တစ်ခါတုန်းက ကျေးရွာတစ်ရွာအနီးတွင် ဇရပ်တစ်ဆောင်ရှိခဲ့သည်။ ဇရပ်သည် လှည်းလမ်းဘေး၌ ရှိသည်။ ခရီး ပန်းလာသော ခြေလျင်သွားသူများ လှည်းဖြင့်လိုက်ပါလာသူများ နားနေတည်းခိုရန် စေတနာရှင်များက စုပေါင်း တည်ဆောက်ထားကြခြင်းဖြစ်သည်။ ဇရပ်မှာ နားနေချင်စရာ ကောင်းပါသည်။ ဇရပ်ရှေ့၌ ထနောင်းပင် ညီနောင် သုံးပင်ကလည်း အရိပ်အာဝါသကောင်းလှပါသည်။ ဇရပ်တွင် နားနေသည်ဖြစ်စေ၊ ထနောင်းရိပ်တွင် ချွေးသိပ် သည်ဖြစ်စေ လွန်စွာအဆင်ပြေ၏။ သို့ရာတွင် ရေချမ်းစင် မရှိချေ။
ခရီးသွားများသည် အမောဖြေရန် ၀င်ရောက်နားနေပြီးနောက် `ရေချမ်းစင်ကလေးတစ်ခုလောက် ရှိရင် ဘယ်လောက်ကောင်းမလဲ´မြည်တမ်းကြသည်။ ခရီးသွားများသည် ဇရပ်တွင်နားသည်ဖြစ်စေ၊ ထနောင်းရိပ်တွင် ခိုသည်ဖြစ်စေ ထိုသို့ချည်း တောင့်တစကားဆိုသွားကြသောအခါ စေတနာရှင်တစ်ယောက်က ကြားသွားသည်။
`ဟုတ်ပေသားဘဲ မောမောပန်းပန်းနဲ့ အရိပ်ထဲကို ၀င်လာရင် သူသူကိုယ်ကိုယ် ရေသောက်ချင်မှာပဲ´
စေတနာရှင်သည် ထနောင်းပင်၊ ပင်စည်ကို ကပ်ပြီး စင်ကလေးရိုက်သည်။ ထိုစင်ပေါ်တွင် ရေအိုးတစ်လုံး ထားကာ ရေထည့်သည်။ ရေထဲသို့ သစ်ရွက်တွေ မ၀င်နိုင်စေရန် အဖုံးဖုံးသည်။ အဖုံးပေါ်တွင် ရေမှုတ်တင်ထားသည်။
ရေချမ်းစင် ဒါယကာသည် နွေအခါတွင် ရေချမ်းစင်သို့ တစ်နေ့လျှင် သုံးကြိမ်လာပြီး ရေဖြည့်၏။ မိုးအခါတွင်မူ ရေအိုးကို သိမ်းယူသွားပြီး ဆောင်းရာသီကျရောက်မှသာလျှင် ရေချမ်းစင်ကို ပြန်လည်တည်ထားသည်။ ရေကို တစ်နေ့လျှင် တစ်ကြိမ်သာ ဖြည့်ဆည်းပေးသည်။
တစ်နေ့တွင်ကား ရေချမ်းဒါယကာသည် ထနောင်းပင်ပင်စည်မှ အခေါက်တွေကို ခွာပစ်သည်။ ပေါ်လာသော အသား၏ မျက်နှာပြင်ကို ညီညာအောင် ခုတ်ထစ်အပြီး၌ ဆောက်ဖြင့်ထွင်းကာ စာရေးသည်။ ပြီးသောအခါ စာမြောင်းထဲသို့ ထုံးသည့်ကာ ပိုမိုထင်ရှားအောင် လုပ်ထားခဲ့လေ၏။
ရေချမ်းဒါယကာ ထွင်းထုရေးသားသော စာမှာ-
`ကားယားကောင်လို မလုပ်နဲ့´ ဟူ၍ ဖြစ်ပေသည်။
ရေချမ်းစင်တည်ရှိရာဇရပ်နှင့် ထနောင်းညီနောင်သုံးပင်အောက်သို့ နေ့စဉ်မပြတ် လူရှင်ရဟန်းများ ၀င်ထွက်သွားလာကြ၏။ ရေသောက်ကြ၏။ ထနောင်းပင်တစ်ပင်၏ ပင်စည်တွင် ပီပီပြင်ပြင် သပ်သပ်ရပ်ရပ် ရေးထွင်းထားသော စာလုံးများကို မြင်ကြ၏။ သေသေချာချာ ဖတ်သူလည်း ဖတ်သွားကြ၏။
သို့ရာတွင် တစ်နေ့သောအခါ၌ ဖိုးသူတော်တစ်ပါး ရောက်လာသည်။ အပြေးအလွှားရေသောက်ပြီး ဇရပ်ပေါ်၌ နားနေသည်။ အမောပြေသောအခါ `ကြပ်´ထဲမှ ဆန်တွေကို ဟိုပြောင်းသည်လှယ်လုပ်သည်။ ထို့နောက် ကြပ်ကိုထမ်းပြီး ပြန်အထွက်တွင် ထနောင်းပင်၏ ပင်စည်တွင် ထွင်းထားသောစာတန်းကို မြင်လေ၏။
`ကားယားကောင်လို့ မလုပ်နဲ့ ဆိုပါကလား´
ဦးသူတော် တုံ့ခနဲ ဖြစ်သွားသည်။
`ကားယားကောင်ဆိုတာ ဘာလဲ။ ဘာကို ပြောချင်တာလဲ၊ ဘယ်သူ့ကို ရည်ရွယ်တာလဲ၊ ဘာပြုလို့ သည်စာကို ရေးတာလဲ´
ဦးသူတော်မှာ ပညာဥာဏ်ဖြင့် ပြည့်စုံသူ၊ ဆင်ခြင်တုံတရား ရှိသူ ဖြစ်၏။ အမှုမဲ့ အမှတ်မဲ့မနေဘဲ တွေးခေါ် စဉ်းစားတတ်သူ ဖြစ်ရကား အကြားကြီးရပ်လျက် ကြည့်နေမိလေ၏။
`အင်း ကားယားကောင် ဆိုပါကလား´
`ဦးသူတော် ဘာတွေ ရေရွတ်နေပါလိမ့်´
ဦးသူတော်၏အနီးသို့ ရောက်လာသူမှာ ရေချမ်းစင် ဒါယကာ ဖြစ်သည်။ သူသည် သူ၏ရေချမ်းစင်သို့ ရေဖြည့်ရန် ရောက်လာခြင်းဖြစ်၏။
`ကားယားကောင်ကို စဉ်းစားနေတာပါ ဒါယကာရယ်။ ဒီစာကိုရေးတဲ့လူကို တွေ့ချင်ပါဘိ ဒါယကာရယ်´
`တပည့်တော်ရေးထားထာပါ ဘုရား ဘာများ မသင့်တော်တာ တွေ့လို့တုန်းဘုရား´
`မသင့်တော်တာ တွေ့လို့မဟုတ်ဘူး။ ကားယားကောင်ကို စဉ်းစားမရလို့ပါ´
ရေချမ်းစင်ဒါယကာသည် ရယ်မောပြီးမှ `ဇရပ်ပေါ်ကြွပါဦး ဦးသူတော်´ဟု ဖိုးသူတော်အား ဇရပ်ပေါ်သို့ ခေါ်သွားသည်။
ကိုင်း ပြောစမ်း၊ ကားယားကောင်ဆိုတာ ဘယ်သူတုန်း´
`တပည့်တော်တို့ တစ်တွေဟာ မိဘနဲ့ ဆရာသမား သက်ကြီးဝါကြီးများကို ရိုသေကြပါတယ်ဘုရား။ ဒါကြောင့် ဘယ်လောက်ပဲ ထိုင်ချင်သလို ထိုင်နေပေမယ့်။ မိဘကို မြင်ရင် ဂါရ၀တရားရှေ့ထားပြီး သပ်သပ်ရပ်ရပ် နေကြပါတယ်ဘုရား´
`မှန်ပါတယ် ဒါယကာ၊ ဆရာသမားနဲ့ သက်ကြီးဝါကြီးရဟန်းသာမဏေများ ရှေ့မှာလဲ အဂါရ၀ မဖြစ်အောင် အပြောအဆို အနေအထိုင် ဆင်ခြင်ကြတယ်´
`တပည့်တော် နေ့စဉ်မြင်တွေ့နေရတဲ့ လူတွေထဲက အများစုဟာ နေကားယား၊ ထိုင်ကားယား၊ သွားကားယား၊ စားကားယားနဲ့ အမြင်မတော်လို့ သတိပေးတာပါ ဘုရား´
`ဟုတ်ပါပြီ ကားယားကောင်ဆိုတာ ဘာတုန်း´
`ဦးသူတော် စဉ်းစားကြည့်ပါ၊ နေတော့ ကားယား၊ စားတော့လည်း ကားယား၊ သွားတော့လည်း ကားယား၊ ဘာကောင်ရှိသလဲ´
`ကျုပ် စဉ်းစားလို့ မရဘူး´
`ပင့်ကူဘုရား ပင့်ကူ´
ဒါယကာ၏ စကားအဆုံးတွင် ဦးသူတော်မှာ သူ့နဖူး သူရိုက်ကာ တဟားဟား ရယ်မောနေလေတော့၏။
***မင်္ဂလာဈင်အောင်***
***(ဟာသပုံပြင်များ)***

No comments:
Post a Comment