ရှေးရှေးအခါက ရွာတစ်ရွာတွင် ပစ္စည်းဥစ္စာ ပြည့်စုံကြွယ်ဝသော မအေးသွယ်ဆိုသူ မုဆိုးမတစ်ဦး ရှိလေ၏။ မအေးသွယ်သည်နာမည်အတိုင်း အေးအေးဆေးဆေး နေတတ်သည့်အပြင် ရပ်ရွာထဲတွင် သာမှု၊ နာမှု အလှူအတန်းများရှိတိုင်း ပါဝင်ကူညီလေ့ရှိသဖြင့် ရပ်ရွာမှ လူကြီး လူငယ် ယောင်္ကျား မိန်းမတိုင်းကပင် မအေးသွယ်ကို ချစ်ခင်ကြ၏။
တစ်နေ့တွင် ရပ်ရွာလူကြီးများ စုဝေး စကားပြောနေကြစဉ် မအေးသွယ်အကြောင်း စပ်မိစပ်ရာ ပြောမိကြလေ၏။ လူကြီးများက မအေးသွယ်သည် ပစ္စည်းလည်းရှိ၊ အရွယ်လည်း ရှိသေးသူဖြစ်သည်။ သားသမီးနောက်ခံ ရှိသူမဟုတ်၊ ထို့ကြောင့်
ဆံထုံးရှိ သျှောင်ရှိမှဆိုသလို မအေးသွယ်ကို သင့်တောသူတစ်ဦးဦးနှင့် အိမ်ထောင်ပြုပေးကြမှ တော်မည်ဟု တိုင်ပင်ကြ၏။
ရပ်ရွာလူကြီးများက မအေးသွယ်အား နောက်အိမ်ထောင်ပြုရန် ၀ိုင်းဝန်းတိုက်တွန်း ပြောဆိုကြသောအခါ မအေးသွယ် `ကျွန်မသဘောကတော့ ဒီလိုပဲ နေချင်ပါတယ်။ ဒါပေမဲ့ လူကြီးများက အိမ်ထောင်ပြုသင့်တယ်ထင်လို့ ပြုပါလို့ ပြောကြတယ်ဆိုရင်လည်း ကျွန်မ မငြင်းပါ။ အိမ်ထောင်သစ်ကိုတော့ ကျွန်မကိုယ်တိုင်ရှာဖို့ မလွယ်ပါဘူး၊ လူကြီးများကပဲ ရှာပြီး နေရာချထားပေးကြပါ´ဟု ရပ်ရွာလူကြီးများကို ပုံအပ်လိုက်လေ၏။
ထိုသို့ မအေးသွယ်က သူ၏ နောက်အိုးနောက်အိမ်ထောင်အတွက် ပုံအပ်လိုက်သဖြင့် လူကြီးများမှာ ရွာတွင်းရှိ လူရိုးလူကောင်းများထဲမှ စဉ်းစားရှာဖွေကြရလေတော့၏။ ရွာထဲတွင် မအေးသွယ်အတွက် အိမ်ထောင်ဘက်ကို ပိုက်စိပ်တိုက် ရှာဖွေကြရာ၊ မအေးသွယ်နှင့် သက်တူရွယ်မျှ လူပျိုကြီး သဘောကောင်း ကိုဘိုးထင်ဆိုသူကို တွေ့ကြလေ၏။ လူကြီးများက ကိုဘိုးထင်ထံသွား၍-
`မောင်ဘိုးထင်ရေ၊ ငါတို့လာတာ တခြားမဟုတ်ဘူးဟေ့၊ မင်းဟာ အရပ်ထဲမှာ လူပျိုကြီးလုပ်ပြီး နေလာခဲ့တာ အသက် ၃၀-ပဲကျော်ခဲ့ပြီ၊ လူဆိုတာ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ကြရတယ်ကွ၊ မင်း ဒီအသက်ဒီအရွယ်ရောက်မှ အိမ်ထောင်မပြုချင်သေးဘူးလား´ ဟု မေးကြ၏။ ကိုဘိုးထင်လည်း အတန်ကြာ စဉ်းစားပြီးနောက် `လူကြီးများပြောတာ မှန်ပါတယ်၊ ကျွန်တော့်အသက်အရွယ်ရောက်လျှင် အိမ်ထောင်ပြုသင့်ပါပြီ၊ ကျွန်တော် ဒီအသက်အရွယ်အထိ အိမ်ထောင် ဘာကြောင့် မပြုသေးတယ် ဆိုတာကို အမှန်အတိုင်း ရှင်းရှင်း ၀န်ခံရမယ်ဆိုရင် ရတာမလို လိုတာမရ သေးလို့ပါပဲ။ နောက်တစ်ခုကလည်း လောကလူ့ဘောင်၊ အိမ်ထောင်သားမွေး၊ ခြနယ်မြေးဆိုသလို သားတွဲလောင်း သမီးတွဲလောင်း နေရမှာကြောက်လွန်းလို့ပါပဲ၊ အခုလို လူကြီးများက အိမ်ထောင်ပြုဖို့ တိုက်တွန်းကြတယ်ဆိုတော့လည်း ကျွန်တော်အနေနဲ့ မငြင်းလိုပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် အိမ်ထောင်ဘက်ကိုတော့ ဘာသာမရှာပါရစေနဲ့၊ လူကြီးများကပဲ သင့်တော်သလို ကြည့်ရှုစီမံပေးကြပါ´ ဟု ပြန်ပြောလေ၏။
ကိုဘိုးထင်၏စကားကို ကြားသောအခါ လူကြီးများသည် ၀မ်းသာသွားကြပြီး မအေးသွယ်နှင့် ပေါင်းဖက်ပေးရန် ဆုံးဖြတ်လိုက်ကြလေ၏။ သို့နှင့် ကိုဘိုးထင်အား မအေးသွယ်နှင့် လက်ဆက်ရန်၊ မအေးသွယ်အား လက်ထပ်လျှင် နှစ်ဦးစလုံး အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းကြမည်ဆိုသည့် အကြောင်းများကို ပြောပြကြလေ၏။ မအေးသွယ်အား ပြောဆိုကြသောအခါ၌လည်း မအေးသွယ်က မည်သို့မျှ ငြင်းဆိုခြင်းမရှိသဖြင့် ၄င်းတို့နှစ်ဦးကို လက်ထပ်ပေးရန် လူကြီးများက စီစဉ်ကြလေ၏။
နေ့ကောင်းရက်သာ ရွေးပြီးသောအခါ မင်္ဂလာအခမ်းအနား ကြီးကြီး မလုပ်ကြတော့ဘဲ သံဃာတော် ၄-၅ ပါး မင်္ဂလာဆွမ်းကျွေးပြီး ကိစ္စပြီးလိုက်ကြလေသည်။ အိမ်ထောင်ပြုပြီးသည့်အချိန်မှစ၍ ကိုဘိုးထင်သည် မအေးသွယ်၏ လယ်ယာ ချောင်းမြောင်းများကို သူရင်းငှားများနှင့်အတူ ကိုယ်တိုင်ဦးစီးလုပ်ကိုင်လေ၏။ သို့နှင့် အိမ်ဦးမှာလည်း ကိုဘိုးထင်၊ မီးဖိုမှာလည်း ကိုဘိုးထင်၊ နေရာတကာ ကိုဘိုးထင်ဆိုသလို နေရာတိုင်း၌ သူပါသည်ချည်း ဖြစ်နေသဖြင့် မအေးသွယ်ကပင် ခင်ပွန်းဖြစ်သူအား `ကိုဘိုးထင်ရယ်၊ နေရာတကာ ပါမနေပါနဲ့၊ တစ်ခါတစ်ရံလည်း သူရင်းငှားများနဲ့ ပြီးတန်လည်း ပြီးသွားပါစေ၊ ရှင်သက်သာအောင်လည်း နေဦးမှပေါ့´ ဟု ပြောယူရလေ၏။
ကိုဘိုးထင်သည် နေ့တွင် သူရင်းငှားများနှင့်အတူ လယ်ထဲဆင်း၊ အိမ်ပြန်ရောက်ပြန်လျှင်လည်း အိမ်မှုကိစ္စများလုပ်၊ နေရာတကာ သူပါသည်ချည်းဖြစ်၍ ညအိမ်ရာပေါ်တွင် ကျောချလိုက်သည်နှင့် တစ်ပြိုင်နက်လိုလိုပင် အိပ်ပျော်သွားသည်။ သို့နှင့် လက်ထက်ပြီး ငါးလခန့်အကြာ တစ်နေ့တွင် မအေးသွယ်က-
`ကိုဘိုးထင်ရယ် ရှင့်မှာဖြင့် ညဆိုရင် ခေါင်းအုံးပေါ် ခေါင်းတင်လိုက်တာနဲ့ တစ်ခါတည်း အိပ်ပျော်သွားတာပဲ၊ ကျွန်မ အရင်အိမ်ထောင်တုန်းကတော့ ညအိပ်ရာဝင်လျှင် ရာဇ၀င်၊ မဟာဝင်၊ ဗုဒ္ဓ၀င် စသည်တို့ကို ဗဟုသုတအဖြစ် ပြောပြလေ့ရှိတယ်၊ ရှင်ကတော့ ဘာမှမပြောဘူး၊ အိပ်တာပဲ´ ဟု ဆိုသဖြင့်…
ကိုဘိုးထင်က `ကျုပ်လည်း ပြောတတ်ပါတယ်၊ မအေးသွယ် နားထောင်ချင်မှန်း မသိလို့ပါ၊ ဘာနားထောင်ချင်သလဲ မဟာဝင်လား၊ ဗုဒ္ဓ၀င်လား´ ဟု မေးလေ၏။
မအေးသွယ်က ဗုဒ္ဓ၀င်ထဲက သိဒ္ဓတ္ထမင်းသား တောထွက်ခန်း ပြောပြပါဟု ဆိုသဖြင့် ပြောပြလေ၏။
`ငါတို့ဘုရားလောင်း သိဒ္ဓတ္ထမင်းသားဟာ မယ်ယသော်နဲ့ အိမ်ထောင်ကျပြီး ၁-နှစ်ကြာတော့ သားယောင်္ကျားကလေး တစ်ယောက်ဖွားမြင်သတဲ့၊ အဲဒီသားတော်လေးကို ရာဟုလာလို့ နာမည်ပေးတယ်။ ကလေးမွေးပြီးလို့ ၃-လောက်အကြာမှာ သိဒ္ဓတ္ထက သူ့တပည့် မောင်ဆန်ကိုခေါ်ပြီး နန်းတော်ထဲလျှောက်လည်တော့ အပျိုတော်တွေ အိပ်နေတာကိုလည်း တွေရတယ်။ လူပျိုတော်တွေ အိပ်နေတာကိုလည်း တွေ့ရတယ်။ ဒါနဲ့ မပြီးသေးဘဲ သူ့မယား ယသော်ဓရာ အိပ်နေတဲ့အခန်းထဲကို ၀င်ကြည့်ပြန်သတဲ့၊ အဲဒီမှာ မယ်ယသော်က သူ့သား ရာဟုလာကို နို့တိုက်နေတာကို တွေ့ပါလေရော၊ ဒီတော့ သိဓတ္ထက အင်း ငါသူနဲ့သာ ဆက်ပေါင်းနေလျှင် နောက်ထပ် ကလေးတွေမွေးပြီး ဒီကလေးတွေကို ငါချီနေရတော့မှာပဲလို့ စဉ်းစားမိပြီး မောင်ဆန်ကို `ဟေ့ မောင်ဆန် ငါတော့ ဒီမိန်းမနဲ့ ဆက်မပေါင်းချင်တော့ဘူး မြစ်တစ်ဘက်ကမ်းသွား တရားအားထုတ်တော့မယ်´လို့ ပြောပြီး မောင်ဆန်နှင့်အတူ ဂင်္ဂါမြစ်ဆီ ထွက်ခဲ့ကြတယ်တဲ့။ ဂင်္ဂါမြစ်ကမ်းမှာ ကျယ်ဝန်းလှတဲ့ မြစ်ကြီးကိုကြည့်ပြီး `ငါတို့တော့ ဒီအတိုင်း ကူးနိုင်မှာမဟုတ်ဘူး၊ သစ္စာပြုမှပဲ´ ဟု ဆိုပြီး သိဒ္ဓတ္ထမင်းသားက ငါသည် တရားအားထုတ်၍ ဘုရားဖြစ်မှာ အမှန်ဖြစ်လျှင် ဂင်္ဂါမြစ်ကို ကူးနိုင်ဖို့ လှေ (သို့)ဖောင်တစ်ခုခု ပေါ်ပါစေလို့ သစ္စာပြုသတဲ့၊ ဒီတော့မှ မြစ်ထဲက မိကျောင်းတစ်ကောင် ပေါ်လာတယ်၊ အဲဒီမိကျောင်းကို သိဒ္ဓတ္ထက ရှေ့ကစီး၊ သူ့တပည့် မောင်ဆန်က နောက်ကစီးပြီး မြစ်ကို ဖြတ်ကူးသွားကြသတဲ့´ ဟု ပြောပြသောအခါ မအေးသွယ်က-
`နေပါဦး ကိုဘိုးထင်ရဲ့ ကျွန်မဖြင့် သိဒ္ဓတ္ထမင်းသားဟာ ဥယျာဉ်ထဲက နိမိတ်ကြီးလေးပါမြင်တာနဲ့ သံဝေဂရပြီး၊ ဖွားဘက်တော် မောင်ဆန်နဲ့အတူ ကဏ္ဍကမြင်းကြီးစီးပြီး တောထွက်တာ အနော်မာမြစ် ရောက်တော့ ဘုရားလောင်းက မြင်းစီး၊ မောင်ဆန်က မြင်းမြီးဆွဲ တစ်ဘက်ကမ်း ကူးတယ်လို့ ကြားဖူးပါတယ်´ ဟု ပြောသောအခါ ကိုဘိုးထင်က `မအေးသွယ်ရယ်၊ သိဒ္ဓတ္ထမင်းသားဟာ ဘုရားလောင်းပဲ၊ သူစီးချင်တာ စီးမှာပေါ့´ ဟု ပြန်ပြောလေသတည်း။
***လူထု-ဦးလှ
***(မြန်မာ့ကျေးလက်ပုံပြင်များ…)***

No comments:
Post a Comment