ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက်ရှိ ဖုတ်ဖရားမြို့နယ် (Phop Phra Distric)တွင် ထိုင်းနှင့် မုံလူမျိုးအလုပ်ရှင်တို့ထံမှာ နေထိုင်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား (၀ါ)စိုက်ပျိုးရေးလုပ်သား (၇၀၀၀၀)ခန့်ရှိသည်။ ယင်းတို့သည် တစ်နေ့ လုပ်အားခအနေဖြင့် ထိုင်းဘတ်ငွေ ၅၀ မှ ၁၀၀ အထိရရှိကြပြီး အလုပ်ချိန် ၈-နာရီထက်ပိုမိုစွာ လုပ်ကိုင်ပေးကြရပါသည်။ ထို့အပြင် ထိုင်းအလုပ်သမား ဥပဒေသတ်မှတ် ချက်အရ ၁၅-နှစ်နှင့် အောက်အသက်အရွယ်ရှိသော ကလေးအလုပ်သမားအများဆုံး ရှိရာဒေသလည်းဖြစ်ပြီး လူကြီးအလုပ်သမားများနှင့် တန်းတူအလုပ်လုပ်ရသော်လည်း တနေ့လုပ်အားခ (၃၀၊ ၄၀)ဘတ်သာ ရရှိသော ဒေသလည်းဖြစ်သည်။ ထို့အပြင် အမျိုးသမီးအလုပ်သမားများသည် အမျိုးသားအလုပ်သမားများနှင့် တန်းတူ လုပ်ရသော်လည်း နေ့စဉ်လုပ်အားခ (၅၊ ၁၀)ဘတ်လျော့နည်းစွာ လုပ်အားခရရှိနေသော (၀ါ) ခွဲခြားဆက်ဆံ ခံရသော ဒေသလည်းဖြစ်ပါသည်။
ထိုင်းအစိုးရက တရားဝင်သတ်မှတ်ပေးထားသော ဒေသလိုက် နေ့စားလုပ်အားခစံနှုန်းမှာ (၁၅၁)ဘတ်နှင့် အချိန်ပို တစ်နာရီလျှင် (၂၈)ဘတ်ဖြစ်သော်လည်း ထိုသတ်မှတ်ချက်အတိုင်းမရရှိကြချေ။ ထိုင်းနှင့် မုံလူမျိုး အလုပ်ရှင်များက ယင်းတို့၏ စိုက်ပျိုးရေး လုပ်ငန်းများကို ရာသီအလိုက် လုပ်ကိုင်နိုင်ရန် ယင်းတို့ပိုင်သော မြေကွက်များတွင်ဖြစ်စေ၊ လယ်ကွက်များတွင်ဖြစ်စေ မြန်မာအလုပ်သမားများကို တဲအိမ်ဆောက်လုပ်ကာ နေထိုင်စေခဲ့ပါသည်။ သို့သော် အလုပ်သမားအခွင့်အရေးအရ လုပ်သက် ၄-လပြည့်ခဲ့ကြပြီး နှစ်တွေကြာခဲ့သော်လည်း မြန်မာအလုပ်သမား ၁၀၀-တွင် တစ်ဦးပင် အလုပ်သမားလက်မှတ် (Workpermit) လက်ဝယ်ရှိရန် မသေချာကြပေ။ အလုပ်ရှင်များသည် အလုပ်သမားများ၏ နေ့စဉ်လုပ်အားခငွေထဲမှ ဖြတ်တောက်ရယူခွင့်ရှိနေသော တစ်နှစ်သက်တမ်းရှိ အလုပ်သမားလက်မှတ်အတွက် ကုန်ကျငွေ (၃၈၅၀)ဘတ်ကို ခေတ္တစိုက်မပေးလိုကြချေ။ ထို့အပြင် လုပ်ငန်းခွင်အတွင်းနှင့် ပြင်ပတွင် ရေသန့်ရှင်းမှု၊ အိမ်သာသန့်ရှင်းမှု (အချို့စိုက်ခင်းနေရာများတွင် အိမ်သာမရှိကြပါ) စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ မရှိကြပါ။ လုပ်ငန်းခွင်တွင် လက်ပြတ်၊ ခြေပြတ်၊ အသက်ဆုံးရှုံးမှု ရှိပါလျှင်လည်း ထိုက်သင့်သောလျော်ကြေးငွေကိုလည်း မပေးကြပါ။
မြန်မာအလုပ်သမားများအား မိမိတို့ အိမ်၊ ခြံဝန်းများထဲတွင် ငှါးရမ်းနေထိုင်ခွင့်ပြုခဲ့သော ဖုတ်ဖရားမြို့နယ် ၄၈-ကီလိုမီတာကျေးရွာရှိ ထိုင်းအိမ်ရှင် ၂-ဦးကို တစ်ဦးလျှင် ဘတ် (၆၀၀၀၀)စီ ဒဏ်ရိုက်မှုကို ၂၀၀၈-ခုနှစ် နိုဝင်ဘာလ၌ စတင်ခဲ့ပါသည်။ ၂၀၀၈-ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၀၉-ခုနှစ် ဇန်န၀ါရီလထဲတွင် ၄၈-ကီလိုမီတာကျေးရွာမှာ မြန်မာအလုပ်သမားများငှါးရမ်းနေထိုင်သော နေအိမ်များ၊ ဆောက်လုပ်နေထိုင်သော တဲအိမ်များကို ထိုင်းအာဏာပိုင်များက အပြီးဖျက်သိမ်းစေခဲ့ပါသည်။
၂၀၀၉-ခုနှစ် ဇန်န၀ါရီလ ၁၂-ရက်နေ့တွင် ၄၄-ကီလိုမီတာကျေးရွာရှိ ၀ါးတောရပ်ကွက်ကို အမြန်ဆုံးဖျက်သိမ်းရန် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က လာရောက်သတိပေးခဲ့သည်။ ၀ါးတောရပ်ကွက်မှာ မြန်မာအလုပ်သမား ၂၀၀-ကျော်တို့က အလုပ်ရှင် ဖိပန်းရိုင်း၏ မြေနေရာတွင် တဲအိမ် ၈၀-ခန့် ဆောက်လုပ်ကာ စုပေါင်းနေထိုင်ကြသော မြန်မာပြည်သားတို့၏ အစုအ၀န်းကလေးတခုဖြစ်သည်။ ၀ါးတောရပ်ကွက်တွင် ထိုင်းကျန်းမာရေးဌာနက စီစဉ်ပေးထားသော ကျေးလက်ကျန်းမာရေးဆေးပေးခန်း၊ ဒေသခံမြန်မာအလုပ်သမားတို့၏ ရွှေ့ပြောင်းစာသင်ကျောင်းတစ်ကျောင်းတို့အပြင် IRC မှ ဆောက်လုပ်ပေးထားသော ရေလောင်းအိမ်သာ၊ ရေသန့်အစီအမံများဖြင့် နေချင့်စဖွယ်သာယာသည့်နေရာ တစ်ခုဖြစ်သည်။ သို့သော် ဤ၀ါးတောရပ်ကွက်ကိုလည်း (၁၄-၁-၂၀၀၉)နေ့တွင် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့မှ ၀င်ရောက်ကာ တဲအိမ်များကို ဖျက်ဆီးခဲ့သဖြင့် မြန်မာအလုပ်သမား ၂၀၀-ကျော်မှာ နီးစပ်ရာ တောအုပ်ထဲသို့ ထွက်ပြေးကြရပါသည်။ (၁၅-၁-၂၀၀၉)နေ့တွင် ထိုင်းအာဏာပိုင်ပေါင်းစုံတို့က အင်အား ၁၀၀-ခန့်ဖြင့် ၀ါးတောရပ်ကွက်ပျက်သို့ လာရောက်ကြကာ အပျက်အစီးများကို ကြည့်ရှုစစ်ဆေးသွားပါသည်။ (၁၆-၁-၂၀၀၉) နေ့မှစပြီး မဲဆောက်အခြေစိုက် မြန်မာနှင့်ထိုင်းအဖွဲ့အစည်းအချို့က စားဝတ်နေရေးခက်ခဲနေသော တောအုပ်အတွင်းမှ မြန်မာအလုပ်သမားများထံသို့ အစားအစာရိက္ခာအကူအညီအချို့နှင့် အ၀တ်အထည်၊ ခြုံစောင်အချို့ကို ပေးပို့ခဲ့ပါသည်။
(၁၆-၃-၂၀၀၉)နေ့တွင် ၄၄-ကီလိုမီတာကျေးရွာ၊ ကျွန်းတောရပ်ကွက်မှ “ဒို့မိတ်ဆွေ” အမည်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်းကို ထိုင်းနယ်ခြားစောင်တပ်ဖွဲ့ဝင် ၁၀-ဦးခန့်မှ ၀င်ရောက်ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ဤမူလတန်းကျောင်းကို မှီခိုပညာရှာနေကြရသော မြန်မာရွှေ့ပြောင်းကလေးငယ် ၁၆၀-ဦးခန့်တို့မှာ မိဘများနှင့်အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ဒို့မိတ်ဆွေ စာသင်ကျောင်းမှာလည်း ထိုနေရာတွင် တည်ရှိခွင့်မရရှိတော့သဖြင့် ၄၂-ကီလိုမီတာ ဘက်သို့ မိမိအစီအစဉ်ဖြင့် ပြောင်းရွှေ့ခဲ့ရပါသည်။
(၄-၆-၂၀၀၉)နေ့တွင် ၄၄-ကီလိုမီတာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများကို ကလေးငယ် ၁၂၀-ခန့်အပါအ၀င် မြန်မာအလုပ်သမား ၄၀၀-ခန့်အား ထိုင်းအာဏာပိုင်အဖွဲ့စုံက ၀င်ရောက်ဖမ်းဆီးခဲ့ပြီး တဲအိမ် ၂-လုံးကိုလည်း မီးရှို့ခဲ့ပါသည်။
ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်တွင် တာ့ခ်၊ မဲဆောက်၊ ဖုတ်ဖရား၊ အုန်းဖန်၊ မယ်ရမတ်နှင့် ထဆောင်ယန်းဟူ၍ မြို့နယ် ၆-ခုရှိရာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၄)သိန်းခန့်ရှိမည်ဟု Joint Action Committee for Burmese Affairs (JACBA) အဖွဲ့အစည်းက ခန့်မှန်းသုံးသပ်ပါသည်။ ထိုအရေအတွက်ထဲတွင် စိုက်ပျိုးရေးလုပ်ငန်းမျိုးစုံကို ရာသီမရွေး လုပ်ကိုင်နေသော ဖုတ်ဖရားမြို့နယ်တွင် မြန်မာအလုပ်သမား (၇၀၀၀၀)ခန့်၊ အုန်းဖန်မြို့နယ်တွင် မြန်မာအလုပ်သမား (၅၀၀၀၀)ခန့်တို့လည်းပါဝင်ပါသည်။ (အထူးမှတ်ချက်အဖြစ်တင်ပြလိုသည်မှာ အုန်းဖန်မြို့နယ်နှင့် ထဆောင်ယန်းမြို့နယ်တို့ရှိ မြန်မာအလုပ်သမားများမှာ ထိုင်းနှင့် နိုင်ငံခြားသားအလုပ်ရှင်တို့ထံမှ အလုပ်သမားအခွင့်အရေး အပြည့်အ၀မရရှိရုံမျှမက DKBA ကဲ့သို့သော မြန်မာစစ်အစိုးရ၏ လက်ဝေခံ လက်နက်ကိုင်အဖွဲ့အစည်းမှ ပိုင်ဆိုင်သည့် ကျေးရွာအချို့တို့ရှိ စိုက်ခင်းများတွင် ၀င်ရောက်လုပ်ကိုင်ကြသော မြန်မာအလုပ်သမားတို့မှာ ဘာအခွင့်အရေးမျှမရှိကြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ထိုင်းအလုပ်သမား ဥပဒေဖြင့် ကူညီဖြေရှင်း၍မရနိုင်သော (အလုပ်ရှင်-အလုပ်သမား)ပြဿနာအချို့သည် ဤအုန်းဖန်မြို့နယ်နှင့် ထဆောင်ယန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ရှိနေခြင်းဖြစ်သည်။
စုဆောင်းတင်ပြသူ- မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)

No comments:
Post a Comment