ဟိုး ရှေးရှေားတုန်းက တောကြီးတစ်တောမှာ အင်မတန်ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးတစ်ကောင်ရှိသတဲ့။ တစ်ကိုယ်ကောင်း ဆန်တတ်တဲ့အကျင့်ရှိလို့ မြေခွေးအချင်းချင်းတောင် အပေါင်းအသင်းမလုပ်ကြဘူး။ ဒါကြောင့်မို့ သူဟာ တောထဲမှာ တစ်ကောင်တည်းလှည့်လည် ကျက်စားရေရတယ်။ တစ်နေ့မှာ တခြားတော တစ်တောကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကျားတစ်ကောင် ရှိခဲ့တယ်။ အဲဒီကျားဟာ သားကောင်တွေကို လှည့် လည်ဖမ်းဆီးရင်း တောနက်ထဲကိုရောက်လာတယ်။ ဘာကောင်မှလည်း မရဘူး။ ကျားဟာ ဆာလောင် မွတ်သိပ်လာတာပေါ့။
`သားကောင်ကြီးတွေကို လိုက်ရှာပြီး လောဘတက်နေရင် ငါငတ်မှာပဲ၊ သူတို့က ငါ့အနံ့ကို ရကြလို့လား မသိဘူး။ အရှောင်အတိမ်း ကောင်းနေကြတယ်။ လွယ်လွယ်ကူကူ သားကောင်ငယ်လေးတွေကိုပဲ လိုက်ရှာပြီး စားတော့မယ်။
အဲ့ဒီလို ဆုံးဖြတ်ပြီး လိုက်ရှာစားမယ်ဆိုတော့လည်း သားကောင်ငယ်လေးတွေကိုလည်း ရှာမတွေ့ပြန်ဘူး။ ကျားဟာ စိတ်ညစ်လာတယ်။ ဒီတောထဲကသားကောင်တွေဟာ ဘယ်လောက်အထိ ပါးနပ်ကြတယ်ဆိုတာကို သိသွားတယ်။
ဒီလိုနဲ့ ဟိုစမ်းစမ်း ဒီစမ်းစမ်းထွက်လာခဲ့တာ သစ်ပင်အောက်မှာ အိပ်ပျော်နေတဲ့ မြေခွေးကို သွားတွေ့တယ်. သင်းကွဲနေတဲ့ မြေခွေးဟာလည်း အစာရှာမရလို့ စိတ်ပျက်ပျက်နဲ့ အိပ်နေတာပဲဖြစ်တယ်။ ကျားဟာ မြေခွေးကိုပဲ စားတော့မယ်ဆိုပြီး ဆုံးအဖြတ်မှာ မြေခွေးလည်း လန့်နိုးသွားတယ်။
`ဟား…. ဟား…. ဟား၊ မင်းကိုစားရမယ်ကွ´
`ကျနော့်ကို စားရင် အသင်ကျားမင်း ဘယ်ဝနိုင်ပါ့မလဲ၊ ကျနော်လဲ အစာမစားရလို့ ပိန်လှီနေပါတယ်။ ကျနော့်ရဲ့ မိတ်ဆွေတွေ မျောက်သားအမိ ရှိကြပါတယ်။ သူတို့ဟာ ၀ဖြိုးကြလို့ အင်မတန် စားကောင်းမှာပါ´
`ဟေ… ဟုတ်လား။ ဒါဆို မျောက်သားအမိကိုပဲ သွားစားကြမယ်။ မင်းလိုက်ခဲ့´
`ဒီတောက သားကောင်တွေဟာ အင်မတန်မှ ပါးနပ်ကြပါတယ်။ အရှင်ကျားမင်း လိုက်လာရင် သူတို့ရိပ်မိသွားပြီး ထွက်ပြေးသွားကြမှာ ကျနော်မျိုး လိမ်ညာပြီး အရှင်ရှေ့မှောက် ရောက်အောင်ခေါ်လာခဲ့ပါ့မယ်´
`မလိုချင်ဘူး။ မင်းကို ငါမယုံဘူး။ ငါပါတစ်ပါတည်း လိုက်ခဲ့မယ်´
ကျားဟာ မြေခွေးကိုမယုံဘူး။ ဒါကြောင့် သူအမြီးနဲ့ မြေခွေးရဲ့အမြီးကိုချည်ပြီး မျောက်သားအမိ ဆီကိုသွားရန် ဆုံးဖြတ်လိုက်ကြတယ်။
အဲ့ဒီအချိန်မှာ သူတို့ သတိမပြုမိတဲ့ အခြေအနေတစ်ခုရှိတယ်။ မျောက်ကလေး တစ်ကောင်ဟာ သူ့တို့ရဲ့ ပြောစကားကို သစ်ပင်ပေါ်ကနေ နားထောင်ပြီး ထွက်ပြေးသွားတယ်။ အဲ့ဒီ မျောက်ကလေးဟာ သူ့အမေ မျောက်မကြီးကို အကျိုးအကြောင်း ပြန်ပြောတာပေါ့။
မျောက်သားအမိဟာ မြေခွေးရဲ့ မိတ်ဆွေတွေပဲဖြစ်တယ်။ မျောက်မကြီးလည်း နည်းနည်းတော့ တုန်လှုပ်သွားပေမယ့် စိတ်ကူးတစ်ခုရသွားတယ်။
`ဘာမှမပူနဲ့သား၊ သူတို့ရောက်ရင် အမေသင်ပေးထားတဲ့အတိုင်းသာ ပြော´
မျောက်မကြီးလည်း သားငယ်မျောက်ကို စကားတွေသင်ပေးသတဲ့။ မကြာခင်မှာ မြေခွေးနဲ့ ကျားဟာ မျောက်သားစားရဖို့ အတူတူလာခဲ့ကြသတဲ့။ ကျားဟာ မြေခွေးရဲ့စကားကို မယုံလို့ သူ့အမြီးနဲ့ မြေခွေးရဲ့ အမြီးကို ချည်နှောင်ထားတယ်။
`ဟေ့… မင်းပြောတဲ့ မျောက်မကြီးဆီးကို မရောက်သေးဘူးလား´လို့ မေးတော့ မြေခွေးက…
`ရောက်ပါပြီ၊ ဟောဟိုနားမှာပါ´ လို့ ပြန်ဖြေသတဲ့။
မျောက်မကြီးဟာ သူတို့ကို မြင်လိုက်တာနဲ့ မမြင်ချင်ယောင်ဆောင်ပြီး… `သားလေး… ဒီကနေ့ အမေတို့ ကျားသားစားရလိမ်မယ်´
`ဟုတ်လား အမေ၊ ကျားသားဟာကောင်းလား၊ ဘယ်လိုရမှာလဲ´
`အမေတို့ရဲ့ မိတ်ဆွေ ဦးဦးမြေခွေးက ကျားတစ်ကောင် အမေတို့စားဖို့ ညာပြီးခေါ်လာလိမ့်မယ်။ ကျားသားဟာ သိပ်ချိုတယ်။ အမေကတော့ ကျားသားကိုပဲစားတယ်။ တခြားဘာအသားကိုမှ မစားဘူး´
မျောက်မကြီးဟာ မလှမ်းမကမ်းကိုရောက်လာတဲ့ မြေခွေးနဲ့ ကျားကို အခုမှလှမ်းပြီး မြင်မိလိုက်သလိုနဲ့…. `အသင် မြေခွေး၊ ငါတို့စားဖို့ ယူလာမယ်ဆိုတဲ့ ကျားဟာ အရင်က သင်ယူလာတဲ့ ကျားတွေနဲ့ မတူပါလား၊ ပိန်လှချည်လား´လို့ ပြောလိုက်တယ်။
ကျားဟာ မျောက်မကြီးသားအမိ ပြောတဲ့စကားကို ကြားပြီးဖြစ်တယ်။ အခုလည်း ကြားလိုက်ရပြန်တော့ အံ့သြတုန်လှုပ်သွားပြီး…. `ဟဲ့… မြေခွေး နင်ဟာ မျောက်မကြီး သားအမိရဲ့ အစာအတွက် လိမ်ညာပြီးခေါ်လာခဲ့တာကိုး၊ နင်ဟာတော်တော့ကို ကောက်ကျစ်တဲ့ သတ္တ၀ါပဲ´ ဆိုပြီး အလန့်တကြားနဲ့ ထွက်ပြေးပါတော့တယ်။ မြေခွေးဟာလည်း ကျားကိုဘယ်လိုမှ ရှင်းပြချိန်မရလိုက်ဘူး….။
ကျားရဲ့ နောက်ကို ဒရွှတ်တိုက်ပါသွားတယ်။ အားကောင်းတဲ့ကျားက ဇွတ်အတင်းပြေးလို့ လမ်းတစ်နေရာမှာ မြေခွေးရဲ့ ဦးခေါင်းကို ကျောက်တုံးတစ်ခုနဲ့ ရိုက်မိသွားတော့ ပွဲချင်းပြီးသေပါလေရော။
သူများ မကောင်းကြံ ကိုယ်ပဲခံရတယ်ဆိုတဲ့ မြေခွေးရဲ့ ဥပမာလေးကို သင်ခန်းစာ ယူနိုင်ကြပါစေ။
***၀င်းရွှေနောင်***
***သူများမကောင်းကြံ ကိုယ်ပဲခံ***

No comments:
Post a Comment