ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းပြုစဉ် ဘုရားလောင်းသည် ကာ သိ တိုင်: ၌ ပုဏ္ဏားမျိုး၌ ဖြစ်သည်။ ဘုရာ:လောင်း၏ဖခင် သောမဒတ္ထသည် လယ်ယာလုပ်ကိုင်စားသောက်ရာ အကျိုးပေးနည်းသဖြင့် ဆင်းရဲ၏။ ဘုရားလောင်းသည် အရွယ်သို့ရောက်သော် တက္ကသိုလ်ပြည်တွင် အတတ်သင်သည်။ ပညာပြည့်စုံသော ဗာရာဏသီမင်းထံ ခစားသည်။ ဘုရားလောင်းသည် ဆင်းရဲသောမိဘနှစ်ပါးကို ထောက်ပံ့လိုစိတ်ဖြစ် သော်လည်းအခွင့်မကြုံသေး၍ စောင့်ဆိုင်းနေ၏။
တစ်နေ့တွင် ဖခင်သောမဒတ္ထလယ်ထွန်းရင်:နွားတစ်ကောင် သေသည်။ ကျန်တစ်ကောင်တည်းနှင့် လယ်ဆက်လုပ်၍ မဖြစ်ရာ အကြံအိုက်ပြီး ငေးမှိုင်နေသည်။
`သား… အဖေ့အခက်အခဲ ကူပါဦး´
`အင်း… ကျနော် ကူညီချင်ပါတယ်… ဒါေ်မယ့် နွားတစ်ကောင်ဝယ်ပေးနိုင်တဲ့ စွမ်းအား မရှိပါ´
`ချစ်သား… သင့်ကို မင်းကြီးက မြတ်နိုးတာ အဖေသိပါတယ်။ အခက်အခဲကို တင်လျှောက်ရင် ကူညီတန်ကောင်းပါရဲ့´
`အဖေ့စကားမှန်တော့ မှန်ပါတယ်။ ဒါပေမယ့် ကျနော်နဲ့ မင်းကြီးသိခြင်းက မကြာသေးပါ။ အကျွမ်းတ၀င်မရှိခင် တောင်းရမ်းခြင်းပြုရင် ချစ်စိတ်ပျက်ပြယ်တတ်ပါတယ်။ အဖေ´
`ဒါလည်းမှန်ပါတယ်´
`အိုဖခင်… မင်းဧကရာဇ်ဟူသည် ပြသည်သူ၏ ဖခင်ဖြစ်ပါတယ်။ သားသမီးဒုက္ခကြီးငယ်ဖြစ်ရင် မိဘတို့လစ်လှူရှုမနေကြပါ။ ဖခင်ရဲ့ပြဿနာကို မင်းကြီးထံ ကိုယ်တိုင်တင်ပြရင် ရနိုင်ကောင်းပါတယ်´
`အင်း… သားပြောတာတော့မှန်တယ်။ ဒါပေမယ့် ခက်တယ်သား´
`ဘာခက်လဲဖခင်´
`ငါဟု လူတောသူတော မတိုးဖူးဘူး။ တစိမ်းတရံစာနဲ့ လည်းစကားမဆိုဖူးဘူး။ အဲလိုဆက်ဆံရမှာ ငါစိုးရိမ်တယ်။ အထူးသဖြင့် မင်းစိုးရာဇာတွေဆို ဖခင်ကြောက်တယ် သား´
`ဒါ ကြောက်စရာမဟုတ်ပါဖခင်။ မင်းဧကရာဇ်ဟူသည် ပြည်သူကိုချစ်မြတ်နိုးတယ်။ ပြည့်သူအကျိုးဆောင်တယ်။ ပြည်သူ့ရဲ့ဒုက္ခရင်မီးငြိမ်းစေတယ်။ ဒါဓမ္မတာပါ။ ဖခင်အနေနဲ့ မင်းကြီးဝင်လျှောက်လို့ အပြစ်တင်မှာ မဟုတ်ပါဘူး´
`ပြောတာတော့ လွယ်တယ်´
`ငါကစကား အမြီးအမောက်တည့်အောင် ပြောတတ်တာ မဟုတ်ဘူး။ ဘာစကားဘယ်ကစပြောမလဲ´
`ဒီအတွက် မပူနဲ့ ဖခင်… ကျနော်သင်ပေးပါမယ်´
ဒုက္ခရောက်နေသော ဖခင်ကြီးပြဿနာစိမ့်သောငှာ မင်းကြီးထံ နွားတစ်ကောင်ဝင်တောင်းဖို့ အကြံပေးလိုက်သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘုရားလောင်းသည် ဖခင်ကို ဗီရဏာထမ္ဘကာ သုသာန်သို့ခေါ်သွားသည်။ အရိပ်ကောင်းသည့် သစ်ပင်အောက်တွင် သားအဖနှစ်ယောက်ထိုင်ပြီး နန်းတော်၏ အဆင်အပြင်ကို ချပြသည်။
`ဒီနေရာက နန်းရင်ပြင်ဆိုပါတော့ အဖေရာ… မင်းကြီးကဟောလိုနေရာ၊ ပလ္လင်ထက်မှာ ထိုင်နေလိမ့်မယ်´
ကျောက်တုံးတစ်တုံးပေါ်တွင် မြက်တစ်ဆုပ်ကိုတင်လျှက် မင်းဟူသော အမှန်နဲ့ပြသည်။
`ဒီလိုနေရာမှာ အိမ်ရှေ့ကိုယ်တော်က ထိုင်လိမ့်မယ်´
`အိမ်ရှေ့ ကိုယ်တော်ဆိုတာက´
`နောင်တစ်ချိန်မင်းဖြစ်မယ့် ဗြဟ္မဒတ်မင်းရဲ့သား´
`သြော်… သြော်´
`ဒီနေရာမှာက စစ်သူကြီး၊ ဒီဘက်မှာက သက်တော်ရှည် အမတ်ကြီး… ဟောဒီလိုနေရာမှာက ဒူးနေရာ၊ တော်နေရာ အမူထမ်းတွေ ရှိလိမ့်မယ်´
`မင်း လူတွေကများလှချည့်လား´
လူဘုံအလယ်သွားလေ့သွားထမရှိသော ဖခင်ကြီးက သရုပ်ပြသည်ကိုကြည့်ပြီး ရွံ့တွံ့တွံ့ အမူအရာနှင့်ပြောသည်။
`များပေမယ့် ဖခင်အလေးဂရုပြုရမှာက ဗြဟ္မဒတ်မင်းကြီးကိုပဲ အဖေရဲ့။ အဖေ့ အကျိုးဆောင်နိုင်မှာ မင်းကြီးပဲရှိတယ်´
`အင်း… ဟုတ်ပါပြီလေ´
`အဖေက မင်းကြီးရှေ့မှောက်ရောက်ရင် ဒီလိုနေရာက ခစားရမယ်။ အဲ… မင်းကြီးထံဝင်တော့ လက်ဆောင် ပစ္စည်းတစ်ခုခုတော့ ယူသွားသင့်တယ် အဖေ´
`ဟေ့… လက်ဆောင် ၊ငါက ဘာလက်ဆောင်ပေးရမှာလဲ။ အဖိုးတန်ပစ္စည်းဘာမှ မရှိတာ´
`သြော်… အဖေကလည်းလေ… လက်ဆောင်ဆက်တယ်ဆိုတာ အဖိုးတန်တာ မတန်တာ ပဓာနမဟုတ်ဘူး အဖေ။ မင်းကြီးကိုရိုသေမှုရှိတယ်။ ဂါရ၀တရားထားတယ်။ သိတတ်တယ်ဆိုတဲ့ သရုပ်သဏ္ဍာန်ပဲလိုရင်း အဖေ´
`အင်း… ထားတော့၊ ငါကဘာယူသွားရင်ကောင်းမှာလဲ´
`အဖေက လယ်သမား၊ ယာသမားပဲ ရာသီပေါ်သီးနှံဖြစ်တဲ့ ငရုတ်၊ သခွား၊ ပဲသီးစတာတွေ တောင်းနဲ့ ထည့်ယူသွားပေါ့´
`ဟေ့… တော်ပါမလားသားရယ်… မင်းကြီးကို ပြက်ချော် ပြောင်လှောင်သလိုများဖြစ်နေမလား´
`ဒီအတွက် မပူပါနဲ့ အဖေ… အရှင်မင်းကြီးက ကျေးတောသူ၊ ကျေးတောသားတွေရဲ့ ဘ၀ကိုသိပါတယ်´
`အင်း… အင်း ကောင်းပါပြီ´
`အဲဒီလို လက်ဆောင်တွေဆက်ပြီးရင် အရှင်မင်းကြီးအောင်မြင်ပါစေသတည်းလို့ ကောင်းချီးထောပနာပြုရမယ်´
`ဟေ့… ဘယ်လို ဘယ်လို ငါပြောရမှာကဘာ… အရှင်မင်းကြီးဟုတ်လား အောင်အတိတ်။အဲ… ဟုတ်သေးပါဘူး´
`အောင်မြင် ပါစေပါအဖေရာ… ကဲ..ဆိုကြည့်စမ်း´
`အရှင် အောင်စေ။ အဲ ဟုတ်သေးပါဘူး။ နေဦးကွာ တစ်ခုချင်း ရှေ့ကတိုင်ပေးစမ်းပါ´
အင်မတန်ရိုးသားနှံအသည့် ဖခင်ကြီးကိုကြည့်ပြီး ဘုရားလောင်းစိတ်ပျက်မိသည်။ အခက်အခဲကြောင့် ပူပန်နေပုံမြင်ရတော့လည်း သနားမိသည်။ ကြောက်စိတ်လွန်ကဲနေလျှင် အမှားမှား အယွင်းယွင်း ဖြစ်နေသည်ကို ကြည့်ပြီး ရင်မောသွားရတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
`အရှင်မင်းကြီး ကျနော်မှာ နွားနှစ်ကောင်ရှိ၏´
`အင်း… ဒါအမှန်ပဲ။ ဒါပေမယ့် ခုတော့ မရှိတော့ဘူးလေ´
`ဟုတ်ပါပြီ။ ထိုနွားနှစ်ကောင်နှင့် လယ်ထွန်ပါ၏´
`အင်း…´
`နွားနှစ်ကောင်အနက် တစ်ကောင်သေ၍ အခက်အခဲ ဖြစ်နေပါ၏´
`ဟုတ်တယ် ခက်နေတယ်´
`လယ်ထွန်နိုင်အောင် အဖော်နွားတစ်ကောင်ပေးပါ လော့´
ဘုရားလောင်းသည် ဖခင်ကြီးလျှေက်တင်ရမည့် စကားကို တစ်ပိုဒ်ချင်း သင်ပေးသည်။
မင်းကြီး နွားနှစ်ကောင်ရှိဘိ၊ ထိုအနက် တစ်ကောင်သေ၏။ တစ်ကောင်နွားနဲ့ ထွန်ရေးခက်ပါဘိ၊ အဖော်နွားတစ်ကောင်ပေးပါလော့´
ဤမျှတိုတောင်းသော ဂါထာကိုပင် ကြောက်အားပိုနေသော ဖခင်ကြီးကို တစ်နှစ်တိုင်တိုင်သင်ပေးရသည်။ အတော်အတန်စကားချောသွားချိန်မှ သင့်တင့်လျောက်ပတ်စွာ ၀တ်စားစေပြီး မင်းကြီးရှေ့ခေါ်သွားသည်။
`အရှင်မင်းကြီး အောင်စေသတည်း´
ပထမဦးဆုံး နှုတ်ခွန်းဆက်စကား ချောမောသွား၍ စိတ်အနည်းငယ်ပေါ့သွားသလိုလို ရှိသွားသည်။
သားအဖနှစ်ယောက်ဝင်သွားကတည်းက ဂရုတစိုက်ကြည့်နေသော မင်းကြီးက `အမောင်… သူကဘယ်သူလဲ´ဟု မေးလိုက်သည်။
`ကျွန်ုပ်ရဲ့ ဖခင်ပါ အရှင်မင်းမြတ်´
`အဘယ်အမှုကြောင့် ငါ့ထံရောက်လာသနည်း´
မင်းကြီးအမေးရှိသည်နှင့် ကျွန်ုပ်၏ဖခင် သောမဒတ္ထသည် တုန်ရီသော လေသံနှင့် လျှောက်လိုက်သည်။
`အရှင်မင်းကြီး ကျွန်ုပ်မှာ နွားနှစ်ကောင်ရှိ၏။ ထိုအနက် တစ်ကောင်သေ၏။ တစ်ကောင်နွားနဲ့ ထွန်ယက်ခက်ပါဘိ။ မင်းမြတ်… နှစ်ခုမြောက်နွားကို ယူပါတော့´
ကျွန်ုပ်၏ဖခင် သောမဒတ္ထသည် ကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့် တစ်နှစ်ပတ်လုံး သင်ပြထားသည့် ဂါထာကို ဇောက်တိ၊ ဇောက်ထိုးရွတ်ဆိုလိုက်သည်။ ဖခင်ကြီးစကားကြားသော် မင်းကြီး သည်မှားယွင်းရွတ်ဆိုလိုက်မှန်း သိလိုက်သည်။
`ဘယ်လိုလည်း သောမဒတ္ထ၊ သင့်အိမ်မှာ နွားတွေတော်တော်ပေါပုံရတယ်´
`မှန်ပါတယ်။ အဲ.. မဟုတ်ပါ အရှင်´
`ဒါဆို သင်ဘာလိုလဲ သောမဒတ္ထ´
ဖခင်ကြီးသည် ကျွန်ုပ်သင်ပေးသည့်ဂါထာကို ဇောက်တိ ဇောက်ထိုး ထပ်မံရွတ်ဆိုလိုက်သည်။
မင်းကြီးသည် ဖခင်ကို ကရုဏာသက်ဟန်ဖြင့် ကြည့်၍ ရယ်မောသည်။
`ကဲ၊ သောမဒတ္ထ …သင့်အတွက် နွားဆယ့်ခြောက်ကောင် ငါချီးမြှင့်မယ်´
`၀မ်းမြောက်လှပါ ဘုရား´
`သင့်သားကိုရော သင့်ကိုပါချီးမြှင့်တဲ့အနေနဲ့ သင်နေတဲ့ရွာကို သင့်အား အပိုင်စားပေးမယ်´
`အို… ကျေးဇူးကြီးလှပါဘိ ဘုရား´
`ရွာစားဖြစ်တဲ့အလျောက် သင့်တော်တဲ့အဆောင်အယောင် ရှိဖို့လိုတာမို့ သန္ဓောမြင်းကတဲ့ ရထားတစ်စီးကိုလည်း အဆောင်အယောင်အဖြစ် ချီးမြှင့်တယ်´
ဝမ်းသာပိတိဖြစ်ရပါတယ် အရှင်မင်းကြီး၊ အရှင့်အကျိုးကို သေတပန် သက်တစ်ဆုံး ကြိုးပမ်းထမ်းရွက်ပါမယ်´
သောမဒတ္ထသည် မိမိ၏ ရိုးသားမှုအတွက် ဂုဏ်ယူသလို၊ ကြောက်စိတ်ကိုလည်း ပယ်ဖျောက်ဖို့ တွေးနေလေတော့သည်။
***မောင်ဆန္ဒ(လယ်ဝေး)***
***(မေတ္တာတရားနှင့် အခြားပုံပြင်များ)***

No comments:
Post a Comment