(သြဂုတ်လ ၂၉-ရက်)
ထိုင်းနိုင်ငံချင်းမိုင်အခြေစိုက် မက်ဖောင်ဒေးရှင်း(ခေါ်)တိုင်းရင်းသားအလုပ်သမားကျန်းမာရေးနှင့်ပညာပေးရေးအစီအစဉ်က ယမန်နေ့ နေ့လည် ပိုင်းတွင် ဘန်ကောက်မြို့ နိုင်ငံခြားသတင်း ထောက်များကလပ်၌ သတင်း စာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့သည်။ အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကိုလာပြီးအလုပ်လုပ်ကိုင်နေကြ သော မြန်မာအလုပ်သမားများအနက် အိမ်ဖော်အလုပ်သမား များ၏ အခြေအနေများကို ထိုင်းအစိုးရအနေဖြင့် ၀ိုင်းဝန်းဖြေ ရှင်းကူညီပေးရန် မက်ဖောင်ဒေးရှင်းက တိုက်တွန်းပြောဆို သည်။ `လုပ်အားခအပြည့်အ၀ မရရှိနိုင်သလို ကာအိနြေ္ဒအကာအကွယ်မဲ့တဲ့အပြင် အိမ်ရှင်အသတ်ခံရတာ လည်း မကြာခဏဆိုသလို ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်တတ်တာတွေ သိရပါတယ်။

ထိုင်းအလုပ်သမားတွေကို ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက အကူအညီတွေရရှိသလိုမျိုး မြန်မာအိမ်တွင်းအလုပ်သမားတွေကိုလည်း ပေးသင့်ပါတယ်။ ပြီးတော့ သူတို့တွေကို နားခွင့်နားရက်ပေးသင့်ပါတယ်´ ဟု မက်ဖောင်ဒေးရှင်း ဒါရိုက်တာ Jackie Pullot ကပြောသည်။ ဘန်ကောက်အခြေစိုက် ကမ္ဘာ့အလုပ်သမားများအဖွဲ့ ILO အာရှ အလုပ်သမားအခွင့်အရေး မြှင့်တင်ရေးအထူးကိုယ်စားလှယ် Tin De Meyet က `လာမယ့် အိုင်အယ်အိုအစည်းအဝေးမှာတင်ပြသွားမယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ အချိန်အများကြီးလုပ်ရပြီးတော့ အရမ်းပင်ပန်းပါတယ်။ နားရက်တွေမှာ သူတို့တွေကိုအနားပေးခြင်းဟာ စိတ်ကျမ္မာရေးရော ကိုယ်ကျမ္မာရေးအတွက်ပါ အထောက်အပံ့ဖြစ်စေပါတယ်။ သူတို့ဖြစ်ရပ်တွေဟာ တော်တော်စိတ်မကောင်းစရာဖြစ်ပါတယ်´ဟု ပြောသည်။ မြန်မာအိမ်ဖော်အလုပ်သမားလေးတွေ အကာအကွယ်မဲ့တာနဲ့ ပတ်သက်ပြီးတော့ မက်ဖောင်ဒေးရှင်းက အိမ်ဖော်အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာနခေါင်းဆောင် မြန်မာရှမ်းအမျိုးသမီး ပင် က `အချိန်ပြည့်အလုပ်လုပ်ရတဲ့ အိမ်အလုပ်သမားတွေရဲ့ အခြေအနေတွေကို သိရအောင်လို့ ကျမတို့ မက်ဖောင်ဒေးရှင်းက ပြီးခဲ့တဲ့လပိုင်းက ပို့စ်ကဒ်ကန်ပိန်းလုပ်ခဲ့ပါတယ်။ လက်မှတ်ထိုးထားတဲ့ ပို့စ်ကဒ်ပေါင်း ၆၁၂၀ ရရှိခဲ့ပါတယ်။ ပိုစတာမှာ အိမ်အလုပ်လုပ်တဲ့ အိမ်ဖော်အလုပ်သမတစ်ယောက လက်တွေခြေတွေမလားလပ်အောင် အလုပ်များတယ်ဆိုတဲ့ ပန်းချီပုံကို ရေးဆွဲထားပါတယ်။ အိမ်ဖော်ကိစ္စရပ်တစ်ခုခုပေါ်ပေါက်လာရင် ကျမကိုဆက်သွယ်ပေးကြပါ။ ကျမတို့ တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီပေးပါမယ်´ဟု ပြောသည်။ မက်ဖောင်ဒေးရှင်းယာယီ သုတေသနမှူး ပအို့ဝ်အမျိုးသား ကိုခွန်အောင်က `ထိုင်းနိုင်ငံကို ရောက်ရှိလာကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ အခွင့်အရေးဆိုင်ရာကိစ္စတွေ ပညာရေးနဲ့ ကျမ္မာရေးဆိုင်ရာအခွင့်အရေးတွေကို သိရှိအောင်လေ့လာရမယ်။ ပြီးတော့ အလုပ်သမားအရေးဆောင်ရွက်တဲ့အဖွဲ့တွေ၊ အင်ဂျီအိုတွေရဲ့ ဖုန်းနံပါတ်တွေကို သိရှိအောင် စုံစမ်းထားသင့်တယ်´ဟု ပြောသည်။ နောက်သုသေတနမှူးတစ်ဦးဖြစ်သူ ကိုစိုးလင်းအောင်က `ကျနော်အဓိက သုသေတနလုပ်တဲ့ မဲဆောက်နဲ့ ချင်းမိုင်မှာ အိမ်အလုပ်သမားတွေဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ စီးပွားရေးတွေကျဆင်းလာတာကြောင့် အလုပ်ဖြုတ်ခံရတာတွေရှိပါတယ်။ ဒါပေမယ့် မြန်မာအလုပ်သမားတွေဟာ နေရပ်ရင်းကို မပြန်လိုကြဘူး။ ဖြစ်သလိုနေထိုင်စားသောက်ပြီးအလုပ်အကိုင် ပြန်ရအောင်စောင့်ဆိုင်းနေကြသလို ရရာအလုပ်တွေကို ရသလောက်လုပ်အားခနဲ့ ၀င်လုပ်နေတာတွေရှိပါတယ်´ဟု ပြောသည်။ မြန်မာနိုင်ငံတွင် အုပ်ချုပ်နေသော စစ်အာဏာရှင်များက တိုင်းပြည်၏ စီးပွားရေးကို တိုးတက်အောင်စီမံခန့်ခွဲနိုင်ခြင်းမရှိခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း မရှိသလောက် ဖြစ်လာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ အိမ်နီးချင်းထိုင်းနိုင်ငံသို့ မြန်မာများနေ့စဉ်ဝင်ရောက် အလုပ်လုပ်ကိုင်နေကြဆဲဖြစ်သည်။ အင်ဂျီအိုများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမား ၂-သန်းနီးပါးရှိကြောင်း ပြောထားကြပြီး အိမ်ဖော်အလုပ်လုပ်ကိုင်နေသူပေါင်း ၂-သိန်းထက်မနည်းရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။
***ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment