တစ်ခါတုန်းက တောမြို့လေး တစ်မြို့မှာ သူကြွယ်ကြီး ဦးဖိုးလှဆိုသူရှိသတဲ့။ သူ့မှာ မိတဆိုးသမီးလေး မပန်း မွှေးဆိုတာ ရှိတယ်။ မပန်းမွှေးဟာ နာမည်နဲ့လိုက်အောင် ပန်းကလေးလိုလှတယ်။ လူချစ်လူခင် ပေါများတယ်။ ဇနီးသည် ကွယ်လွန်ပြီးကတည်းက နောက်အိမ်ထောင်မပြုဘဲ စောင့်ရှေက်ကျွေးမွေးလာခဲ့တဲ့အတွက် တဖြည်း ဖြည်း အပျိုအရွယ်လေးကို ရောက်လာပါတော့တယ်။ သမီးအရွယ်ရောက်လာတော့ စိတ်ကစားတတ်ချိန်မှာ မသင့်တော်တဲ့သူနဲ့ ချစ်ကြိုက်မိသွားမှာကို အင်မတန်စိုးရိမ်မိတယ်။
အထူးသဖြင့် အိမ်ထောင်ဖက် မမှန်မှာကို တွေးပြီး ပူပန်မိတယ်။ ဦးဖိုးလှဟာ သမီးလေး မပန်းမွှေးကို သင့်တော်တဲ့သူ တစ်ဦးဦးနဲ့ အိမ်ထောင်ချပေးချင်တယ်။ အမြော်အမြင်ကြီးတဲ့သူ၊ အကြံဥာဏ်ရှိတဲ့သူဖြစ်ရမယ်။ စီးပွားရေးကိုဦးဆောင်နိုင်တဲ့သူမျိုးပေါ့။
အောင်သွယ်တွေကတော့ လာစပ်ကြပါတယ်။ စိတ်ကြိုက်မတွေ့တော့ ငြင်းပယ်လိုက်တာက များတယ်။ သမီးအတွက် အိမ်ထောင်ဘက်ယောင်္ကျားကို သူကိုယ်တိုင်ရှာမှ ကျေနပ်နိုင်မယ်လို့ထင်တယ်။ သူများရှာပေးတာဟာ ပေါ့ပေါ့ဆဆမျိုးတွေ ဖြစ်လာနိုင်တယ် မဟုတ်လား။
အချိန်အတော်ကြာတဲ့အထိ သမီးအတွက် ခင်ပွန်းလောင်းကို ရှာမတွေ့နိုင်ခဲ့ဘူး ဦးဖိုးလှကတော့ ဇွဲမလျော့ပါဘူး။ တစ်နေ့မှာ သူတို့မြို့ကို လူစိမ်းတစ်ယောက်ရောက်လာတယ်။ လူငယ်လေးတစ်ယောက်ပါပဲ။ လူပုံလေးက ချောချောသန့်သန့်လေးမို့ မဆိုးပါဘူး။ လူကြီး သူမတွေကိုလည်း ရိုသေလေးစားတယ်။ အပြောအဆိုလည်း ရည်မွန်တယ်။
သူ့နာမည်က မောင်ကြာကွန့်လို့ ခေါ်သတဲ့။ မောင်ကြာကွန့်ဟာ လမ်းလျှောက်သွားရင်း အုန်းပင်တွေကို စိတ်ဝင်စားစွာနဲ့ အမြဲကြည့်သွားတတ်သတဲ့။ မြစ်ဆိပ်မှာ ထိုင်ပြီး မြစ်ထဲသွားလာနေတဲ့ သင်္ဘောတွေ၊ လှေတွေကို ငေးရီပြီး ကြည့်နေတတ်သတဲ့။
သူ့မေးကို အမြဲပွတ်ပြီး တစ်ခုခုကို စဉ်းစားနေတတ်တဲ့အကျင့်ရှိတယ်။ မောင်ကြာကွန့်ကို ဦးဖိုးလှဟာ အကဲခတ်မိလာတယ်။ အုန်းပင်တွေကို စိတ်ဝင်တစားနဲ့ မော့ကြည့်လိုက်၊ မေးလေးပွတ်ပြီး မြစ်ဆိပ်မှာ ထိုင်ငေးနေလိုက်နဲ့ ဆိုတော့….
`အင်း… သူငယ်ဟာ ကုန်ရောင်းကုန်ဝယ် တစ်ခုခုကို လုပ်ချင်လို့လားပဲ၊ ရေလမ်းခရီးမှာ အုန်းသီးတွေကို သင်္ဘောနဲ့ တင်ပြီး တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ ရောင်းဝယ် ဖောက်ကားဖို့ စီးပွားရေးသမားမို့ ငွေရှာမယ်၊ စုဆောင်းမယ်၊ သမီးရဲ့ နောင်ရေးအတွက် မပူပင်ရတော့ဘူးပေါ့´ စိတ်ထဲမှာ သည်အတိုင်းပဲ မှတ်ယူလိုက်တယ်။
သူကြွယ်ကြီးဟာ မောင်ကြာကွန့်နဲ့ အသိမိတ်ဆွေဖြစ်သွားတယ်။ နောက်တော့ သမီးနဲ့ သင့်တော်တဲ့လူလို့ သတ်မှတ်လိုက်ပြီး သမီး မပန်းမွှေးနဲ့ ပေးစားလိုက်သတဲ့။
သမီးနဲ့ အကြင်လင်မယားဖြစ်သွားပေမယ့်လည်း သားမက် မောင်ကြာကွန့်ဟာ တစ်လနှစ်လကြာတဲ့တိုင် အလုပ်အကိုင်နဲ့ ပတ်သက်လို့ စကားမဟသေးဘူး။ လမ်းသွားရင်းအုန်းပင်တွေ မော့ကြည့်လိုက်။ ဖြစ်ဆိပ်ကိုသွားထိုင်ပြီး မေးစေ့လေးပွတ်ကာ ငေးလိုက်နဲ့၊ အိမ်မှာနေလည်း မေးစေ့ လေးစမ်းပြီး ငေးလိုက်နဲ့ အကြံတွေထုတ်နေပုံရတယ်။ ယောက္ခမလုပ်တဲ့သူကတော့ သည်လိုတွေးတယ်။ `အင်း… ငါ့သမက်ဟာ စဉ်းစားဥာဏ်နဲ့ အမြော်အမြင်ရှိပုံရတယ်။ အရောင်းအ၀ယ် လုပ်ငန်းလုပ်ချင်တယ်။ ထင်ပါရဲ့ ငါ့ကိုမပြောရဲလို့ပဲ ဖြစ်ရမယ်။ မေးစမ်းကြည့်ဦးမှ´
သမက်နဲ့ ဆုံမိကြတဲ့အခါမှာ…`သား… မောင်ကြာကွန့် သားကိုအဖေဟာ ဟိုစဉ်ကတည်းက သတိပြုမိခဲ့တယ်။ မေးလေးစမ်းပြီး တစ်ခုခုကို အမြဲတမ်းမော့ကြည့်နေတတ်တာ အုန်းသီးကုန်ကူးချင်လို့ မဟုတ်လား။ အဖေအရင်းအနှီး ထုတ်ပေးမှာပေါ့၊ ဘယ်လောက် ယူမလဲပြောလေ´
အဲသလို ပြောလိုက်တော့ မောင်ကြာကွန့်ဟာ ယောက္ခမကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
`အဖေ… အဖေထင်တာတွေ တစ်ခုမှမဟုတ်ပါဘူး။ သားသိပ်သိချင်တဲ့အကြောင်းအရာတွေကို အဖြေမသိလို့ နေ့တိုင်းတွေးလာခဲ့တာ ခုထက်ထိပါ အဖေရယ်´
`သား… ဘာတွေများ တွေးပြီး အဖြေရှာမရ ဖြစ်နေရတာလဲ၊ အဖေ့ကို ပြောပြစမ်းပါဦး´
ဒီလိုပါ အဖေ၊ သား ငယ်ငယ်လေးကတည်းက စဉ်းစားခဲ့တာတွေကလေ အုန်းသီးတွေထဲကို ဘယ်သူ ရေထည့်သွားသလဲ၊ အုန်းသီးထဲက အသားကိုဖြူအောင် ဘယ်သူလျှော်ဖွပ်သွားခဲ့သလဲဆိုတာရယ်´
`ဟေ´….
`ဟော… ဒီဖြစ်ကြီးထဲက ရေတွေကို ဘယ်နှစ်ကြိမ်လောက် ငုံပြီးထွေးပစ်ရင် ဘယ်နှစ်ရက်အတွင်း ကုန်ခန်းသွားမလဲ ဆိုတာရယ်´
`ဟောဗျာ´
`မေးလေးကို ပွတ်ပြီး နေတာကလေ´
`ဆိုစမ်းပါဦး မဟာဏ္ဍိတပညာရှိကြီးရဲ့´
`အဟင်း… ဟင်း။ ဟောဒီမေးစေ့မှာ ပေါက်နေတဲ့ မုတ်ဆိတ်မွေးတွေကလေ ခေါင်းပေါ်မှာ ပေါက်နေတဲ့ ဆံပင်တွေရဲ့ အမျှင်တွေများ ဖြစ်နေမလားလို့ တွေးနေမိတာပါ အဖေရဲ့´
`ဘာကွ၊ မင်းဒါလောက်တောင် သောက်သုံးမကျ ဖြစ်ရသလားကွ၊ အုန်းသီးထဲ ဘယ်သူရေထည့်ထည့်၊ မြစ်ကြီးထဲက ရေတွေကို ဘယ်သူပဲ ငုံထွေးထွေး၊ မင်းအပူလား၊ မေးစေ့အောက်မှာ ပေါက်နေတဲ့ ဆံပင်၊ အဲ့လေ… မုတ်ဆိတ်မွေးဟာ ဆံပင်ရဲ့အမြစ် ဟုတ်မဟုတ် မင်းမသိဘူးလား၊ ဒါလောက်တောင် အတွေးချော်တဲ့ကောင်ကိုမှ ငါ့သမီးနဲ့ ပေးစားမိရလေခြင်း၊ ကဲကွာ´
သူကြွယ်ကြီး ဦးဖိုးလှဟာ သူအထင်တကြီးရှိခဲ့တဲ့ မောင်ကြာကွန့်ကို အိမ်ပေါ်ကနေ ဒေါသတကြီးနဲ့ ကန်ချလိုက်ပါတော့တယ်ကွယ်….။
***၀င်းရွှေနောင်***
***သမက်ပြောတဲ့ စကား***

No comments:
Post a Comment