ရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်တွင် တောင်ပြင်သူဌေးနှင့် မြောက်ပြင်သူဌေးသည် ငယ်သူငယ်ချင်းများ ဖြစ်ကြ၏။ တစ်ဦးနှင့်တစ်ဦး မည်သူက သမီးမွေးမွေး သားသမီးရခဲ့လျှင် လက်ထပ်ပေးစားကြစတမ်းဟု အပြန်အလှန် လက်ခုပ်လက်ဝါး ကတိထားခဲ့ကြ၏။
တစ်နေ့သောအခါ တောင်ပြင်သူဌေးမှာလည်း သမီးမိန်းကလေး ဖွားမြင်ပြီး မြောက်ပြင်သူဌေးမှာလည်း သမီးမိန်းကလေး ဖွားမြင်၏။ ဤသို့နှင့် အရွယ်ရောက်လာလျှင် တောင်ပြင်သူဌေးက သူ့သမီးကလေးကို အကျိုးအကြောင်း
ပြောပြလေ၏။ သို့ရာတွင် မြောက်ပြင်သူဌေးတွင် သမီးမိန်းကလေး ဖွားမြင်သောကြောင့် ဘယ်လိုမှ လက်ထပ်၍ မဖြစ်နိုင်သည့် အကြောင်းလည်း ပြောပြ၏။
အကြောင်းစုံကို သိသည့် တောင်ပြင်သူဌေး၏ သမီးကလေးက “ကိစ္စမရှိပါ ဖခင်၊ သူတို့အနီးရောက်တော့ ယောင်္ကျားလို ၀တ်မယ်၊ သမီးအခုပဲသွားပြီး လူပျိုလှည့်ချည်မယ်” ဟု ဆိုပြီး ထွက်သွားလေ၏။
မိန်းကလေးသွားသည်လမ်း၌ ညောင်ပင်ကြီးတစ်ပင်ရှိ၏။ ညောင်ပင်စောင့်သည့်နတ်က မြင်လေသော် ဟဲ့… မိန်းကလေး အဖော်မပါ တစ်ယောက်တည်း ဘယ်ကိုသွားမလို့လဲ” ဟု မေး၏။
မိန်းကလေးက “မြောက်ပြင်သူဌေးသမီးထံ လူပျိုလှည့်သွားမလို့ပါ”ဟု ပြန်လည်ပြောပြ၏။ မိန်းကလေးပြောသည့်စကားကို ကြားသောအခါ ညောင်ပင်စောင့်နတ်က “ဟဲ့… ဘယ်လိုလဲ မိန်းမချင်းချင်း လူပျိုလှည့်တယ်လို့ ရှိသေးသလား”ဟု မေး၏။ ထိုစကားကြောင့် မိန်းကလေးက အကြံတစ်ခုရသွားပြီး “ဒီလိုဆို နတ်မင်းရဲ့ အောက်ပိုင်းနဲ့ကျမရဲ့အောက်ပိုင်း ခေတ္တလဲပါ”ဟု နတ်မင်းအား ကူညီဖို့ပြော၏။ ထိုအခါ တန်မင်းကြီးက မိန်းကလေး မငှားချင်ဘူးဟု ပြောရမည်ကို အားနာသောကြောင့် “၇-ရက်ငှားမယ်၊ ၇-ရက်ကကျော်ရင် နတ်သဘင်အစည်းအဝေးရှိလို့ ပြန်ပြီးပေးပါ၊ အဲဒါကတော့ မမေ့ပါနဲ့”ဟု ပြောပြီး လဲလိုက်၏။
မိန်းကလေးသည် နောက်ပိုးသွားရင်းးက မြောက်ပြင်သူဌေးသမီးနှင့် ညားပြီး ပျော်ပါးနေလိုက်သည်မှာ နတ်မင်းကြီးက အထပ်ထပ်မှာလိုက်သည့် စကားများကို လုံးဝမေ့နေလေ၏။ ထိုကြောင့် ၇-ရက် ပြည့်သောအခါ နတ်မင်းကြီးမှာလည်း တမျှော်မျှော်နှင့် နေသော်လည်း မိန်းကလေးကမူ ပေါ်မလာပေ၊ နတ်မင်းကြီးမှာလည်း နတ်သဘင် အစည်းအဝေးအတွင်းသို့ ၀င်သွားသောအခါ အခြားနတ်များက- “အလို… ဟို နတ်မင်းက ဘယ်လိုဖြစ်တာလဲ အပေါ်က နှုတ်ခမ်းမွေးနဲ့၊ အောက်ပိုင်းက ထဘီဝတ်လို့ပါလား”ဟု ဆိုပြီး ၀ိုင်းရယ်ကြ၏။ ထိုအခါ နတ်မင်းက “မပြောပါနဲ့တော့ နတ်မင်းတို့ရယ်၊ အားနာတာနဲ့ ခါးပါသွားတာပါပဲ”ဟု ဆိုပြီး အကြောင်းစုံ ပြောပြရလေသည်…။
***လူထု-ဦးလှ**
***(မြန်မာ့ ကျေးလက်ပုံပြင်များ)**

No comments:
Post a Comment