ရှေးအခါက ချီပါသားနှင့် ပခန်းသားတို့ တွေ့ကြရာ စကားနိုင်ပြောကြဖို့ သဘောတူကြလေ၏။ တစ်ဦးပြောသည့်စကားကို တစ်ဦးကယုံရမည်ဟုလည်း သဘောတူလေ၏။
ပခန်းသားက `တို့အိမ်ကြီးဟာ ဘယ်လောက်ကြီးသလဲဆိုရင် ကျွန်မ ဗြိဝကလေးမွေးတော့ ကြမ်းပေါက်က ကလေးကျသွားတာ အသက် ၉၀-ရှိမှ မြေကြီးရောက်တယ်။ မင်းယုံရဲ့လား´
ချီပါသား။ ။ `ယုံပါတယ်။ အားကြီးယုံတာပေါ့၊ ဒါပေမယ့် မင်းတို့အိမ်ကြီးတာ ဘာဟုတ်သေးသလဲ၊
တို့အဘ သင်္ဘောကြီး ကြီးတာမှ တကယ်ပါ၊´
ပခန်းသား။ ။ `မင်းတို့အဘ သင်္ဘောက ဘယ်လောက်များ ကြီးလို့လဲ ဆိုစမ်းပါဦး၊´
ချီပါသား။ ။ `ကြီးဆို တို့သင်္ဘောကြီး ရေထဲမှာ ခုတ်လာတာ မိုးနဲ့ ခေါင်းတိုင်နဲ့ မလွတ်လို့ ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ မြည်နေတာ မိုးချုန်းသလား အောက်မေ့ရတယ်။ မင်းယုံရဲ့လား။´
ပခန်းသား။ ။ `ယုံပါတယ်၊ ဘာမယုံစရာရှိသလဲ၊ ဒီလောက်တော့ကြီးမှာပေါ့၊ ဒါပေမယ့် မင်းတို့အဘသင်္ဘောက တို့အဖေရေဘူးလောက်တော့ မကြီးတတ်သေးဘူး။ အဲဒါပဲ ဆိုစရာရှိတယ်။´
ချီပါသား။ ။ `မင်းတို့အဖေ ရေဘူးက ဘယ်လောက်များ ကြီးလို့လဲ။ ဆိုစမ်းပါဦး တို့သင်္ဘောထက် ဘယ့်နှယ်လုပ်ပြီး ကြီးမှာတဲ့လဲ။´
ပခန်းသား။ ။ သိပ်တော့ မကြီးပါဘူး၊ ဒါပေမယ့် မင်းခုနက ပြောတဲ့ မင်းတို့ရဲ့ သင်္ဘောကြီးခေါင်းတိုင်နဲ့ မိုးထိပြီး တဂျစ်ဂျစ်နဲ့ ခုတ်လာတာနဲ့ တို့အဘရေဆင်းခပ်တာနဲ့ ဆုံနေတော့ မင်းတို့အဘသင်္ဘောကြီးဟာတို့အဘ ရေဘူးအပေါက်ထဲချာလည်ချာလည်နဲ့ ၀င်သွားတော့တာပါပဲကွာ။´ ဟူ၍ ပြောလိုက်လေ၏။
***လူထု-ဦးလှ**
***မြန်မာ့ရိုးရာ ကျေးလက်ပုံပြင်များ***…

No comments:
Post a Comment