒပြင်းပြနေသည့် မက်ဒေါနားအား ဒုတိယအကြိမ် အခွင့်အရေးပေးသည့်အနေနှင့် သူမ၏ လျှောက်ထားမှုကို မေလ(၄)ရက်နေ့တွင် လက်ခံကြားနာမည်ဟု မော်လ၀ီတရားရုံးက ဧပြီလ (၂၀)ရက်နေ့က ကြေညာလိုက်သည်။ ထို့ကြောင့် အသက်(၃)နှစ်အရွယ် မိန်းကလေး မာစီဂျိမ်းစ် (မော်လ၀ီအမည်ရင်း ချီဖူဒို)အား မွေးစားလိုသည့် မက်ဒေါနားအတွက် ၀မ်းမြောက်စရာ သတင်းကောင်း ဖြစ်ခဲ့ရသည်။ မော်လ၀ီ ဗဟိုတရားရုံးတော်က ကလေးငယ်၏ ရှေ့ရေးကို ငဲ့ညှာသောအားဖြင့် ယခုလျှောက်ထားမှုအား အသစ်ပြန်လည် စဉ်းစားပေးခဲ့ကြောင်း တရားရုံးတော် မှတ်တမ်းထိန်းသိမ်းရေး အရာရှိ ဂျိုးဆက်ချီဂိုနာက ထုတ်ဖော်ပြောဆိုခဲ့သည်။
အသက်(၅၀)အရွယ် Popဂီတ ကြယ်ပွင့် မက်ဒေါနားက မာစီဂျိမ်းစ်အား မွေးစားရန် မျှော်လင့်နေဆဲဖြစ်ကြောင်း မကြာသေးမီကမှ ထုတ်ဖော်ပြောဆိုထားသည်။ မော်လ၀ီနိုင်ငံမှ ကလေးတစ်ဦးဖြစ်သည့် သားငယ်ဒေးဗစ်ကို မွေးစားထားသည့် မက်ဒေါနားအနေနှင့် အခွင့်အရေး ရှိလိမ့်မည်ဟု ယုံကြည်ကြောင်း မက်ဒေါနား၏ မော်လ၀ီရှေ့နေ အလန်ချီနူလာကဆိုသည်။ အောက်ရုံးက မက်ဒေါနားအဆိုတင်သွင်းမှုကို လက်ခံပြီး အထက်ရုံးက အတည်ပြုပေးရန် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဟု ချီနူလာက ပြောကြားခဲ့သည်။ ပြီးခဲ့သောလက မက်ဒေါနား၏ လျှောက်ထားမှုကို မွေးစားလိုသည့် မိဘအနေနှင့် မော်လ၀ီနိုင်ငံတွင် သတ်မှတ်ထားသော အတိုင်းအတာကာလ တစ်ခုတိုင်အောင် နေထိုင်ဖူးရမည်ဆိုသော စည်းမျဉ်းနှင့် ကိုက်ညီမှုမရှိဟုဆိုကာ အောက်ရုံးက ပယ်ချခဲ့သည်။
Source: AP
***Freddie Mac ငွေကြေးစီမံခန့်ခွဲမှု အကြီးအကဲ မိမိကိုယ်ကိုယ် အဆုံးစီရင်သွား ....
အမေရိကန်နိုင်ငံရှိ Freddie Macကော်ပိုရေးရှင်း လုပ်ငန်းစုကြီး၏ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေး အကြီးအကဲ ဒေးဗစ်ကာလာမန်းသည် မိမိကိုယ်ကိုယ် သတ်သေသွားသည်ဟု ယူဆရသော အခြေအနေမျိုးဖြင့် သေဆုံးနေကြောင်း ရဲများက ပြောကြားခဲ့သည်။ ဖဲဖက်စ်ခရိုက် ရဲဌာနသည် ဧပြီလ(၂၂)ရက်နေ့ နံနက် (၄း၄၈)နာရီတွင် အရေးပေါ် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိပြီးနောက် ကာလာမန်း၏ ဗာဂျီးနီးယား
နေအိမ်သို့ ချက်ချင်းသွားရောက်ခဲ့သော်လည်း ၎င်း၏အသက်ကို ကယ်တင်နိုင်ခြင်း မရှိခဲ့ပေ။
ကာလာမန်း၏အလောင်းကို နေအိမ်မြေအောက်ခန်းတွင် တွေ့ရှိခဲ့ကြောင်း ရဲများက ထုတ်ဖော်ပြောဆိုသွားသည်။ အသက်(၄၁)နှစ်ရှိ ကာလာမန်းတွင် ဇနီးသည်ဒွန်နာနှင့် (၅)နှစ်အရွယ် သမီးလေး ဂရေ့စ်တို့ ကျန်ရစ်ခဲ့ကြောင်း Freddie Macကုမ္ပဏီက ကြေညာသည်။ ကာလာမန်းအနေနှင့် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ကုမ္ပဏီတွင် ငွေကြေးဆုံးရှုံးမှု အရှုပ်အထွေးများပေါ်ပေါက်လာမှုကို မဖြေရှင်းနိုင်သဖြင့် သေကြောင်းကြံခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲများက သုံးသပ်ထားသည်။
ကာလာမန်းနေထိုင်သော ဟန်းတားမေးလ်အိမ်ရာမှ အိမ်နီးချင်းတစ်ဦးဖြစ်သူ ပေါလ်အူလ်ဂါက “ဒီလူက တကယ့်လူတော်တစ်ယောက်ပါ။ မိသားစုကိုလည်းကြင်နာပြီး လူချစ်လူခင်လည်း ပေါတယ်။ သူဒီလိုလမ်းကို ရွေးလိုက်မယ်လို့ လုံးဝမထင်မိဘူး”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ Freddie Macသည် အကြွေးစာချုပ်များ အရောင်းအ၀ယ်ပြုလုပ်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး လက်တလောကာလတွင် စီးပွားပျက်ကပ်မှုဒဏ်ကို ခံနေရသည့် လုပ်ငန်းကြီးလည်းဖြစ်သည်။ ယမန်နှစ်အတွင်း Freddie Macသည် အမေရိကန်ဒေါ်လာ (၅၅၀)ဘီလျံထိ ဆုံးရှုံးခဲ့ပြီး အမေရိကန်အစိုးရက ကုမ္ပဏီသို့ ဒေါ်လာ(၄၅)ဘီလျံမျှ ထောက်ပံ့ကြေး ပေးထားရကြောင်း သတင်းရရှိသည်။
Source: nzherald
***Hannah Montana ဇာတ်ကားအတွက် မိုင်လီဆိုင်းရပ်စ် ပရိုမိုးရှင်ပြုလုပ် ....
Hannah Montana: The Movieဇာတ်ကားအတွက် ပရိုးမိုးရှင်းပြုလုပ်ရန် ဥရောပဒေသသို့ ရောက်ရှိနေသော မင်းသမီးလေး မိုင်လီဆိုင်းရပ်စ်သည် ဧပြီလ (၂၃)ရက်နေ့က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသည့် ရုပ်ရှင်အထူးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အသက်(၁၆)နှစ်ရှိ မင်းသမီးလေးသည် ဖခင်ဘီလီရေးဆိုင်းရပ်စ်နှင့်အတူ လန်ဒန်မြို့၊ လီဆက်စတာရင်ပြင်တွင် ကျင်းပသည့် ပွဲသို့တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ပရိသတ်များက သူမအား ပျော်ရွှင်စွာ အော်ဟစ်နှုတ်ဆက်ခဲ့ကြသလို မင်းသမီးလေးကလည်း အမှတ်တရ လက်မှတ်ထိုးပေးပြီး ပရိသတ်ကို ရင်းနှီးစွာ နှုတ်ဆက်ခဲ့သည်။
အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ် နာမည်ကျော်နေသော မိုင်လီသည် ထိုညက တောက်ပသော ကိုယ်ကျပ်ဝတ်စုံ စကက်တိုနှင့် အလွန်လှပနေကြောင်း ပရိသတ်များက ချီးကျူးခဲ့ကြသည်။ ထိုနေ့ပွဲသို့ မိုင်လီ၏ အသက်(၂၀)အရွယ် ချစ်သူဂျက်စတင်ဂက်စတန် လိုက်ပါလာခြင်းမရှိဘဲ သားအဖနှစ်ဦးသာ ပရိသတ်ရှေ့ ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုနေ့ပွဲသို့ ကမ္ဘာကျော်ဆယ်ကျော်သက် Celebrityများဖြစ်သော ပစ်ဆီဂဲလ်ဒေါ့ဖ်၊ ဂျော့ဂ်ျဆင်ဆမ်တို့ တက်ရောက်ခဲ့သလို ဗြိတိန်နိုင်ငံမှ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်များလည်း လာရောက်ခဲ့သည်။ Hannah Montanaသည် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတစ်ခုအနေနှင့် အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးရာတွင်လည်း ပရိသတ်အားပေးမှုကို ရရှိခဲ့ကြောင်း သိရှိရသည်။
Source: MailOnSunday
***အသစ်တစ်ယောက်နှင့်တွဲနေသည့် ရီဟန်နာ ....
ရီဟန်နာတစ်ယောက် အမေရိကန်နာမည်ကျော် ဘတ်စကတ်ဘော ကစားသမားတစ်ဦးနှင့် စုံတွဲခုတ်နေကြောင်း သိရသည်။ Umberellaအဆိုတော်သည် သူမ၏ ချစ်သူခရစ်ဘရောင်းနှင့် လမ်းခွဲခဲ့ပြီးဖြစ်ကြောင်း သူမ၏ မိတ်ဆွေများက Gossip၀က်ဘ်ဆိုက်တစ်ခုဖြစ်သည့် X17onlineသို့ ပြောကြားခဲ့ပြီး မကြာမီမှာပင် သူမက အတွဲသစ်နှင့် လူမြင်ကွင်းရှေ့ ထွက်လာခဲ့ခြင်းဖြစ်သည်။ ဘီဗီလီဟေးလ်စ်ရှိ စတိခ်ဟောက်စ်တွင် ရီဟန်နာအား နယူးယော့ခ်လိတ်ကားစ်အသင်း ဘတ်စကတ်ဘောသမား အင်ဒရူးဘိုင်နန်နှင့် တွဲလျက်သား တွေ့မြင်ရကြောင်း မျက်မြင်များကဆိုသည်။
၎င်းတို့၏အဆိုအရ ရီဟန်နာတို့စုံတွဲသည် ကားတစ်စီးထဲတွင် အတူတကွ ပူးပူးကပ်ကပ် လိုက်ပါလာပြီး တစ်ဦးကိုတစ်ဦး အလွန်ယုယနေကြောင်း သိရသည်။ ယခုဖြစ်ရပ်သည် အသက်(၂၁)နှစ်အရွယ် ရီဟန်နာအတွက် ခရစ်ဘရောင်းနှင့် လမ်းခွဲပြီးနောက်ပိုင်း ယောက်ျားတစ်ဦးနှင့် ပထမဆုံးအကြိမ် လူမြင်သူမြင် တွဲသွားတွဲလာ ပြုလုပ်မှုလည်းဖြစ်သည်။ ခရစ်ဘရောင်းသည် ရီဟန်နာအား ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့မှုအတွက် တရားခွင်တွင် အစစ်ဆေးခံရမှုသောအခါ ၎င်းတွင်အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သဖြင့် ရီဟန်နာ၏ မိသားစုက အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာလည်း ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ ဘရောင်း၏ မိတ်ဆွေများက ဘရောင်းနှင့် ရီဟန်နာတို့သည် သံယောဇဉ် မကုန်ကြသေးကြောင်း ပြောကြားခဲ့သော်လည်း ရီဟန်နာ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ထွက်ပေါ်နေသော သတင်းများအတွက် မှတ်ချက်မပေးလိုကြောင်း ပြောဆိုသွားသည်။
Source: 2DayFM
***မူလဂျူဗင်တပ်စ်အသင်းသို့ ကန်နာဗာရိုး ပြန်လည်ရောက်ရှိဘွယ်ရှိ...
ဂျူဗင်တပ်စ်အသင်းသို့ ဖေဘီယို ကန်နဗာရိုး ပြန်လည်ပြောင်းရွှေ့လာဖွယ်ရှိသည်ဆိုသော သတင်းများနှင့်စပ်လျဉ်းပြီး အမှန်တကယ် ဖြစ်လာနိုင်ကြောင်း ဂျူဗင်းတပ်စ်နည်းပြကြီး ကလော်ဒီယို ရာနေးရာရီက ထုတ်ဖော်ပြောဆိုသွားသည်။ အသက်(၃၅)နှစ်အရွယ် အီတလီလက်ရွေးစင် အသင်းခေါင်းဆောင် ဗဟိုနောက်ခံလူသည် ဂျူဗင်တပ်စ်အသင်းတွင် (၂)နှစ်ကြာ ကစားခဲ့ပြီးနောက်
စီးရီးအေ လုပ်ပွဲအရှုပ်တော်ပုံများ ပေါ်ပေါက်လာပြီး ဂျူဗင်တပ်စ်အသင်း စီးရီးဘီသို့ တန်းဆင်းခဲ့ရသည့် (၂၀၀၆)ခုနှစ်တွင် စပိန်လာလီဂါ ထိပ်တန်းအသင်း ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ ရီးယဲလ်တွင် ကစားနေစဉ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သော်လည်း နောက်ပိုင်းတွင်မူ အသက်အရွယ်ကြောင့် ကစားအားကျဆင်းလာသော ကန်နဗာရိုးတစ်ယောက် စပိန်မြေတွင် အပြင်းအထန် ရုန်းကန်နေရသည်။ ထို့နောက်တွင်မူ ၎င်း၏ဇာတိဖြစ်သော နေပယ်လ်မြို့ခံကလပ် နာပိုလီသို့ ပြန်လည်ပြောင်းရွှေ့ရန် ပြင်ဆင်ခဲ့သော်လည်း နာပိုလီအသင်းပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်တီစ်က ကန်နဗာရိုး၏ အသက်အရွယ်ကြောင့်ပင် ခေါ်ယူရန် ငြင်းဆန်ခဲ့ပြန်သည်။ ယခုအခါတွင်မူ ကန်နဗာရိုးအနေနှင့် အီတလီစီးရီးအေ၏ ထိပ်တန်းအသင်းတစ်သင်းဖြစ်သည့် အသင်းဟောင်း ဂျူဗင်တပ်စ်သို့ ပြန်လည်ပြောင်းရွှေ့ရန် အလွန်နီးစပ်နေပြီဖြစ်သည်။ ကန်နဗာရိုး၏ အေးဂျင့်က ၎င်း၏ကစားသမားအနေနှင့် ဂျူဗင်တပ်စ်တွင် လုပ်ခလစာ လျှော့ယူရမည်ဆိုလျင်ပင် ကျေကျေနပ်နပ် ကစားပေးလိုကြောင်း ပြောဆိုထားပြီး ယခုအခါ နည်းပြရာနေးရာရီကိုယ်တိုင်ကပါ ကင်နဗာရိုး ပြန်လည်ပြောင်းရွှေ့လာနိုင်ကြောင်း ပြောဆိုခဲ့သဖြင့် ၎င်း၏ပြည်တော်ပြန်ခရီးမှာ အမှန်တကယ် ဖြစ်လာဖွယ်ရှိနေသည်။ သို့သော်လည်း ကန်နဗာရိုး ဂျူဗင်တပ်စ်အား ကျောခိုင်းထွက်ခွာသွားမှုသည် အသင်းအပေါ် သစ္စာဖောက်မှုအဖြစ် ရှုမြင်ထားသော ပရိသတ်၏ မုန်းတီးမှုနှင့်မူ ၎င်းအနေနှင့် ရင်ဆိုင်သွားရဖွယ်ရှိကြောင်း အီတလီမီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြသည်။
Source: FoxSports
***သမ္မတအိုဘားမားထက် ပိုမိုစိတ်ဝင်စားခံရသည့် အမျိုးသမီး....
ယခုတလော YouTube၀က်ဘ်ဆိုက်၏ နာမည်အကြီးဆုံး၊ လူကြည့်အခံရဆုံးသူမှာ ဆူဇန်ဘွိုင်းလ်ဆိုသော အမျိုးသမီးတစ်ဦး ဖြစ်နေကြောင်း သိရသည်။ သူမသည် သီချင်းဗီဒီယိုတစ်ပုဒ်ကို YouTubeတွင် Uploadတင်ထားရာ သူမ၏ ဗီဒီယိုအား အကြိမ်သန်း(၁၀၀)ကျော်ထိ ၀င်ရောက်ကြည့်ရှုနေကြကြောင်း YouTubeက ကြေညာခဲ့သည်။ ထို့ကြောင့် ဆူဇန်သည် YouTubeတွင် အမေရိကန်သမ္မတ အိုဘားမားထက်ပင် လွှမ်းမိုးမှု အားကောင်းနေသည်ဟု ဆိုနိုင်သည်။ အိုဘားမား၏ ကျမ်းကျိန်ပွဲ အခမ်းအနား ဗီဒီယိုကို ၀င်ရောက်ကြည့်ရှုသူဦးရေသည် (၁၈.၅)သန်းကျော်မျှသာ ရှိခဲ့သောကြောင့် ဆူဇန်က (၅)ဆမျှ အသာရနေသည်။
လက်ရှိအချိန်တွင် YouTube၏ လူကြည့်အများဆုံး ဗီဒီယိုအဖြစ် မှတ်တမ်းတင်ခံထားရသည်မှာ (၂၀၀၆)ခုနှစ်က Uploadတင်ခဲ့သော ဂျတ်ဆန်လစ်ပလီ၏ Evolution of Danceဖြစ်ပြီး ၀င်ရောက်ကြည့်ရှုမှု အကြိမ် (၁၁၈)သန်းကျော်ရှိသည်။ ဆူဇန်၏ ဗီဒီယိုသည် Onlineပေါ်ရောက်ပြီး တစ်ပါတ်အတွင်း ၀င်ရောက်ကြည့်ရှုသူဦးရေ (၈၅.၂)သန်းထိ ထိုးတက်ခဲ့ကြောင်းလည်း သိရသည်။ ဆူဇန်၏ ဗီဒီယိုအတွင်း သူမအနေနှင့် Cry Me A Riverဆိုသော တေးသီချင်း အယ်လ်ဘမ်တစ်ပုဒ် ထွက်ရှိမည့် အစီအစဉ်အကြောင်း အင်တာဗျူးကိုလည်း ထည့်သွင်းဖော်ပြထားပြီး သူမအနေနှင့် ပထမဆုံး အယ်လ်ဘမ်အတွက် စတင်အသံသွင်းနေပြီဟု ပြောကြားထားသည်။ အသက်(၄၇)နှစ်ရှိ စကော့အမျိုးသမီး ဆူဇန်က Starမဂ္ဂဇင်းသို့ အယ်လ်ဘမ်မထွက်ခင်မှာပင် ပရိသတ်များ၏ စိတ်ဝင်စားမှုကို ရရှိနေခြင်းအတွက် ပြောမပြတတ်အောင် ကျေနပ်မိကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။
Source: DailyMail
*** ၂၀၀၉ အမေရိကန်မယ်အဖြစ် မြောက်ကာရိုလိုင်းနားမယ် ရွေးချယ်ခံရ....
မြောက်ကာရိုလိုင်းနားပြည်နယ် ကိုယ်စားပြု အလှမယ်လေးသည် (၂၀၀၉)ခုနှစ်အတွက် အမေရိကန်မယ်အဖြစ် ရွေးချယ်ခံလိုက်ရကြောင်း သိရသည်။ ဧပြီလ (၁၉)ရက်နေ့က ခရစ္စတန်ဒယ်လ်တန်သည် အခြားသော ပြိုင်ပွဲဝင်(၅၁)ဦးကို ဖြတ်ကျော်ကာ အမေရိကန်မယ်အဖြစ် သရဖူဆောင်းခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
လက်စ်ဗေးဂက်စ်တွင် ကျင်းပပြုလုပ်ခဲ့သော အလှမယ်ရွေးချယ်ပွဲကြီးအပြီး အောင်ပန်းဆင်နိုင်ခဲ့သော အလှမယ်လေးက “ကျွန်မရဲ့ ငယ်ဘ၀တလျှောက်လုံး မက်ခဲ့တဲ့အိပ်မက်တွေ ဒီနေရာမှာ တကယ်ဖြစ်လာခဲ့ပါပြီ။ ကျွန်မ ဒီပြိုင်ပွဲမှာ အနိုင်ရမယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့သလို ကျွန်မကိုယ်တိုင်လည်း မယုံနိုင်အောင် ဖြစ်ရပါတယ်”ဟု ၀မ်းသာအယ်လဲ ထုတ်ဖော်ပြောဆိုသွားသည်။ ကယ်လီဖိုးနီယားမယ် ကယ်ရီပရီဂျင်းက ဒုတိယနှင့် အရီဇိုးနားမယ် အယ်လီရှာမော်နီကာဘလန်ကိုက တတိယဆုများ အသီးသီး ချီးမြှင့်ခံရသည်။ ယခုပြိုင်ပွဲတွင် ရေကူးဝတ်စုံနှင့် ယှဉ်ပြိုင်ခြင်း၊ ညနေခင်း ပွဲတက်ဝတ်စုံနှင့် ယှဉ်ပြိုင်ခြင်း၊ ကိုယ်ပိုင်ဒီဇိုင်းနှင့် ယှဉ်ပြိုင်ခြင်းစသော ပွဲစဉ်အသီးသီးကို ဖြတ်ကျော်ယှဉ်ပြိုင်ကြရသည်။ ယခုနှစ် အမေရိကန်မယ်အဖြစ် အရွေးချယ်ခံရသော အသက်(၂၂)အရွယ်ရှိ ဒယ်လ်တန်သည် ကချေသည်နှင့် အဆိုတော်တစ်ဦးအဖြစ် အသက်မွေးနေပြီး စိတ်ပညာနှင့် စပိန်ဘာသာစကားတို့အတွက် အရှေ့ပိုင်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဘွဲ့ဒီဂရီ ရရှိထားသည်။
ယခုဆုကို ဆွတ်ခူးရရှိခြင်းကြောင့် သူမအနေနှင့် နယူးယော့ခ်တွင် တိုက်ခန်းတစ်ခန်း ရရှိမည်ဖြစ်ပြီး ကိုယ်ပိုင် လူမှုဆက်ဆံရေး အသင်းအဖွဲ့တစ်ခု တည်ထောင်ခွင့်ရမည်ဖြစ်သည်။ ထို့အပြင် နယူးယော့ခ် ရုပ်ရှင်အကယ်ဒမီတွင် နှစ်နှစ်တာ တက်ရောက်ပညာသင်ခွင့် စကောလားရှစ်ကိုလည်း ရရှိခဲ့ကြောင်း သတင်းရရှိသည်။
Source: GossipJackal
***အလွန်ဆိုကို ပြောင်းခွင့်မပေးဟု ဘင်နီတက်ဇ်ပြောကြား
လီဗာပူးလ်နည်းပြကြီး ရာဖေးလ်ဘင်နီတက်ဇ်က ၎င်းအနေနှင့် အသင်းမှကွင်းလယ်ကစားသမား ဇာဘီအလွန်ဆိုကို အသင်းပြောင်းခွင့် ပေးမည်မဟုတ်ကြောင်း အတည်ပြုပြောဆိုလိုက်သည်။ (၂၀၀၄)ခုနှစ်က လီဗာပူးလ်သို့ ပေါင်စတာလင်
(၁၀.၅)သန်းဖြင့် ရီးယဲလ်ဆိုစီဒက်မှ ပြောင်းရွှေ့လာသော စပိန်လက်ရွေးစင် ကွင်းလယ်လူသည် ယခုနှစ်လီဗာပူးလ်ကွင်းလယ်တွင် အထူးခြေစွမ်းပြလျက်ရှိသည့် ကစားသမားဖြစ်သည်။ ၎င်းအား ဘောလုံးရာသီ မစတင်မီက ဘင်နီတက်ဇ်က ရောင်းချရန် စီစဉ်ခဲ့သေးသော်လည်း အထမမြောက်ခဲ့ဘဲ အသင်းတွင် ဆက်ရှိနေရာမှ အကောင်းဆုံး စွမ်းဆောင်ပေးနေသည့် ကစားသမားလည်းဖြစ်သည်။
အသက်(၂၇)နှစ်ရှိ အလွန်ဆိုကို စပိန်ထိပ်သီး ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နှင့် အီတလီနာမည်ကြီး ကလပ်အတော်များများက စိတ်ဝင်စားနေသော်လည်း ဘင်နီတက်ဇ်က အသင်းတွင် ဆက်လက်ထားရှိမည်ဟု အတည်ပြုပြောဆိုလိုက်သည်။ လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းသည် အက်စ်တန်ဗီလာအသင်းမှ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဂါရတ်ဘယ်ရီကို ကြိုးပမ်းနေသော်လည်း ဘယ်ရီရောက်လာပါက အလွန်ဆိုကို ရောင်းထုတ်ရန် စဉ်းစားမထားကြောင်း ဘင်နီတက်ဇ်က ပြောဆိုသွားသည်။ ထို့အပြင် ဘင်နီတက်ဇ်က အလွန်ဆိုအတွက် အီတလီအသင်း ဂျူဗင်းတပ်စ်၏ ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ကြောင်း အတည်ပြုပြောဆိုသွားသည်။
Source: Goal
***ဟောလီးဝုဒ်မင်းသား မဲလ်ဂစ်ဘ်ဆင်တို့ဇနီးမောင်နှံ ကွာရှင်းပြတ်စဲ
မင်းသားမဲလ်ဂစ်ဘ်ဆင်နှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်သော ဇနီးသည်က ပိုင်ဆိုင်ခွင့်ဆိုင်ရာ ရယူလိုမှုများအတွက် ရှေ့နေများနှင့်တိုင်ပင်ကာ တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာလိုက်သည်။ ရိုဘင်းဂစ်ဘ်ဆင်သည် ခင်ပွန်းဟောင်းထံမှ ကွာရှင်းပြတ်စဲမှုဆိုင်ရာ လျော်ကြေးငွေတစ်ရပ် တောင်းခံသွားရန် အသင့်ဖြစ်နေကြောင်း သူမ၏ မိတ်ဆွေများကဆိုသည်။ ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေက ရိုဘင်းသည် မဲလ်ပိုင်ဆိုင်သော ပေါင်စတာလင် သန်း(၆၄၀)မျှရှိသည့် စည်းစိမ်ဥစ္စာများ၏ ထက်ဝက်ကို ပိုင်ဆိုင်ခွင့်ရှိကြောင်း ပြဌာန်းထားသည်။
ရိုဘင်းသည် လော့စ်အိန်ဂျလိစ် ဗဟိုတရားရုံးသို့ လိုအပ်သော စာရွက်စာတန်းများ တင်ပြသွားရန် စီစဉ်နေပြီဖြစ်သည်။ ထိုစာရွက်စာတန်းများအရ သူမအနေနှင့် အသက်(၅၂)နှစ်အရွယ် မဲလ်နှင့် ကွာရှင်းရခြင်းသည် ဟောလီးဝုဒ်မင်းသား၏ လက်မခံနိုင်စရာ အမူအကျင့်များကြောင့်ဟု ထည့်သွင်းဖော်ပြထားသည်။ အိမ်ထောင်သက် (၂၈)နှစ်ရှိပြီဖြစ်သည့် မဲလ်နှင့် ရိုဘင်းတို့သည် သားသမီး (၇)ဦးရှိပြီဖြစ်ကာ သူမအနေနှင့် ဆုံးဖြတ်ချက်တိုင်းကို ခက်ခက်ခဲခဲ ချခဲ့ရကြောင်း ယခင်က သူနာပြုဆရာမတစ်ဦးအဖြစ် အသက်မွေးခဲ့သည့် ရိုဘင်းကဆိုသည်။ ဩစတြေးလျနိုင်ငံဖွား မဲလ်ကမူ ဇနီးဟောင်း၏ တရားစွဲဆိုမှုအတွက် တစုံတရာ တုန့်ပြန်မှု မရှိသေးကြောင်း သတင်းရရှိသည်။
Source: DailyMail
***ထိုင်းနိုင်ငံတွင် အတိုက်အခိုက်ခေါင်းဆောင်း ပစ်ခတ်တိုက်ခိုက်ခံရ
ယမန်နှစ်အတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် လေဆိပ်များကို ပိတ်ဆို့ဆန္ဒပြခဲ့သည့် တီရှပ်ဝါလှုပ်ရှားမှု အရေးတော်ပုံကြီးအား ဦးဆောင်ခဲ့သူကို သေနတ်သမားများက ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ လက်ရှိဝန်ကြီးချုပ်ကို ထောက်ခံသော မီဒီယာလုပ်ငန်းရှင် သူဌေးတစ်ဦးဖြစ်သည့် ဆွန်ဒီလမ်သွန်ကူလ်သည် ဧပြီလ (၁၇)ရက်နေ့က လုပ်ကြံသတ်ဖြတ်ရန် အားထုတ်မှုအတွင်း ဒဏ်ရာများရရှိခဲ့ပြီး ၎င်းအားလုပ်ကြံသူများသည် ဘန်ကောက်မြို့တော်တ၀ှမ်း ဆန္ဒပြမှုများ ပြုလုပ်နေသည့် အစိုးရအတိုက်အခံ တီရှပ်နီများလက်ချက်ဟု ယူုဆရသည်။
ယခုကဲ့သို့ ပစ်ခတ်မှုများ ပေါ်ပေါက်လာပြီးနောက် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ၀န်ကြီးချုပ် အဘီဆစ် ဗက်ဂျာဂျီဗာ၏ လုံခြုံရေးအတွက် အရေးပေါ် အစီအမံများ ဆောင်ရွက်ခဲ့သည်။ သေနတ်နှင့် အပစ်ခံရသူ ဆွန်ဒီသည် ပြည်သူ့ဒီမိုကရေစီ မဟာမိတ်ပါတီကို တည်ထောင်ပြီး ၀န်ကြီးချုပ်ဟောင်း သက်ဆင်နှင့် အဆက်အနွယ် အစိုးရများကို အပြင်းအထန် ကန့်ကွက်ဆန္ဒပြခဲ့သူဖြစ်သည်။ ဗီဂျာရာဆေးရုံတွင် ဆွန်ဒီ၏ ခန္ဓာကိုယ်ထဲမှ ကျည်ဆန်အစိတ်အပိုင်း အချို့တို့ကို ခွဲထုတ်ဖယ်ရှားပေးခဲ့ရကြောင်း ဆေးရုံတာဝန်ရှိသူများက အတည်ပြုခဲ့သည်။
ယခုသော အခြေအနေများကြောင့် ပြီးခဲ့သော တနင်္ဂနွေနေ့ကတည်းက ထုတ်ပြန်ထားသည့် ဘန်ကောက်မြို့ အရေးပေါ် အခြေအနေ သတိပေးချက်ကို ဆက်လက်ထားရှိရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ ဆန္ဒပြမှုများ၏ နောက်ဆက်တွဲအဖြစ် ယခုလို အကြမ်းဖက် ပစ်ခတ်မှုများ ပေါ်ပေါက်လာသည့်အတွက် စိုးရိမ်မိကြောင်း၊ နိုင်ငံတော် အစိုးရအနေနှင့် ဘန်ကောက်မြို့တော် တရားဥပဒေ စိုးမိုးရေးအတွက် လိုအပ်သမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဘီဆစ်က သတင်းထောက်များအား ပြောကြားသွားခဲ့သည်။ ဆွန်ဒီ၏ မဟာမိတ်များကမူ ယခုလုပ်ကြံမှုသည် တီရှပ်နီများ၏ လက်ချက်သာဖြစ်ကြောင်း စွပ်စွဲထားသည်။
Source: Yahoo
***ကမ္ဘာ့အသက်အကြီးဆုံးအဘွားအို၏မွေးနေ့ ပွဲပြုလုပ်...
အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်မြို့ လယ်ရှိအနောက်ပိုင်း ၊ (ကွန်ဗာလက်စ်ဆင့်)ဆေးရုံတွင်ဧပြီလ၆ရက်နေ့ 
ကကမ္ဘာ့အသက်အကြီးဆုံးအဘွားအို၏(၁၁၅)နှစ်မြောက်မွေးနေ့ ပွဲကျင်းပခဲ့သည်။သမ္မတဘားရတ်အိုဘားမား
ထံမှတေးသီချင်း၊ကိတ်မုန့် ၊စာတစောင်နှင့်အတူကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ်ကမ္ဘာ့မှတ်တမ်းများ(ဂင်း
န်နစ်)အဖွဲ့ ၏ကြေညာချက်တစောင်ကိုကမ္ဘာ့အသက်အကြီးဆုံးအဘွားအိုဖြစ်သူ(ဂါထရုဒီဘိုင်နက်)ကလက်ခံ
ရရှိခဲ့သည်။(အင်တာနက်)
*** ဂျာမန်ဈေးကွက်ကို မန်ယူအာရုံစိုက်လာ….
မန်ချက်စတာယူနိုက်တက်အသင်းအနေနှင့် ၎င်းတို့၏ အဓိက ကစားသမားတစ်ဦးဖြစ်သည့် ခရစ်စတီယာနို ရော် နယ်လ်ဒိုအား လက်လွတ်ဆုံးရှုံးပါက အရံသင့်အစားထိုးရန် ကစားသမားများ ရှာဖွေလျက်ရှိရာ ဘိုင် ယန်မြူးနစ် တောင်ပံသမား ဖရန့်ရစ်ဘာရီအား မျက်စိကျနေကြောင်း သိရှိရသည်။ မန်ချက်စတာ ယူနိုက်တက်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က ရစ်ဘာရီသည် ဘယ်ညာတောင်ပံ နှစ်ဖက်လုံးသာမက Playmakerအဖြစ် အကောင်း ဆုံး တာဝန်ယူနိုင်သော ထူးချွန်သည့် ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့သည်။
အသက်(၂၅)နှစ်ရှိ ပြင်သစ်လက်ရွေးစင်သည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရ ရော်နယ်လ်ဒို၏နေရာတွင် အကောင်းဆုံး အားဖြည့်နိုင်မည့် ကစားသမားအဖြစ် ဖာဂူဆန်က ယူဆထားသည်။စပိန်လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းသည် ရော်နယ်လ်ဒိုအား ပေါင်(၇၅)သန်းဖြင့် ကမ်းလှမ်းသွားရန် လေသံပစ်နေရာ မန်ချက်စတာအနေနှင့် ရစ်ဘာရီအား ကြိုတင်စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိသည်။ ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်က ၎င်းတို့အသင်း၏ ကစားကွက်ဗိသုကာအား ပေါင်(၄၅)သန်းခန့် ဈေးနှုန်းသတ်မှတ်ထားကြောင်းလည်း သိရှိရသည်။ သတင်းများအရ မန်ချက်စတာသည် ရစ်ဘာရီကို စောင့်ကြည့်နေသလို ဂျာမန်ကလပ် ၀ုလ်ဖ်ဘတ်မှ ဘော့စနီးယားလက်ရွေးစင် ဒီဇက်ကိုအားလည်း စိတ်ဝင်တစား လေ့လာနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဖာဂူဆန်က အသက်(၂၃)နှစ်ရှိ တိုက်စစ်မှူးအား အသင်းမှ ထွက်ခွာဖွယ်ရှိသည့် အာဂျင်တီးနား ရှေ့တန်းလူ ကားလို့စ်တီဗက်စ်နေရာတွင် အစားထိုးရန် မျှော်မှန်းထားသည်။ ဒီဇက်ကိုသည် နိုင်ငံလက်ရွေးစင်အသင်းအတွက် (၁၇)ပွဲကစားပြီး (၁၂)ဂိုးသွင်းယူပေးထားသောကြောင့် ၎င်း၏ပေါက်ဈေးမှာ ပေါင်(၁၂)သန်းခန့်ထိ မြင့်တက်နေကြောင်း သတင်းရရှိသည်။
*** အိပ်မက်တွေ တကယ်ဖြစ်လာပါပြီ…မာချီဒါ…..
နောက်ခံလူတစ်ယောက်ကို လှည့်စားကျော်ဖြတ်လိုက်တယ်။ ပြီးတော့ ပြေးထွက်လာတဲ့ အက်စ်တန်ဗီလာ ဂိုးသမားကြီး ဘရတ်ဖရီဒယ်လ်ကိုကျော်ပြီး ဂိုးတိုင်ဘယ်ဖက်ထောင့်ကို ညာခြေနဲ့ ရှပ်ကန်လိုက်တဲ့ ဘောလုံးဟာ ပိုက်ကို လှုပ်ယမ်းသွားစေတယ်။ ဒီဂိုးဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကာကွယ်ရေး မျှော်လင့်ချက်ရောင်ခြည်တွေကို ဆက်လက်ထွန်းလင်းစေခဲ့သလို အိုးလ်ထရတ်ဖို့ဒ်ကွင်းက ပရိသတ်(၇)သောင်းကျော်ရဲ့ “မာချီဒါ၊ မာချီဒါ”ဆိုတဲ့ ဂုဏ်ပြုကြွေးကြော်သံတွေဟာလည်း တစ်ကွင်းလုံး တုန်ဟည်းသွားစေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်အသင်းမှာ လူမသိ၊ သူမသိကစားနေတဲ့ ဂျာစီနံပါတ် (၄၁)နဲ့ အီတလီလူငယ် တိုက်စစ်မှူးလေးဟာ တစ်ဂိုးတည်းနဲ့ ကမ္ဘာသိ ဘောလုံးသမားတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ဖက်ဒရီကို မာချီဒါကို အီတလီနိုင်ငံ ရောမမြို့တော်မှာ (၁၉၉၁)ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့က မွေးဖွားခဲ့ပါတယ်။ ခုချိန်မှာ အသက်(၁၇)နှစ်ပြီဖြစ်တဲ့ မာချီဒါဟာ လာဇီယိုလူငယ်အသင်းရဲ့ ကြယ်ပွင့်လူငယ်လေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ လာဇီယို လူငယ်အသင်းမှာ (၂၀၀၇)ခုနှစ်ထိ ကစားခဲ့ပြီးတဲ့နောက် (၂၀၀၇)ခုနှစ်၊ စက်တင်ဘာ (၁၆)ရက်နေ့မှာတော့ အင်္ဂလန်နာမည်ကြီး မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။ သူဟာ မန်ချက်စတာအတွက် ဧပြီလ (၅)ရက်နေ့ အက်စ်တန်ဗီလာနဲ့ပွဲမှာမှ ပထမဆုံး ပွဲထွက်ခွင့် ရခဲ့တာပါ။ အဲဒီပွဲမှာ ပေါ်တူဂီတောင်ပံလူ နာနီအစား (၆၉)မိနစ်ကျမှ လူစားဝင်လာတဲ့ မာချီဒါဟာ နာကျင်အချိန်ပို (၉၂)မိနစ်မှာ အနိုင်ဂိုးသွင်းပေးခဲ့ပြီး မန်ချက်စတာက (၃-၂)နဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အင်္ဂလိပ်စကား သိပ်မတတ်သေးတဲ့ မာချီဒါဟာ ကြိုးစားပမ်းစားနဲ့ “ကျွန်တော် သိပ်ပျော်ပါတယ်။ အဖေရော၊ မိသားစုပါ ပွဲကြည့်စဉ်မှာ လာအားပေးနေကြပါတယ်။ ကျွန်တော် မန်ချက်စတာယူနိုက်တက်အတွက် အရေးပါတဲ့ ဂိုးတွေသွင်းပေးဖို့ အမြဲမျှော်လင့်ခဲ့တာပါ။ ခုတော့ အိပ်မက်တွေ တကယ်ဖြစ်လာပါပြီ”လို့ ပြောသွားခဲ့ပါတယ်။
*** လက်ထပ်ကြဖို့ ဂျိုလီအား ဘရတ်ပစ်တောင်းဆို…..
မင်းသားဘရတ်ပစ်တ်က ၎င်း၏ချစ်သူ အိန်ဂျလီနာဂျိုလီအား လက်ထပ်ရန် တောင်းဆိုလိုက်ပြီး ၎င်း၏တောင်းဆိုမှုကို လက်မခံပါက ဇာတ်လမ်းဖြတ်မည်ဟု ရာဇသံပေးခဲ့ကြောင်း မင်းသားနှင့်ရင်းနှီးသော အသိုင်းအ၀ိုင်းက ပြောကြားခဲ့သည်။ (၂၀၀၅)ခုနှစ်ကတည်းက တွဲလာခဲ့ပြီး မွေးစားကလေးငယ် (၃)ဦးအပါအ၀င် သားသမီး (၆)ဦးထိ ရှိလာခဲ့သော်လည်း ဂျိုလီက လက်ထပ်ရန် ဆန္ဒမရှိသေးသဖြင့် အသက်(၄၅)နှစ်ရှိ ပစ်တ်တစ်ယောက် အတော်လေး ဒေါသပေါက်ကွဲနေကြောင်း သိရသည်။ OK! မဂ္ဂဇင်းသို့ ပစ်တ်၏ မိတ်ဆွေအချို့က ပြောကြားခဲ့ရာတွင် “ဘရတ်က ဂျိုလီ့ကို လက်ထပ်ဖို့ စဉ်းစားရင် စဉ်းစား၊ မဟုတ်ရင်တော့ တို့နှစ်ယောက်ဆက်ဆံရေးကို အဆုံးသတ်ဖို့သာ ပြင်ထားတော့”ဟု ပြောဆိုခဲ့ကြောင်း ပါရှိသည်။ ပစ်တ်သည် ဇနီးဟောင်းမင်းသမီး ဂျနီဖာ အနစ္စတန်နှင့် လမ်းခွဲခဲ့ပြီးနောက် ဂျိုလီနှင့်သာ တွဲလာခဲ့ခြင်းဖြစ်သည်။ အသက်(၃၃)နှစ်ရှိ ဂျိုလီသည် လက်ရှိအချိန်တွင် Saltအမည်ရှိ Spyရုပ်ရှင်တစ်ကားကို ရိုက်ကူးလျက်ရှိပြီး သူမအနေနှင့် အိမ်ထောင်ရေးနှင့်ပတ်သတ်ပြီး အလျင်စလို ဆုံးဖြတ်မည်မဟုတ်ဟု ပြောဆိုထားခဲ့ဖူးသည်။ သို့သော်လည်း ပစ်တ်၏တောင်းဆိုမှုကြောင့် ဂျိုလီတစ်ယောက် အိမ်ထောင်ရေးကို ပြန်လည်စဉ်းစားဖွယ်ရှိကြောင်း ဗြိတိန်ထုတ် Graziaမဂ္ဂဇင်းက သုံးသပ်ရေးသားထားသည်။
Xxx ဖာဘရီဂက်စ်အား ခေါ်ယူရန်အသင့်ဟု ဘာစီလိုနာဥက္ကဋ္ဌပြောကြား……
ဘာစီလိုနာအသင်း ဥက္ကဋ္ဌကြီး ဂျိုအန်လာပေါ်တာက ၎င်းတို့အနေနှင့် အာစင်နယ်ကွင်းလယ်လူ ဖာဘရီဂက်စ်အား ခေါ်ယူရန် အသင့်ဖြစ်နေကြောင်း ပြောကြားလိုက်သည်။ အသက်(၂၁)နှစ်သာ ရှိသေးသော်လည်း စပိန်လက်ရွေးစင် အလယ်တန်းသမားလေးသည် ဘာစီလိုနာ ကစားကွက်တွင် အံဝင်စွာ ကစားနိုင်သည့် အရည်အသွေး အပြည့်ရှိကြောင်း လာပေါ်တာက ယုံကြည်နေသည်။ လက်ရှိအချိန်တွင် အာစင်နယ်အသင်း၌ ဒဏ်ရာကြောင့် နားနေရသော ဖာဘရီဂက်စ်သည် ဘာစီလိုနာ လူငယ်ကစားသမားဘ၀မှ အာစင်နယ်နည်းပြကြီး အာစင်းဝင်းဂါး ခေါ်ယူမှုကြောင့် အင်္ဂလိပ်ကလပ်သို့ ပြောင်းရွှေ့လာသူဖြစ်သည်။ သို့သော်လည်း အာစင်နယ်အသင်း၏ အခြေမကျမှုများကြောင့် လွန်ခဲ့သော (၆)နှစ်က ၎င်းပြောင်းရွှေ့လာရာ အသင်းဟောင်းသို့ တကျော့ပြန်သွားကစားရန် ဖာဘရီဂက်စ်တစ်ယောက် စိတ်ဝင်စားနေကြောင်း အင်္ဂလန် မီဒီယာများကလည်း ရေးသားဖော်ပြနေကြသည်။ မကြာသေးမီက အာစင်နယ်နည်းပြကြီး ၀င်းဂါးက ၎င်း၏အသင်းခေါင်းဆောင်လေးသည် ပွဲအချို့တွင် ၀င်ကစားနိုင်မည့် အနေအထားထိ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာနေကြောင်း ပြောကြားထားသည်။ ၎င်းသည် ဒီဇင်ဘာလ (၂၁)ရက်နေ့က လီဗာပူးလ်နှင့် အမ်းမရိတ်စ်ကွင်းကြီးတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်နောက်ပိုင်းကတည်းက နားနေရသူဖြစ်သည်။ လာပေါ်တာက ဖာဘရီဂက်စ်အား ပြန်လည်ခေါ်ယူလျင် ငွေကြေးပမာဏ မြောက်မြားစွာ ပေးချေရဖွယ်ရှိကြောင်း ၀န်ခံခဲ့သော်လည်း ၎င်းတို့အနေနှင့် ငယ်ရွယ်သလောက် အရည်အသွေးပြည့်ဝသော ဖာဘရီဂက်စ်အတွက် ငွေကြေးသုံးစွဲရန် လက်တွန့်နေမည်မဟုတ်ဟု ပြောကြားသွားသည်။ ဖာဘရီဂက်စ်ကိုယ်တိုင်ကလည်း အာစင်နယ်အနေနှင့် အောင်မြင်မှုများ ဆက်လက်ဝေးကွာနေပါက အသင်းမှ ထွက်ခွာသွားနိုင်ကြောင်း ပြောကြားထားရာ အာစင်နယ်ပရိသတ်အနေနှင့် ၎င်းဘာစီလိုနာသို့ ပြန်လည်ရောက်ရှိသွားမည်ကို စိုးရိမ်လျက် ရှိနေကြသည်။
xxx အိန္ဒိယကလေးငယ်တစ်ဦးအား ဂျိုလီမွေးစားဖွယ်ရှိ xxx
ကလေးမွေးစားဖို့ ၀ါသနာကြီးသူ အိန်ဂျလီနာဂျိုလီတစ်ယောက် အိန္ဒိယမှ ကလေးငယ်တစ်ဦးအား မွေးစားရန် ကြံစည်နေပြန်ပြီဟု သိရှိရသည်။ အသက်(၃၃)နှစ်အရွယ် မင်းသမီးသည် အော်စကာ(၈)ဆုရ Slumdog Millionaireဇာတ်ကားမှ ကလေးသရုပ်ဆောင် တစ်ဦးအား မွေးစားရန် ဆန္ဒရှိနေကြောင်း သတင်းများက ဖော်ပြလျက်ရှိသည်။ ထိုဇာတ်ကားတွင် ပါဝင်သော ကလေးသရုပ်ဆောင်များသည် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တော်ရှိ ဆင်းရဲသားရပ်ကွက်များမှဖြစ်သည်။ ထိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် (၁၀)နှစ်သားလေး အက်ဇ်ဟာရူဒင်အား မွေးစားရန် စိတ်ဝင်စားပါသလားဟု သတင်းထောက်များက Changelingဇာတ်ဆောင် မင်းသမီးအား မေးမြန်းခဲ့ကြရာ သူမက ထိုအဖြေအတွက် လျှို့ဝှက်ချက်တစ်ခုကို တစွန်းတစ ပြောပြမည်ဖြစ်ကြောင်း၊ မကြာမီ ထိုအစီအစဉ် ဖြစ်လာနိုင်ကြောင်း ပြန်လည်ဖြေကြားသွားခဲ့သည်။
ဂျိုလီက သူမသည် အက်ဇ်ဟာရူဒင်ရော၊ (၉)နှစ်အရွယ် ရူဘင်နာအလီကိုရော အော်စကာဆုပေးပွဲတွင် တွေ့ဆုံခဲ့ပြီး ကလေးများကို ချစ်ခင်မိကြောင်း ၀န်ခံခဲ့သည်။ ဂျိုလီသည် ချစ်သူမင်းသား ဘရတ်ပစ်တ်နှင့်အတူ ကလေး(၃)ဦး ရရှိထားပြီး ကလေး(၃)ဦးကိုမူ မွေးစားထားသည်။ ဂျိုလီရော၊ ပစ်တ်ပါ ၎င်းတို့တွင် ကလေး(၇)ဦးထိ ရှိလိုကြောင်း အမြဲပြောလေ့ရှိရာ ယခုအခါ Slumdog Millionaireမှ ကလေးသရုပ်ဆောင်များ မွေးစားရန် အစီအစဉ်သည် ထင်ကြေးမှ အမှန်ဖြစ်လာနိုင်ကြောင်းလည်း သတင်းများက သုံးသပ်ရေးသားနေကြသည်။
xxx ကားလို့စ်တီဗက်စ် မန်ယူအသင်းတွင် ဆက်ရှိနေမည်ဟုဆို xxx
၎င်းအနေနှင့် မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာဖွယ်ရှိသည်ဆိုသော သတင်းများအား ကားလို့စ်တီဗက်စ်က ပယ်ချလိုက်ပြီး အင်္ဂလန်နှင့် ဥရောပချန်ပီယံ မန်ချက်စတာသည် ၎င်းအတွက် အဓိပ္ပါယ်အရှိဆုံး တစ်ခုတည်းသော ကလပ်အသင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အသက်(၂၅)နှစ်ရှိ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးက ၎င်း၏အသင်းတွင် ဆက်ကစားလိုသည့် ဆန္ဒကြောင့် ၎င်းအားပိုင်ဆိုင်သော ကုမ္ပဏီနှင့် အိုးလ်ထရတ်ဖို့ဒ်အခြေစိုက် ကလပ်အသင်းတို့ ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေကြောင်းလည်း ပြောကြားခဲ့သည်။ မန်ချက်စတာအနေနှင့် တီဗက်ဇ်အား (၂)နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူထားမှုမှာ ယခုနှစ် ဘောလုံးရာသီအကုန်တွင် သက်တမ်းပြည့်မည်ဖြစ်ပြီး အမြဲတမ်းစာချုပ်လိုပါက ယူရိုသန်း(၃၀)ခန့် ပေးချေသွားရန် သဘောတူညီထားသည်။ သို့သော်လည်း အသင်းသို့ ဘာဘာတော့ဗ်ရောက်ရှိလာပြီးနောက် ဇွန်လမတိုင်မီ တီဗက်ဇ်အား ကြေးကြီးကြီးဖြင့် အပြီးခေါ်ရန် မန်ချက်စတာဘက်မှ လက်တွန့်နေသောကြောင့် တီဗက်ဇ်မှာ အသင်းနှင့်အမြဲတမ်း စာချုပ်တစ်ရပ် မချုပ်ဆိုနိုင်ခဲ့ပေ။ တီဗက်ဇ်က ၎င်းအားမန်ချက်စတာ ပရိသတ်များက ချစ်ခင်အားပေးကြသလို ၎င်း၏မိသားစုမှာလည်း မန်ချက်စတာမြို့တွင် အခြေကျပျော်ရွှင်နေသဖြင့် အသင်းအား စွန့်ခွာမသွားလိုကြောင်း ၀န်ခံခဲ့သည်။ မန်ချက်စတာသည် သရဖူများ ဆွတ်ခူးရန် အမြဲတမ်းအသင့်ရှိနေသည့် အသင်းဖြစ်ကြောင်း၊ ထိုအသင်းမှ ကစားသမားတစ်ဦး ဖြစ်ခွင့်ရနေခြင်းအပေါ် ဂုဏ်ယူကြောင်းလည်း တီဗက်စ်ကဆိုသည်။ တီဗက်ဇ်အား ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နှင့် အင်တာမီလန်စသော ဥရောပထိပ်တန်း အသင်းကြီးများက စိတ်ဝင်စားနေသလို မန်ချက်စတာယူနိုက်တက်၏ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကလည်း ခေါ်ယူနိုင်ရန် စိတ်ဝင်စားလျက်ရှိသည်။
xxx မှုခင်းရုပ်သံဇာတ်လမ်းတွဲတွင် ဟီလာရီဒပ်ဖ်သရုပ်ဆောင်မည် xxx
NBC၏ မှုခင်းရုပ်မြင်သံကြား ဇာတ်လမ်းတွဲဖြစ်သော Law & Order: SVUတွင် ဟီလာရီဒပ်ဖ်သည် ဧည့်သည်အဖြစ် ၀င်ရောက်သရုပ်ဆောင်မည်ဖြစ်ကြောင်း E! Newsက ဖော်ပြခဲ့သည်။ အဆိုတော် မင်းသမီးလေးသည် ဇာတ်လမ်းတွဲကြီး၏ Ghost Whispererဆိုသော ဇာတ်လမ်းပိုင်းတွင် ၀င်ရောက် သရုပ်ဆောင်မည်ဖြစ်သည်။ သို့သော်လည်း ဇာတ်ကားအတွင်း ဟီလာရီပါဝင်မည့် ဇာတ်ရုပ်ကို မသိရသေးဟု E! Newsကဆိုသည်။ ဟီလာရီအနေနှင့် ခြောက်ခြားဖွယ်ကောင်းသော ဇာတ်ဝင်ခန်းများတွင် သရုပ်ဆောင်ရမည်ဟု သိရှိရသည်။ အသက်(၂၁)နှစ်ရှိ မင်းသမီးလေးသည် မကြာသေးမီကမှ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ ပြန်လည်ရိုက်ကူးရန် စဉ်းစားနေမိကြောင်း ၀န်ခံထားခဲ့သည်။
NBCအနေနှင့် ဟီလာရီအား ဇာတ်လမ်းအတွင်း ပါဝင်သရုပ်ဆောင်ရန် စည်းရုံးနိုင်ခဲ့ခြင်းအတွက် ကျေနပ်မိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဟီလာရီသည် The Story of Bonnie and Clydeဇာတ်ကားတွင် Bonnieအဖြစ် သရုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာထားခဲ့သေးသည်။ ထိုဇာတ်ကားသည် (၁၉၆၇)ခုနှစ်က ရုပ်ရှင်ဇာတ်ကား Bonnie & Clydeကို အခြေခံ ရိုက်ကူးထားခြင်းဖြစ်သည်။ ဟီလာရီက ရုပ်ရှင်များ ရိုက်ကူးနေရခြင်းအတွက် ပျော်ရွှင်မိကြောင်း၊ သူမ၏ ပရိသတ်အချို့သည် သူမအနေနှင့် ဇာတ်ရုပ်မျိုးစုံ သရုပ်ဆောင်နေခြင်းကြောင့် မပိုင်မနိုင် ဖြစ်လာမည်ကို စိုးရိမ်နေကြသော်လည်း သူမအနေနှင့် မပူပန်မိကြောင်း၊ လူတိုင်းသည် မွေးရာပါ ထူးချွန်သူများ မဟုတ်ကြဘဲ ကြိုးစားမှုကြောင့် ပေါက်မြောက်လာမည်ဖြစ်ရာ သူမအနေနှင့် ဇာတ်ကားတိုင်းတွင် အကောင်းဆုံး သရုပ်ဆောင်နိုင်မည်ဟု ယုံကြည်ထားကြောင်း သတင်းထောက်များအား ပြောကြားသွားသည်။
***ဘရစ်တနီစပီးယားစ်လိုဖြစ်ချင်သည်ဟု လင်ဆေးလိုဟန်ပြောကြား

No comments:
Post a Comment