ထင်ထင်ရှားရှား ရာသီဥတုလို ဖောက်ပြန်သွားတဲ့အခါ
လမ်းမှားရွေးသူများ ပွပေါက်တိုး အကွက်ဆိုက်
လမ်းမှန်သွားသူတွေ အကြံအိုက် ကြမ္မာဆိုးမွှေနေတယ် ။
**ငြိမ်းချမ်းရေးအတုကို ၀တ်ဆင်ထားပုံက
မပေါ့်တပေါ် ခေတ်သမီးပျိုလို ၊
စနစ်က ဖျားယောင်းပြီး
စစ်ကို နွားကျောင်းသလို ကျောင်းတော့
စစ်ဗိုလ်ချုပ်များနဲ့ ဖောက်ပြန်လို့ရခဲ့တဲ့ ပြည်တွင်းစစ်ဟာ
လင်ကောင်မပေါ်ပဲ မွေးဖွားခဲ့တာမဟုတ် ။
**ယနေ့ စစ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ ခိုးအားဟာ
ဂန္ဓ၀င်ထဲက ခိုးသား ငါးရာထက်သာတယ်၊
လာဘ်ယူတဲ့ နာမည်ဆိုးနဲ့ ကျော်ကြား
မကောင်းမှုတွေ တိုးတက်များပြား
အမှန်တရားကတော့ မူးရင် ရှုစရာတောင်မရှိ
အမိမြေဟာ သစ္စာတရား ဗလာမဲများသထက် များလာတယ် ။
**စစ်က သစ်စိမ်းချိုး ၊
ဘ၀တွေ မှိုချိုး မျှစ်ချိုး ၊
အလင်းရောင်မဖြစ်စလောက် အနာဂတ်နေ့ရက်တွေဆီ
ယုံကြည်ချက်ထွန်းတောက် အလံကိုင်ချီတက်သွားတဲ့ မျိုးဆက်သစ်များ
မျှော်လင့်ချက်တွေ သွေးမြေကျခဲ့တယ် ။
**အတော်ခါးသီးတဲ့ လောကမှာ
အလျော်အစားကြီးတဲ့ ဘ၀များပိုင်ဆိုင်
မရှိခြင်းတွေသာ ချမ်းသာကြ ၊
ဘ၀နဲ့ သိမ်းကျုံးပြီးရခဲ့တဲ့ အတွေ့အကြုံများ
ဟန်ဆောင်အပြုံးမှာ
ရိုးသားမှု ဘယ်လောက်ရာခိုင်နှုန်း ပါမလဲ ။
**နိုင်ငံတကာ NGO နဲ့ ကုလသမဂ္ဂ
ငါတို့ရဲ့ ရေမလာ မီးမလာ ညတွေက
ခင်ဗျားတို့ထင်ထားတာထက် ပိုဆိုးတယ် ၊
သူတို့က စားပွဲထိုးတစ်ယောက်လို ၀တ်ကျေတမ်းကျေပြုံးပြပြီး
တိုးရစ် ခရီးသွားဧည့်သည်လို လှည့်ပြန်သွားကြ ၊
သံတမန်ဆံ တဲ့ အပြုအမူနဲ့
သူတို့ကိုသူတို့ ကယ်တင်ရှင် သူရဲကောင်းလို့ထင်ကြပြန်တယ် ။
**ပြဿနာကို မီးခွက်ထွန်းရှာယုံမက
မီးစက်မောင်းပြီး ရှာနေကြတဲ့ စစ်ခေတ်ကာလ
ဒီမူ
ဒီလူတွေနဲ့
ဒီဂူကတော့ ကျောက်ခေတ်လိုအမှောင် ပိတ်လှောင်နေတယ် ။
***အောင်ခိုင်မြင့်***
**မမြင်ရတဲ့ ကံတရားက

No comments:
Post a Comment