တစ်ခါက ရွာတစ်ရွာတွင် တောင်ကျောင်း မြောက်ကျောင်းဟူ၍ ကျောင်း ၂-ကျောင်းရှိလေသည်။ ၂-ကျောင်း စလုံးတွင် ဘိုးသူတော် တစ်ပါးစီရှိ၏။ ဘိုးသူတော် ၂-ပါးသည် မကြာခဏဆိုသကဲ့သို့ တစ်ဦးနှင့် တစ်ဦးတွေ့ဆုံ ကြပြီး ပညာစမ်းလေ့ရှိကြသည်။
တစ်နေ့တွင် မြောက်ကျောင်း ဘိုးသူတော်က ပညာစမ်းလို၍ တောင်ကျောင်းသို့ သွားရောက်လည်ပတ်လေ၏။ အာဝါသိကဘိုးသူတော်ကလည်း ပျာပျာသလဲကြိုဆိုပြီး `ဟာ- မိတ်ဆွေကြီး မလာတာ အတော်ကြာသွားပြီ၊ နေမှ ကောင်းရဲ့လားလို့ အောက်မေ့နေတယ်၊ လာရင်းကိစ္စလေးလည်း ပြောအုံးမှပေါ့´ စသည်ဖြင့် နေရာထိုင်းခင်းပေး၍ ဖိတ်ခေါ်လေသည်။
မြောက်ကောင်းသူတော်ကမူ အပိုင်တွက်ပြီး လာသူဖြစ်၍ `အင်း… လာတယ်ဆိုတော့လည်း အကြောင်းရှိလို့ပေါ့။ တခြားတော့ မဟုတ်ပါဘူး၊ ပညာလေးဘာလေး မေးရအောင် လာတာပါ´ဟု လိုရင်းကို တိုတို တုတ်တုတ်ပင် ပြန်ပြောလိုက်သည်။
တောင်ကျောင်းသူတော်ကလည်း အားကျမခံဘဲ `အဆွေတော် လာကတည်းက ဒီကိစ္စနှင့် လာရမှာပဲလို့တော့ ထင်သားဘဲ၊ ကျုပ်ကလည်း ပညာလေးဘာလေး မဖလှယ်ရတာကြာတော့ အဆွေတော်ကို သတိရနေတာ၊ ကိုင်း… ကိုင်း ဆိုစမ်းပါဦး အဆွေတော်က ဘာများမေးမှာလဲ´ ဟု ချက်ချင်းပင် ပြန်ပြောလိုက်သည်။
မြောက်ကျောင်းသူတော်ကလည်း အနည်းငယ်ပြုံး၍ ရင်ကိုကော့ လိုက်ပြီး `ကိုင်း… ဒါဖြင့် မိတ်ဆွေကြီး `စိန္တေသိ´ဆိုတာ ဘာလဲ သိရဲ့လား´ ဟု မေးလိုက်လေသည်။ တောင်ကျောင်းသူတော်မှာ သူမသိသည်ကို ပေါ်သွားမည်စိုးသဖြင့် ခေါင်းကုတ်၍နေစဉ် မြောက်ကျောင်းသူတော်ကပင် ဆက်ပြီး `ဖြေးဖြေးပေါ့ မိတ်ဆွေကြီးရယ် စဉ်းစားဦးပေါ့၊ ကျုပ်လည်း ကျောင်းမှာ လုပ်စရာရှိတာလေးတွေ ပြန်လုပ်လိုက်ပါဦးမယ်၊ နက်ဖြန်မှ တစ်ခေါက်လှည့်ခဲ့ပါဦးမယ်လေ´ ဟု ပြောပြီး ထွက်သွားလေ၏။
နောက်နေ့အထိ တောင်ကျောင်းဘိုးသူတော်မှာ မအိပ်မနေ စဉ်းစားတွေးတောသော်လည်း အဓိပ္ပါယ် မပေါ်လာ၍ မြောက်ကျောင်းသူတော် လာမည့်အချိန်ကိုသာ ပင်ပန်းစွာ စောင့်နေ၏။ မွန်းလွဲပိုင်းတွင် မြောက်ကျောင်းဘိုးသူတော် ရောက်ရှိလာပြီး `ကဲ… ဘယ့်နှယ်လဲ မိတ်ဆွေကြီး စဉ်းစားလို့ရပြီလား။ ကျုပ်က နောက်ထပ် ပုစ္ဆာတစ်ပုဒ်တောင် မေးအုံးမလို့ ကြံထားတာဟု အပြောတွင် တောင်ကျောင်းဘိုးသူတော်က ရှက်ရှက်နှင့် စိတ်ပေါက်လာပြီး `စိန္တေသိ-ကြံတုန်းရှိသေး၊ ပုစ္ဆာ- မေးပြန်ပြီ´ဟု လွှတ်ခနဲ ပြောလိုက်လေရာ…
မြောက်ကျောင်း ဘိုးသူတော်က `ငါ့မေးခွန်းကို သိတယ်ကိုး၊ တောင်ကျောင်းသူတော် စာအတော်တတ်နေပြီကော´ဟု စဉ်းစားမိပြီး ပြန်သွားလေတော့သတည်း….။
လူထု-ဦးလှ
(မြန်မာကျေးလက်ပုံပြင်များ)

No comments:
Post a Comment