မဝေးလှသော နှစ်များက ရွာကလေးတစ်ရွာ၌ သက်ထားအမည်ရှိသော အရူးတစ်ယောက်ရှိသည်။ သူသည် အရူးဖြစ်သည့်အတိုင်း အလုပ်ဟူ၍ ဘာတစ်ခုမျှမလုပ်၊ တစ်ခါတစ်ရံ သူသည် တောင်းရမ်း၍ စား၏။ တစ်ခါတစ်ရံ သနားတတ်သူများက သူ့ကို ခေါ်ကျွေးလေ့ရှိကြသည်။ သက်ထားသည် ခေါ်ကျွေးသောသူများအား တစ်ခါတလေ အလုပ်လုပ်ပေးသွားသည်လည်း ရှိသည်။ ရပ်ထဲ ရွာထဲတွင် အလှူပွဲ၊ ဘုရားကိုးဆူဆွမ်းကပ်၍ ဂြိုဟ်စာကျွေးပွဲများရှိလျှင်
သက်ထားသည် ၀မ်းသာ၍မဆုံးပြီ။ သူသည် ထိုသာရေး နာရေးပွဲများမှ ဆွမ်းတော်ပွဲ၊ ဘုရားပွဲ၊ ဂြိုဟ်စာခွက်တို့ကို အမြဲစားရသောကြောင့်တည်း။ ရွာသူရွာသားများသည် ထိုဆွမ်းတော်ပွဲ၊ ငှက်ပျောပွဲ၊ ဂြိုဟ်စာခွက်တို့ကို စားလေ့စားထ မရှိကြကုန်။ သက်ထားမပေါ်ခင်က စွန့်ပစ်လေ့ရှိ၏။ သက်ထားမှတစ်ပါး ထိုရွာတွင် အစွန့်ခံသည်ဟူ၍ ရှေးကမရှိခဲ့၊ အစွန့်ခံသူသည်လည်း သက်ထား၊ အပေးခံရသူလည်း သက်ထား၊ စားရသူလည်း သက်ထားဖြစ်၍ သက်ထားသည် ရွာထဲတွင် သာရေး နာရေးရှိက ၀မ်းသာ၍ မဆုံးတော့ပြီ။ ၀မ်းပန်းတသာ ဖြစ်နေတော့သည်။
ခေတ်သည် ပြောင်းလဲခဲ့ပြီ၊ ရွာထဲ၌ သာရေး နာရေးပွဲကိစ္စတို့၌ ဘုရားဆွမ်းတော်၊ ဆုပေးပွဲ၊ ဂြိုဟ်စာခွက်တို့သည် အရူးသက်ထားလျှင် စားသည်မဟုတ်၊ ကလေးသူငယ်တို့လည်း ယူစား ကောက်စားလာကြသည်။ သက်ထားကား မကျေနပ် `ကလေးတွေ ကလေးတွေ´ ဟူ၍သာ ပါးစပ်က ဆိုလေသည်။ ကလေးများသာမက ကာလသားပေါက် လူပျိုပေါက် ကလေးတွေကလည်း ယူ၍စားကြကုန်သည်။ သက်ထားကား `ကလေးတွေသာ မဟုတ်တော့ဘူး၊ ကလေးတွေသာ မဟုတ်တော့ဘူး´ ဟု ဆိုမြည်တမ်း၍ အနည်းအကျဉ်းသာ သူစားရတော့သည်။
တစ်နေ့သောအခါ ရွာထဲ၌ ဂြိုဟ်စာကျွေးသော ပွဲတစ်ပွဲရှိလေသည်။ ကလေးရော၊ လူလတ်ရော၊ လူကြီးရော ဂြိုဟ်စာပွဲကို ကောက်စားရန် စောင့်ဆိုင်းနေကြသည်။ အရူးသက်ထားကား မလာ။ အဘယ်မှာ လာမည်နည်း။ သူမစားရသည်မှာ ကြာလေပြီ။ တစ်ခါတစ်ရံသာ သူ့အားသနားလေ့ရှိသော လူကြီးအချို့က ကောက်ယူပေး၍ စားရသည်။ ကလေးရော လူလတ်ရော လူကြီးရော ဂြိုဟ်စာပွဲကို အရူးသက်ထား မလာသဖြင့် အတော်ပင် ၀မ်းသာနေကြလေသည်။ သက်ထားလာလျှင် လူကြီးများက ကောက်ယူပေးလိမ့်မည်ကို စိုးရိမ်နေကြ၏။
ကလေးရော လူလတ်ရော လူကြီးရော ဆွမ်းတော်ပွဲအစွန့်နှင့် ဂြိုဟ်အနှင်ကို စောင့်နေကြ၏။ အဘယ်မှ ပေါက်လာသည်မသိ၊ အရူသက်ထားသည် ရောက်လာ၏။ ပါးစပ်မှ ဟားဟားဟု ဟားတိုက်ရယ်နေလေ၏။ အားလုံးပင် အရူးသက်ထားအား စူးစိုက်၍ ကြည့်နေကြ၏။ ဆွမ်းတော်အစွန့်နှင့် ဂြိုဟ်အနှင်ကို စောင့်နေသောသူတို့သည် အရူးသက်ထား လုစားလိမ့်မည်ဟု ထင်ကြသည်။ အချို့လူကြီးများသည် သက်ထား အရူးစိတ်ပေါက်လာပြီ၊ ကလေးများကို ရိုက်သွားမှာ ဘုရားကိုးဆူများကို ရိုက်ချိုးသွားမှာ စိုးရိမ်မကင်း ဖြစ်ကြသည်။ အရူးသက်ထားက တဟားဟား ရယ်လျက်ကောင်းတုန်းပင် ရှိ၏။ ဘုရားကိုးဆူဆရာသည် ဂြိုဟ်များကို စနှင်နေသည်။ ဘုရားကိုးဆူဆရာ ဂြိုဟ်နှင်၍ ရွတ်ဖတ်ကောင်းတုန်းရှိစဉ်ပင် ကလေးလူကြီးအားလုံးသည် ဘုရားဆွမ်းတော်ပွဲနှင့် ဂြိုဟ်စာခွက်များကို လုယက်ယူကြကုန်၏။ အရူးသက်ထားက ထိုးဖောက်၍ ဟားတိုက်ရယ်လာ၏။ လုယက်ယူသူများရော၊ အရူးသက်ထား ၀င်လာမလားဟု စိုးရိမ်နေသူများရော သက်ထားကို ၀ိုင်းအုံ၍ ကြည့်နေကြ၏။
အရူးသက်ထားသည် ထလိုက်၏။ ပုဆိုးကို တိုတိုပြင်ဝတ်၏။ ကြည့်နေသူများသည် ပို၍ စိုးရိမ်လာ၏။ အရူးသက်ထားသည် ၀ိုင်းကြည့်သူတို့အား ထိုးဖောက်ထွက်လိုက်၏။ `ဤရွာမှာ သက်ထားထက် ပိုရူးသူတွေ များလာပြီ ပေါလာပြီ´ ဟူ၍ ပါးစပ်မှ သံကုန်ဟစ်၍ ပြေးလေတော့သည်။ အရူးသက်ထားကား ပျောက်ကွယ်၍သွားပြီ။ ထိုနေ့မှစ၍ မပေါ်လာတော့။ သို့သော် ထိုရွာတွင် စည်းမဲ့ကမ်းမဲ့ တစ်စုံတစ်ခုကို ရွာသူရွာသားများလုပ်လာသောအခါ လူကြီးသူမများက `မင်းတို့ သက်ထားထက် ပို၍မရူးချင်ကြပါနှင့်တော့´ ဟု စကားပုံပြ၍ ဆိုဆုံးမကြသဖြင့် ဘုရားပွဲဆွမ်းတော်ပွဲ စသည်ကို မစားကြတော့၊ ယနေ့တိုင် စွန့်ပစ်လေ့ရှိကြလေသည်။
***လူထု-ဦးလှ***
***(မြန်မာ့ကျေးလက်ပုံပြင်များ)***

No comments:
Post a Comment