ဓာတ်ပုံသတင်းထောက် နီကယ်ဘရီနန်နှင့် ကနေဒါသတင်းထောက် အာမင်ဒါလင်းဟောက်တို့ကို ဆိုမာလီသေနတ်သမားများက ၁၅-လကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီးနောက် ယခုအခါ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ သတင်းစာဆရာနှစ်ဦးတို့ကို နိုဝင်ဘာလ ၂၅-ရက်နေ့ညပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း၊ ၄င်းတို့နှစ်ဦးသည် ရဲတပ်ဖွဲ့ဝင်အပါအ၀င်
ဆိုမာလီလွှတ်တော်အမတ် ဘိုတန်အက်စီအာလင်နှင့်အတူ မိုဂါဒစ်ရှူးဟိုတယ်တစ်ခုတွင် ရှိနေကြောင်း ရုပ်မြင်သံကြား သတင်းထောက်က ပြောကြားသည်။ (အင်တာနက်)
***ရုရှားနိုင်ငံ၏ အက်စ် ၃၀၀-ဒုံးပျံစနစ် အီရန်သို့ မပို့ရန် အမေရိကန်နှင့် အစ္စရေး သတိပေး***
အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့သည် အီရန်နိုင်ငံသို့ ရုရှားနိုင်ငံ၏ အက်စ် ၃၀၀-ဒုံးပျံစနစ်ပေးပို့ခြင်း မပြုရန် ရုရှားနိုင်ငံအား သတိပေးနေသည်ဟု အဆင့်မြင့် အီရန်တပ်မှူးတစ်ဦးက ပြောကြားသည်။ အီရန်နိုင်ငံသို့ ရုရှားနိုင်ငံ၏ အက်စ် ၃၀၀-ဒုံးပျံစနစ်ပေးပို့ရေးတွင် နှောင့်နှေးနေခြင်းသည် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က ရုရှားနိုင်ငံအား ဖိအားပေးနေခြင်းကြောင့် ဖြစ်သည်ဟု အီရန်တော်လှန်ရေးအစောင့်တပ် အိုင်အာဂျီစီတပ်မှူး ဗိုလ်ချုပ် မိုဟာမက်အလီဂျာဖာရီက ပြောကြားသည်။ (အင်တာနက်)
*** ယီမင်ပိုင်နက်သို့ ကျူးကျော်ခြင်းမရှိကြောင်း ဆော်ဒီပြောကြား***
(ရီယာ့ဒ်၊ နိုဝင်ဘာလ ၂၆-ရက်)
ရှီးယိုက်သူပုန်များကို တိုက်ခိုက်ရန်အတွက် ယီမင်နိုင်ငံ ပိုင်နက်မြေအတွင်းသို့ မိမိ၏ တပ်ဖွဲ့များ ကျူးကျော်ဝင်ရောက်ခဲ့သည်ဆိုသော သတင်းကို ဆော်ဒီအာရေဗျနိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ငြင်းဆိုလိုက်သည်။ ယီမင်နယ်မြေအတွင်းရှိ သူပုန်များကို ဆော်ဒီတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ကြောင်း သတင်းဌာနအသီးသီးက ဖော်ပြထားသောသတင်းသည် လိမ်လည်ခြင်းနှင့် လုပ်ကြံဖန်တီးထားခြင်းသာဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း နိုင်ငံပိုင်သတင်းဌာန အက်စ်ပီအေက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည်။ ဟူသီသူပုန်များကို မိမိတို့ပိုက်နက်အတွင်းမှ မောင်းထုတ်ရန်သာ ဖြစ်ပြီး နယ်စပ်ကို ဖြတ်ကျော်ခြင်းမပြုရန် ဘုရင်အဗ္ဗဒူလာက ဆော်ဒီတပ်ဖွဲ့များကို အမိန့်ထုတ်ထားခဲ့ကြောင်း အမည်မဖော်လိုသူအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အက်စ်ပီအေက ပြောကြားသည်။ ဆော်ဒီတပ်ဖွဲ့များက တနင်္လာနေ့တွင် နယ်စပ်တစ်လျှောက် ကြည်းတပ်၊ ရေတပ်ဖြင့် အလုံးအရင်း စစ်ခင်းလာခြင်းကို ယီမင်အစိုးရနှင့် ငါးနှစ်ကြာတိုက်ခိုက်နေကြသော ဟူသီ၊ ဇိုင်ဒီရှီးယိုက်သူပုန်တို့က ပြန်လည်တွန်းလှန်နိုင်ခဲ့ကြောင်း အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ (အင်တာနက်)
*** မွမ်ဘိုင်းတိုက်ခိုက်မှုတွင် သံသယရှိသူများကို ပါကစ္စတန်အစိုးရ တရားစွဲဆို***
(အစ္စလာမ္ပာဘတ်၊ နိုင်ဝင်ဘာလ ၂၆-ရက်)
ပါကစ္စတန်အစိုးရသည် လွန်ခဲ့သော နှစ်က ဖြစ်ပွားခဲ့သည့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ယူဆရသူ ခုနှစ်ဦးကို ဗုဒ္ဓဟူးနေ့က တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့က မွမ်ဘိုင်းအကြမ်းဖက်မှုတွင် ပါဝင်သော တရားခံများအား ပါကစ္စတန်အစိုးရက မည်သို့မည်ပုံ အရေးယူမည်ကို စောင့်ကြည့်နေကြသည်။ စွပ်စွဲခံရသူ ခုနှစ်ဦးတို့က မွမ်ဘိုင်းတိုက်ခိုက်မှုတွင် ၄င်းတို့ပါဝင် ပတ်သက်မှုမရှိကြောင်း လျှောက်ထားခဲ့သည်ဟု တရားခံ အကျိုးဆောင်ရှေ့နေ ရှာဘက်ဇ်ရာ့ဂ်ျပွတ်က ပြောကြားသည်။ လက်ရှ်ကာ-အီး-တိုင်ဘာစစ်သွေးကြွအုပ်စုနှင့် ပတ်သက်သည်ဟု ယူဆရသော အဆိုပါ ခုနှစ်ဦးတို့သည် ပြစ်မှုထင်ရှားလျှင်သေဒဏ် ချမှတ်ခံရဖွယ်ရှိသည်။ တရားစွဲဆိုခံရသူများထဲမှ ဇာကီ-အာ-ရီမင်း လက်ဗီနှင့် ဇာရာရှားဆိုသူ နှစ်ဦးတို့သည် မွမ်ဘိုင်းတိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူများဖြစ်ကြောင်း အိန္ဒိယနိုင်ငံက စွပ်စွဲထားသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***
***ကနေဒါ သတင်းထောက်နှစ်ဦး ဆိုမာလီသေနတ်သမားများ ပြန်လွှတ်ပေးခဲ့***

No comments:
Post a Comment