ိဟို ရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ အင်မတန် ထင်ပေါ်ကျော်ကြားတဲ့ ပညာရှိအမတ်ကြီး တစ်ယောက်ရှိသတဲ့။ အမတ်ကြီးဟာ အင်မတန်မှ ဥာဏ်ရွှင်တယ်။ သူ့ကိုဥာဏ်စမ်းလိုက်ရင် ချက်ချင်းလိုလို ပြန်ပြီးဖြေနိုငတယ်။ ဟာသဥာဏ်လည်းရှိတယ်။ တိုင်းရေးပြည်ရေးနဲ့ ပတ်သက်လာတဲ့ ကိစ္စတွေဆိုရင်လည်း အခက်အခဲမှန်သမျှ ဖြေရှင်းပေးနိုင်လို့ အားကိုးရတယ်လို့ ဆိုရမှာပေါ့။
တစ်နေ့တော့ ဘုရင်နဲ့ မိဖုရားကြီးဟာ ဥယျာဉ်တော်ကြီးထဲမှာ အပန်းအတူဖြေနေကြတယ်။ အမတ်ကြီးလည်း အနားမှာ ရှိနေတယ်ပေါ့။ မင်းနှစ်ပါး စားဖို့ စားဖွယ်သောက်ဖွယ်တွေဆိုရင်လည်း စားပွဲပေါ်မှာ အလျှံပယ်ဖြစ်နေတယ်။ အမတ်ကြီး အနားမှာရှိနေတုန်း ဘုရင်ကြီးဟာ စဉ်းစားမိတယ်။
`အင်း… အပျင်းလဲ ပြေရအောင် အမတ်ကြီးရဲ့ ဥာဏ် ဘယ်လောက်ထက်သလဲ ဆိုတာ သိချင်တယ်။ စမ်းဦးမှပဲလေ´ အဲသည်အချိန်မှာ
ဘုရင်ကြီးနဲ့ မိဖုရားကြီးဟာ သရက်သီးကို အတူစားနေကြတယ်။
သရက်စေ့တွေဆိုရင် မင်းနှစ်ပါးရဲ့ရှေ့မှာ ပုံနေတာပေါ့ ။ဘုရင်ကြီးဟာ အမတ်ကြီး ခေါင်းငုံ့ပြီး ခစားနေတဲ့ အချိန်မှာ ရှေ့မှာရှိနေတဲ့ သရက်စေ့ တွေကို မိဖုရားကြီးရဲ့ ရှေ့မှာ ရှိနေတဲ့ သရက်စေ့တွေနဲ့ ရောပြီး ထားလိုက်သတဲ့။
နောက်တော့ ဘုရင်ကြီးက အမတ်ကြီးကို မိန့်တော်မူလိုက်တယ်။
`ပညာရှိ အမတ်ကြီး´
`ဘုရား´
`ငါ ကိုယ်တော်မြတ်နှင့်အတူ မိဖုရားကြီးပါ ဟောဒီသရက်သီးတွေကို ပွဲတော်တည်ပြီး စားသောက်ကြတယ်သိရဲ့လား´
`ကျနော်မျိုး သိကြောင်းပါ ဘုရင်မင်းမြတ်´
`အေး… မိဖုရားကြီးဟာ ငါ့ထက်ပိုပြီး အစားကြီးတယ်။ သူ့ရှေ့မှာ ပုံထားတဲ့ သရက်စေ့တွေ ကြည့်စမ်း မနည်းဘူး။ အမတ်ကြီး ဘယ်လိုသဘောရသလဲ´
အမတ်ကြီးဟာ ဘုရင်ကိုပြောဆိုရဲတဲ့ သတ္တိရှိသူတစ်ယောက်ဖြစ်တယ်။
`မှန်လှပါ၊ မိဖုရားကြီး အစားကြီးတယ်ဆိုရင် သရက်သီးသုံးဆောင်ပြီးတဲ့တိုင် သရက်စေ့တွေကို မြင်နေရပါသေးတယ်´
`ဘုရင်မင်းမြတ်က မိဖုရားကြီးထက် ပိုပြီး အစားကြီးသူမို့ သရက်စေ့များကိုပင် ချန်မထားပါ။ အကုန်လုံးစားပစ်လိုက်တယ်ူထင်ပါတယ်´
အမတ်ကြီး၏ လျှောက်တင်ချက်ကြောင့် ဘုရင်ကိုယ်တော်တိုင်ပင်လျှင် မပြုံးဘဲ မနေနိုင်တော့၊ မိဖုရားကြီးလည်း အရှက်မရတော့ဘဲ အမတ်ကြီးကို ကျေးဇူးတင်မိတော့တယ်။
`ပညာရှိ ပီသပါပေတယ်။ အမတ်ကြီးရဲ့ ချက်ချင်းဖြေဆိုနိုင်တဲ့ ဟာသဥာဏ်ကို ချီးကျူးပါတယ်´ လို့ မိန့်ကြားလိုက်သတဲ့ကွယ်/
***၀င်းရွှေနောင်***
***ဟာသဥာဏ် ရွှင်သော ပညာရှိအမတ်***

No comments:
Post a Comment