ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တောင်ဖတ်ကျေးရွာတနေရာတွင် ထိုင်းပေါ့(Thai Pop Knitting Co.Ltd) ခေါ် ယခင်ပန်းရုံစက်ရုံမှ မြန်မာအလုပ်သမားတဦးဖြစ်သူ မခင်ဖုန်းမြင့်(ခ)မသက်သက်မာ (၃၂)နှစ် သည် ယမန်နေ့ မွန်လွဲပိုင်းက ဆိုင်ကယ်လ်ပေါ်မှ ပြုတ်ကျပြီး ညနေပိုင်းတွင် သေဆုံးသွားကြောင်း သတင်း ရရှိသည်။ မခင်ဖုန်းမြင့်သည် ထိုင်းလူမျိုး၏ အငှါးဆိုင်ကယ်လ်ဖြင့်
မဲတောင်ဖတ်ကျေးရွာမှ မဲဆောက်မြို့သို့ အသွားတွင် မတော်တဆဖြစ်ပွားပြီး ယခုလိုသေဆုံးခဲ့ရခြင်းဖြစ်သည်။ သူမသည် ဆိုင်ကယ်လ်ပေါ်မှ နောက်ပြန်ပြုတ်ကျခဲ့ပြီး ဆိုင်ကယ်လ်ဦးထုပ်ဆောင်းမထားကြောင်း၊ ဆိုင်ကယ်လ်စီးနေစဉ် ဖုန်ပြောနေကြောင်း၊ ဆိုင်ကယ်လ်ကို ကိုင်မထားပဲ ပစ္စည်းကိုပေါင်ပေါ်တင်ထားကြောင်းလည်း သိရသည်။ မခင်ဖုန်းမြင့်(ခ) မသက်သက်မာသည် ထိုင်းနိုင်ငံတွင် လုပ်သက် (၁၀)နှစ်ခန့်ရှိပြီဖြစ်သော လုပ်သက်ရင့် သိုးမွှေးအလုပ်သမားတဦးဖြစ်သည်။ သူမသည် မဲဆောက်မြို့ မယ်ကုကျေးရွာရှိ ဖုပို(ခေါ်) အက်စ်အာသိုးမွှေးစက်ရုံတွင် ပေါ်ပေါက်ခဲ့သော ၂၀၀၆-ခုနှစ် စက်တင်ဘာလ ၁၁-ရက်နေ့ အလုပ်သမားဆန္ဒပြပွဲတွင်လည်းကောင်း၊ ၂၀၀၆-ခုနှစ် ဒီဇင်ဘာလ ၁၈-ရက်နေ့က ဒုတိယမ္ပိ ထပ်မံဆန္ဒပြခဲ့ကြသော အလုပ်သမားဆန္ဒပြပွဲတွင်လည်းကောင်း တက်ကြွစွာပါဝင်ခဲ့သူ ဖြစ်သည်။ သူမအပါအ၀င် ဖုပိုသိုးမွှေးစက်ရုံမှ အလုပ်သမား (၂၇၆)ဦးအား အလုပ်မှ ထုတ်ပယ်ပစ်ခဲ့ရာ သူမတို့၏ အလုပ်သမားအခွင့်အရေးတောင်းဆိုမှုသည် ယနေ့ထိတိုင်အမှုရင်ဆိုင်နေဆဲရှိပြီး သူမသည်လည်း မည်သို့သော ဖိအားပေးမှုကိုမျှ မကြောက်ရွံ့ပဲ ကြံ့ကြံ့ခိုင်ရပ်တည်ခဲ့သူဖြစ်သည်။ မခင်ဖုန်းမြင့်သည် မွန်ပြည်နယ် မော်လမြိုင်မြို့ ဇာတိဖြစ်ပြီး အဘ-ဦးမောင်အေး၊ အမိ-ဒေါ်သန်းရွှေတို့၏ သမီးဖြစ်သည်။ သူမသည် လူလွတ်တဦးဖြစ်ပြီး ဟိန္ဒူဘာသာဝင်တဦးလည်ဖြစ်သည်။ သူမ၏ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အလုပ်လုပ်ခဲ့မှုသက်တမ်းအနေဖြင့် ဖုပိုသိုးမွှေးစက်ရုံတွင် ၅-နှစ်၊ ပန်းသီးသိုးမွှေးစက်ရုံတွင် ၁-နှစ်၊ ယခု ထိုင်းပေါ့သိုးမွှေးစက်ရုံတွင် ၁-နှစ်နှင့် ၄-လ စသည်တို့ဖြစ်သည်။ အလုပ်သမားအခွင့်အရေးတိုက်ပွဲဝင်ခဲ့သူ၊ ယနေ့ထိလည်းဘ၀တူ အလုပ်သမားတို့၏ အဖိနှိပ်ခံလှုပ်ရှားမှုနှင့် သာရေး၊ နာရေး၊ လူမှုရေးလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်ခဲ့သူ မခင်ဖုန်းမြင့်(ခ) မသက်သက်မာ (၃၂)နှစ် ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံရှေ့နေများကောင်စီ၊ ဥပဒေအထောက်အကူပြုဌာန (LLC) နှင့် မိမိတို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) တို့မှ မိသားစုနှင့် ထပ်တူ၊ ဘ၀တူလုပ်ဖော်ကိုင်ဖက်များနှင့် ထပ်တူ ၀မ်းနည်းကြေကွဲပါကြောင်း၊ ရသင့်ရထိုက်သော နစ်နာကြေးများကို ရရှိရန် အငှါးဆိုင်ကယ်လ်အသင်းနှင့် ညှိုနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ သူမ၏ ရုပ်ကလာပ်ကို မနက်ဖြန် မွန်းလွဲ ၂း၃၀ နာရီတွင် ယခုထားရှိရာ မဲဆောက်ကျောင်းကြီးမှ ရပ်တော်မူ(၀ပ်ဒုံကရောက်) သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်မည်ဖြစ်ပါသည်။
သတင်းမှတ်တမ်း- မြန်မာပြည်သား

No comments:
Post a Comment