ဟိုက်ရှာလပတ်ရည်…။ ဒို့တတွေရဲ့ နွားမရေးရာ ကျွမ်းကျင်သူတွေ(အဲလေ)မြန်မာ့ရေးရာ ကျွမ်းကျင်သူတွေ တောင် ကမ္ဘာ့အကြီးဆုံး အစ္စလာမ်ဘာသာဝင်တွေရဲ့ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံကို ဗုံးမကြောက်၊ ပုံးခေါက်ပြီး ကုန်းကောက်(အဲဗျာ)ဗုံးမကြောက်၊ နာနတ်သီးမကြောက်နဲ့ ရောက်သွားကြပါကလား။ အံမယ်… အံမယ် ဂျကာ တာမြို့မှာ သြဂုတ်လ ၁၂-နဲ့ ၁၃-ရက်တွေမှာ မြန်မာ့အရေးအတွက် နှမကလေး၊ နွားမက လေးများနဲ့ (အဲ-ဟုတ်ပေါင်)ညီအကို မောင်နှမများနဲ့ အင်အားစု(၇)စုရဲ့ ပေါင်းစုတဲ့ “ခုနစ်စဉ်ကြယ်သဏ္ဍန်… မြန်မာ့ဒီမိုကရေစီတောင် ပံ ခတ်သံ” တွေကို ခွပ်ဒေါင်းလေလား၊ တိုက်ကြက်လေလား ရှုစားရတော့မှာပါလား ဟရို့….။
သြော်… အင်ဒိုနီးရှားနဲ့ ဂျကာတာ ဆွေးနွေးပွဲရယ်၊ ဗုံးပေါက်ကွဲမှုတွေရယ်(ကိုယ်ရယ်၊ မင်းရယ်၊ ပိတောက်ရယ် ဆိုတဲ့ တွံတေးသိန်းတန် သီချင်းလိုပေါ့ဗျာ) ပြီးခဲ့တဲ့ ရက်များမကြာမီက မန်ချက်စတာယူနိုက်တက် (မန်ယူ)နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်လိုလူစားမျိုးတောင် အင်ဒိုနီးရှားနိုင်ငံ လက်ရွေးစင်အသင်းနဲ့ ကစားဖို့ကို သူတို့တည်းခိုမယ့် ဂျကာတာမြို့လယ်ဟိုတယ်ကြီးမှာ ဗုံးပေါက်ကွဲတဲ့အခါ အဲဒီခြေစမ်းပွဲကို ဖျက်သိမ်းလိုက်တယ်မဟုတ်ပါလား…။
ဒီနေရာမှာ သာဓကကောင်းကောင်း ပြချင်တာက ထိုင်းနိုင်ငံထဲမှာ နေဖူးသူတိုင်း သိတဲ့ဥပမာတွေပေါ့ဗျာ..။ ဥပမာအားဖြင့် ထိုင်းနိုင်ငံက ဘယ်ဒေသမှာမဆို သူရဲ တစ္ဆေရှိတဲ့အိမ်(၀ိညဉ်အိမ်)တွေကို ငှါးရမ်းတဲ့အခါ ဈေးချိုချိုနဲ့ ငှါးရမ်းလို့ ရတယ်မဟုတ်လားဗျ…။ အဲသလိုပဲ ထိုင်းအာဏာပိုင်(လ၀က၊ ပုလိပ်၊ နယ်ခြားစောင့်၊ မြို့ပိုင်အစောင့်တပ်) စတဲ့ အာဏာပိုင်တွေက လက်မှတ်မရှိတဲ့ မြန်မာပြည်သားတွေကို ဖမ်းဆီးပြီးတဲ့ရပ်ကွက်၊ ကျေးရွာ၊ ခြံဝန်း စတာတွေဟာ နောက်တကြိမ် သူတို့ထပ်လာဖို့ အချိန်ကြာဦးမှာဖြစ်တာမို့ သူတို့ဖမ်းပြီးတဲ့ အဲဒီနေရာတွေကို ဘာလက်မှတ်မှမရှိတဲ့သူတွေကို တိမ်းရှောင်ခိုအောင်းရင် မလွတ်နိုင်ဘူး ထင်သလားဗျို့…။ လွတ်တာမှ သောင်ရင်းမြစ်တောင် ကျော်သွားနိုင်တယ် မိတ်ဆွေ…။
ဆိုလိုတာက မန်ယူအသင်းမလာမီ ဗုံးပေါက်ကွဲထားတဲ့ ဟိုတယ်မှာ ကျနော်တို့ မိတ်ဆွေများ တည်းဖြစ်အောင်တည်းပါ။ စိတ်ချရပါတယ်။ ဂျမားအစ္စလားမီးယား(ဖြစ်နိုင်ရင်) အိုစမာဘင်လာဒင်နဲ့ အယ်ခိုင်းဒါးအဖွဲ့ အင်ဒိုနီးရှားဌာနခွဲခေါင်းဆောင်နဲ့ ကွန်တက်လုပ်ပါ။ ကွန်ယက်အသင်းဖွဲ့ပြီး တံငါလုပ်စား(အဲလေ)ကွန်ယက်တည်ဆောက်ပါ။ သမ္မတကြီး ဆူဇီလိုယိုဒိုယိုနိုဘန်ဘန်းနဲ့ တွေ့ခွင့်တောင်းပါ။ (သူနဲ့တွေ့ရင် ချဲဂဏန်းအပိုင်ကွက်တောင်း-အဲလေ- နောက်တစ်ခါ ဆူနာမီဘယ်တော့ ထပ်ဖြစ်မလဲ။ ဖြစ်ကောဖြစ်အုံးမှာလား သေချာမေးပြီး သူကဖြစ်စရာ ကျိန်းသေရှိတယ်လို့ မိတ်ဆွေတွေကိုပြောခဲ့ရင် ထိုင်းနိုင်ငံက သွားတဲ့ချစ်မိတ်ဆွေများအနေနဲ့ ပရိုပိုဇယ်ကြိုတင် ရေးထားဖို့၊ ဘတ်ဂျက်ကြိုတင် အဆက်အသွယ်လုပ်ခဲ့ဖို့ မမေ့ပါနဲ့လို့ သတိပေးပါရစေ……။
(ဆက်လက်ဖော်ပြပါမည်)
***ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)***
***(အပိုင်း- ၁)**

No comments:
Post a Comment