ချီပါရွာသားက ပခန်းသားနှင့် စကားနိုင်ပြောတုန်းက သူ့အဘ သင်္ဘောကြီးကို ပခန်းသားက သူ့အဖေ ရေဘူးကြီးနှင့် အုပ်ပြီး အနိုင်ယူသွားသည်ကို မကျေနပ်နိုင်သဖြင့် ပခန်းမြို့သို့ စကားနိုင်ပြောဖို့ သွားလေ၏။ ပခန်းသို့ ရောက်သောအခါ အဖေကို မတွေ့ဘဲ ၁၂-နှစ်ရွယ်သာ ရှိသေးသည့် သူ့သားကလေးကို တွေ့သည်နှင့် `မင်းအဖေ ဘယ်သွားသလဲ´ဟု မေးလေ၏။ `ခင်ဗျားက ဘယ်ကလဲ´ဟု ကလေးက ပြန်မေးရာ၊ ချီပါသားက `ငါက ချီပါရွာကကွ´ဟု ပြောလေ၏။
ကလေးက ဤလူကြီးသည် ချီပါရွာကဆိုရင် ငါ့အဖေနှင့် စကားနိုင်ပြောဖို့ လာတာဖြစ်မှာပဲ၊ ငါ့အဖေနဲ့ မတွေ့ခင် ငါက သူ့ကို စကားကြီးကြီးနဲ့ ကြောက်သွားအောင် ပြောလွှတ်လိုက်မယ်ဆိုပြီး `ကျွန်တော်တို့အဖေ မိုးစုတ်နေလို့ သွားချုပ်ပေးနေပါတယ်´ဟု ပြောလိုက်၏။ ထိုအခါ ချီပါသားက `မဖြစ်ဘူးဟေ့… ကလေးနဲ့တွေ့တာတောင် ဒီလောက် စကားကြီးကြီး ပြောရင်တော့ သူ့အဖေဆို ငါနိုင်အောင် ပြောလို့ရမှာမဟုတ်ဘူး´ဟု ဆိုပြီး ပြန်သွားလေ၏။
ကလေးသည် သူ့အဖေပြန်လာသောအခါ `ချီပါရွာက လူတစ်ယောက် အဖေနှင့် တွေ့ချင်လို့လာတယ်´ ဟု ပြော၏။ သူ့အဖေက `မင်း အဲဒီချီပါသားကို ဘယ်လို ပြောလွှတ်လိုက်သလဲ´ဟု မေးရာ `အဖေ မိုးစုတ်လို့ သွားချုပ်ပေးနေတယ်လို့ ကျွန်တော် ပြောလွှတ်လိုက်တယ်။´ဟု ပြန်ပြော၏။ ထိုအခါမှာ ပခန်းသားကြီးက `မင်းစကားပြောတာ သေးငယ်တယ်၊ ငါ့သားလို့ပြောရမှာ ငါရှက်တယ်။ မင့်ကို လူ့ပြည်မှာ မထားဘူး။ ရေထဲနှစ်သတ်မယ်။ လှေပေါ်တက်´ဆိုပြီး ဖအေက ပဲ့ကလှော်၊ သားကို လှေဝမ်းထဲမှာထားပြီး ရေလယ်ကို လှေလှော်သွားရာ သားက `ငါ့အဖေကို စကားတစ်ခွန်း နိုင်အောင်ပြောနိုင်မှ ငါ့အသက် ချမ်းသာတော့မယ်။ အဲဒီလို မပြောနိုင်ရင် ငါ့ကို ရေထဲနှစ်သတ်တော့မှာပဲ´ဟု စဉ်စားပြီး `အဖေရေ ငါးကြီးဗျ ငါးကြီးဗျ´ဟု ပြောလိုက်လေ၏။ ထိုအခါ အဖေက `ဘယ်မလဲဟ ဘယ်မလဲ´ဟု မေးရာ `အဖေက အကြည့်နှေးလို့ ကျွန်တော် ဆေးလိပ်မီးနဲ့ ဖုတ်စားလိုက်ပြီ´ဟု ပြောလိုက်တော့မှ အဖေက `ငါ့သားတော်သားပဲ။ ငါ့ကိုတောင် နိုင်အောင် ပြောနိုင်တယ်။´ဟု ဆိုပြီး မသတ်ဘဲ ပြန်ခေါ်လာလေသည်။
**လူထု-ဦးလှ**
… *** မြန်မာ့ရိုးရာ ကျေးလက်ပုံပြင်များ…**

No comments:
Post a Comment