တစ်ခါက ကျောက်တစ်လုံးရွာမှာ သုတဆိုတဲ့ လုလင်ပျိုတစ်ယောက်ရှိတယ်။ သူဟာ စိတ်သဘောထား ဖြောင့် မှန်တယ်။ အခက်အခဲရှိတဲ့သူတွေကို တတ်နိုင်သလောက် အကူအညီပေးတတ်တယ်။ ဒါပေမယ့် သူဟာ အတတ် ပညာတစ်ခုခုကို သင်ယူချင်တယ်။ ဘာပညာမှမတတ်တော့ လူရာသိပ်မ၀င်လှဘူးပေါ့။ သူတဟာ တစ်နယ်တစ် ကျေးမှာ အတတ်ပညာ တစ်ခုခုကို သင်ယူဖို့ ခရီးထွက်လာခဲ့တယ်။ ရွာတစ်ရွာကို ရောက်တော့ ခြံကြီးတစ်ခုထဲ မှာ သိုင်းလေ့ကျင့်နေတဲ့ အဘိုးကြီး တစ်ယောက်ကို တွေ့လိုက်ရသတဲ့။
အဘိုးကြီး ကစားတာကို တွေ့ရတော့ စိတ်ဝင်စားသွားတယ်။ သိုင်းပညာကို သင်ချင်တဲ့စိတ် ဖြစ်ပေါ်လာမိတယ်။ သိုင်းဆရာကြီးဆီကို ရိုသေစွာ ရောက်သွားပြီး…..
`ကျနော် ရပ်ဝေးက လာခဲ့တာပါခင်ဗျာ။ ဆရာကြီးဆီမှာ တပည့်ခံပါတယ်။ သိုင်းသင်ခွင့်ပြုပါ´
ဆရာကြီးဟာ သုတရဲ့ရုပ်ရည်ကို အကဲခတ်လေ့လာလိုက်တယ်။
`အိမ်း… ငါဟာ သိုင်းဆရာကြီး ဦးစိတ္တပဲ၊ ငါ့မှာ ပညာသင်နေကြတဲ့ တပည့်အချို့ရှိကြတယ်။ မင်းလဲ သင်ချင်ရင် သင်ပေါ့၊ ပညာလိုချင်တဲ့ တပည့်မှန်သမျှ ငါသင်ကြားခွင့်ပြုပါတယ်´ လို့ ခွင့်ပြုလိုက်သတဲ့။
သူဟာ သူပင်ပန်းစွာ ရှာဖွေစုဆောင်းထားတဲ့ အသပြာငွေလေးနဲ့ ကန်တော့ပြီး သိုင်းပညာကိုသင်ယူတယ်။ ကြိုးကြိုးစားစား သင်ယူတဲ့အတွက် တပည့်တွေအားလုံးထဲမှာ အတော်ဆုံးဖြစ်လာတယ်။
သိုင်းပညာကို သင်ယူတဲ့အခါ ဘုရားရှင်ကို တိုင်တည်ကန်တော့ပြီး သစ္စာပြုရတယ်။ မိမိပညာနဲ့ သူတစ်ပါးကို မနှိပ်စက်ပါဘူး။ ကိုယ့်အသက်ကို ရန်ရှာလာတဲ့တိုင် ကိုယ်ကပြန်ပြီး သူတစ်ပါးရဲ့ အသက်ဆုံးတဲ့တိုင် မပြုမူပါဘူး။ အစရှိသည်ဖြင့်ပေါ့။
သုတဟာ သိုင်းပညာကို သုံးနှစ်သုံးမိုး သင်ကြားပြီးတော့ အတော်လေးကို ကျွမ်းကျင် တတ်မြောက်သွားတယ်။ ဆရာကြီးကို ကန်တော့ပြီး ကိုယ့်ရပ်ရွာကို ပြန်တာပေါ့။
မိမိဇာတိရပါရွာကိုရောက်တော့ သိုင်းပညာ သင်ကြားတတ်မြောက်ခဲ့တာကို ဘယ်သူ့ကိုမှမသိစေဘဲ လျှိုဝှက်ထားတယ်။ ဒါပေမယ့် ရွာမှာ သုတကိုဆင်းရဲတယ်ဆိုပြီး အမြဲအနိုင်ကျင့်နေတဲ့ ငမိုးဆိုတဲ့ လူတစ်ယောက်ရှိတယ်။
ငမိုးဟာ သုတကိုတွေ့တော့ ခါတိုင်းလိုပဲ ငုံ့ခံနေလိမ့်မယ်ထင်ပြီး….
`ဟေ့ကောင်… ကြွက်စုတ် မင်းငါ့ကိုကြောက်လို့ သုံးနှစ်သုံးမိုးအထိ ဘယ်ကိုသွားပြီး ပုန်းနေတာလဲကွ´
သုတဟာ သူ့ကိုရန်စလိုက်မှန်း သိပေမယ့် ဘာမှပြန်မပြောဘဲ သည်းခံပြီး နေလိုက်တယ်။ ငမိုးက ကံဆိုးချင်တော့ သုတပြန်မပြောတာကို မထီလေးစားလုပ်တယ်ထင်ပြီး ခြေထောက်နဲ့ လှမ်းကန်လိုက်တယ်။
`ဟေ့ကောင်၊ မင်းကငါ့ကိုဘာဖြစ်လို့ ပြန်မပြောတာလဲကွ မင်းတော့ နာချင်ပြီထင်တယ်´
ခြေထောက်နဲ့ အကန်ခံလိုက်ရတဲ့အတွက် သုတဟာ ဒေါသထောင်းခနဲ ထွက်သွားပြီး ငမိုးကို ခုခံတိုက်ခိုက်လိုက်တယ်။ ငမိုးလဲကျပြီး သတိလစ်နေတယ်။
ငမိုးရဲ့ တပည့်တွေဟာ သုတကိုဝင်ပြီး တိုက်ခိုက်ကြပေမယ့် သုတဟာ သူတို့အားလုံးကို မရှုမလှ ဖြစ်သွားအောင် သိုင်းပညာနဲ့ အနိုင်ယူလိုက်တာပေါ့။
အဲဒီတော့မှ သုတဟာ အရင်သုတ မဟုတ်တော့ဘူးဆိုတာ သိသွားကြတာပေါ့။ သုတပြောင်းလဲလာတာကို သိကြရတော့ လူတွေဟာ သုတရဲ့သတ္တိကို သိလာကြတယ်။ အားထားလာခဲ့ကြတယ်။
လူဆိုးလူမိုက်မှန်သမျှ သုတရဲ့လက်ချက်နဲ့ မရှုမလှဖြစ်သွားခဲ့တာချည်းပဲ။ သုတဟာ တဖြည်းဖြည်းနဲ့ ရဲလာလိုက်တာ ရပ်ကျော်ရွာကျော်ဖြစ်ပြီး ဘယ်သူ့ကိုမှ ဗိုလ်မထားတော့ဘူး။ သူတတ်ခဲ့တဲ့ သိုင်းပညာက သူ့ကိုပြန်ပြီး အထောက်အပံ့ပြုလာတဲ့သဘောမျိုးလို့ ဆိုရမယ်။ ရပ်ရွာကလည်းအားကိုးတော့ လူဆိုးလူမိုက်ထိပ်သီးဆိုရင် သုတက ရင်ဆိုင်တွေ့ပြီး အဆုံးစီရင်လိုက်တာ များတယ်။
ဒါကြောင့်မို့ သုတဟာ ပိုပြီးထင်ရှားလာတယ်။ မိုးမမြင် လေမမြင် ဖြစ်လာတယ်။ အရင်ကလို အနှိမ်ခံသုတ မဟုတ်တော့ဘူးပေါ့။
တစ်နေ့မှာ ကျောက်တစ်လုံးရွာကို လူကြီးတစ်ယောက်ရောက်လာတယ်။ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေကလည်း ရှည်လျားလိုက်တာ ကြောက်စရာကြီး သူဟာ ရွာပြင်ဇရပ်မှာတည်းတယ်။
လူဆိုးလူမိုက်ကြီး တစ်ယောက်နဲ့တူတယ်။ ဇရပ်နားဖြတ်သွားတဲ့သူတစ်ယောက်ကို အဲ့ဒီလူကြီးဟာ ဇရပ်ပေါ်ကဆင်း အကြောင်းမဲ့ ရိုက်ထည့်လိုက်တယ်။
`ခင်ဗျား ဘာဖြစ်လို့ ရိုက်ရတာလဲဗျ´
`ရိုက်ချင်လို့ ရိုက်တယ်ကွာ၊ မကျေနပ်ရင် တိုင်ချင်တဲ့သူကို တိုင်…´
အဲ့ဒီလူက သုတကိုသွားတိုင်တယ်။ သုတက လိုက်လာတယ်။ လူကြီးကတော့ ဇရပ်ပေါ်မှာ ခပ်အေးအေးပဲ ထိုင်နေတယ်။
`ဟေ့လူကြီး ခင်ဗျားက ဘယ်သူလဲ ဘာဖြစ်လို့ ကျုပ်တို့ရွာသားကို အကြောင်းမဲ့ ရိုက်လွှတ်လိုက်ရတာလဲဗျ´
`ငါ ကြည့်မရလို့ ရိုက်တာကွ၊ မင်းကိုလဲ ငါက ရိုက်ချင်သေးတယ်´ ဆိုပြီး ဇရပ်ပေါ်က ခုန်ဆင်းလာတယ်။ သုတကလည်း ဒီအဘိုးကြီးကို နည်းနည်းပါးပါး ဆုံးမလွှတ်လိုက်ဦးမှပဲဆိုပြီး ရင်ဆိုင်တိုက်ခိုက်တယ်။
ဒါပေမယ့် အဘိုးကြီးဟာ သုတထင်သလို နှံနဲ့နဲ့မဟုတ်ဘူး။ သိုင်းကွက်တွေနဲ့ ကျွမ်းကျင်စွာ ပြန်ပြီးတိုက်ခိုက်တယ်။ သုတကလည်း ပိုသဘောကျသွားပြီး ရေကုန်ရေခန်း တိုက်ခိုက်ကြတဲ့အခါ အဘိုးကြီးရှူံးတော့မလို့ ဖြစ်လာတယ်။
သူက အထင်သေးပြီး တိုက်ကွက်ကို လျှော့လိုက်တဲ့အခါ အဘိုးကြီးက မမျှော်လင့်ဘဲ တုံ့ပြန်လိုက်တဲ့အတွက် သူက အထိနာသွားပြီး ဘိုင်းခနဲ လဲကျသွားတယ်။ မဲ့ရှုံ့သွားတာပေါ့။
အဲ့ဒီတော့မှ အဘိုးကြီးဟာ သူ့မျက်နှာပေါ်က မုတ်ဆိတ်မွေးအရှည်ကြီးတွေ၊ ပါးမြိုင်းမွေးတွေကို ဖြုတ်ပစ်လိုက်တယ်။
`ဟာ…. ဆရာကြီး ဦးစိတ္တ´
သိပ် အံ့အားသင့်သွားမိတာကတော့ အဲ့ဒီအဘိုးကြီးဟာ တခြားသူမဟုတ်ဘူး။ သူ့ကို သိုင်းပညာသင်ပေးခဲ့တဲ့ ဆရာကြီး ဦးစိတ္တ ဖြစ်နေတယ်။
`အေး…. ငါဟာ မင်းရဲ့သတင်းတွေကို ကြားရလို့ လာစုံစမ်းတာ၊ ငါသင်ပေးတဲ့ သိုင်းပညာဟာ သူတစ်ပါးကို အနိုင်ကျင့်ဖို့ မဟုတ်ဘူး။ ရန်သူကို ဆုံးမရုံဆုံးမ အဆုံးစီရင်ဖို့မဟုတ်ဘူးလို့ သတိပေးထားရက်နဲ့ မင်းငါ့စကားကို မနာခံခဲ့ဘူး´
`မင်းရဲ့အမှားကြောင့် သေသွားတဲ့သူတွေရဲ့ ဇနီး၊ သားသမီးတွေဟာ ဒုက္ခရောက်ကုန်ကြတယ်ဆိုတာ မင်းမစဉ်းစားမိဘူးမဟုတ်လား´
ဆရာကြီးက မာမာထန်ထန်နဲ့ ပြောလိုက်တဲ့အခါ…. `ဆရာကြီး… ကျနော်မှားသွားခဲ့ပါတယ်။ နောက်ကို သူတစ်ပါးစိတ်သောကရောက်အောင် ဘယ်တော့မှ မလုပ်တော့ပါဘူး သတိလစ်သွားတဲ့အတွက် ခွင့်လွှတ်ပါ´ လို့ တောင်းပန်လိုက်တယ်။
`အေး… ငါ့တပည့်ကြီးဟာ သိုင်းပညာမှာ တော်ရက်နဲ့ တလွှဲအသုံးချနေလို့ အချိန်မီလာဆုံးမတာ၊ မြွေဆရာ မြွေနဲ့ သေတတ်တယ်။ သိုင်းဆရာ သိုင်းပညာနဲ့ ကိုယ်ကျိုးနည်းတတ်တယ်။ အများမျက်ရည်ကျအောင် ဘယ်တော့မှ မလုပ်ပါနဲ့´
သုတဟာ သူမှားပါတယ်လို့ ထပ်တလဲလဲပြောရင်း ဆရာကြီးကို ဦးချကန်တော့လိုက်တယ်။
နောက်ဆို သူဘယ်တော့မှ သူများ စိတ်ဆင်းရဲအောင် မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်သတဲ့။
***၀င်းရွှေနောင်***
***မော်ကြွားတဲ့ သိုင်းသမား***

No comments:
Post a Comment