တစ်ခါက အထက်အညာ ကျေးရွာတစ်ရွာတွင် ဆီကုန်သည် တစ်ဦးအိမ်သို့ အခြားရွာမှ ကုန်သည်တစ်ယောက် ဆီဝယ်ယူရန် ရောက်ရှိလာလေသည်။
ဆီကုန်သည်၏ အိမ်မှာ ခြေတံရှည်အိမ်မြင့်ဖြစ်၍ အထက်ထပ်တွင် ကွမ်းလက်ဖက်စားရင်း အရောင်းကိစ္စကို ၄င်းတို့နှစ်ဦး ပြောဆိုကြလေသည်။
အိမ်ခံ ဆီကုန်သည်မှာ စကားပြောနေရင်းမှ “ဟဲ့”ဟု ဆိုလိုက်၊ တစ်ဖန် စကားဆက်ပြောလိုက်၊ ခဏကြာသော် “
ဟဲ့”ဟု ထပ်ဆိုလိုက်နှင့် စကားပြောရင်း ခဏ ခဏ “ဟဲ့”လုပ်နေရာ ဆီဝယ်ရန်လာသော ကုန်သည်မှာ မနေနိုင်တော့သဖြင့် “နေပါဦးဗျ၊ ခင်ဗျားဟာက ကျုပ်နဲ့ စကားပြောရင်း၊ ပါးစပ်က တဟဲ့ဟဲ့ လုပ်နေတာက အကျင့်ဖြစ်နေလို့ပဲလား၊ ဘာကြောင့် လဲဗျ”ဟု မေးလေတော့သည်။
ထိုအခါ ဆီသည်ကြီးက “အကျင့်မဟုတ်ပါဘူးဗျာ၊ အိမ်အောက်က ဆီဆုံလှည့်တဲ့နွားတွေ ရပ်ရပ်သွားလို့ မောင်းတာပါ”ဟု ဆိုလေသည်။
ထိုအခါ ဧည်သည် ကုန်သည်ကြီးက “ခင်ဗျား နွားတွေ သွားနေတယ် မသွားဘူးဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိသလဲ”ဟု မေးလေသည်။
“ကျုပ်နွားတွေ သွားတယ် မသွားဘူးသိရအောင် လည်ပင်းမှာ ခြူဆွဲထားတယ်ဗျ၊ ခြူသံရပ်သွားရင် နွားမသွားဘူးဆိုတာ သိရတာပဲ”ဟု ပြောလေသည်။
ဤတွင် ဆီလာဝယ်သော ကုန်သည်က ပြုံး၍ “ဒါဖြင့် ခင်ဗျား နွားတွေက မသွားဘဲ ခေါင်းချည်း ရမ်းနေရင်ကောဗျာ”ဟု ပြောလိုက်ရာ- “နွားက တိရစ္ဆာန်ပဲဗျာ၊ မိတ်ဆွေကြီးပြောသလို စိတ်ကူးရပြီး ဘယ်တော့မှ မလုပ်ပါဘူး”ဟု ပြန်ပြောလေသည်…။
**လူထု-ဦးလှ**
***(မြန်မာ့ ကျေးလက်ပုံပြင်များ)***

No comments:
Post a Comment