(မြူးနစ် (ဂျာမနီ) ဖေဖော်ဝါရီလ ၈-ရက်)
အီရန်နိုင်ငံအနေဖြင့် ညူကလီးယားအစီစဉ်နှင့် ပတ်သက်၍ အလျှော့ပေးမည့်လက္ခဏာကို မိမိတို့မတွေ့ရကြောင်း၊ အီရန်နိုင်ငံကို ဖိအားပေးမှုများ တိုးမြှင့်ပြုလုပ်သွားရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့က ဖေဖော်ဝါရီလ ၆-ရက်နေ့တွင် ပြောကြားလိုက်စဉ်မှာပင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပိတ်ပင်အရေးယူမှုအသစ် ထပ်မံပြုလုပ်ရန် သတိပေးပြောကြားလိုက်သည်။ (အင်တာနက်)
*** ရိုမေးနီးယား၌ ဒုံးပျံကာကွယ်ရေးစနစ်ချထားရေး ရုရှားစိုးရိမ်ပူပန်နေဟုဆို ***
(မော်စကို၊ ဖေဖော်ဝါရီလ ၈-ရက်)
ရုရှားအစိုးရသည် ရိုမေးနီးယားနိုင်ငံတွင် ဒုံးပျံကာကွယ်ရေးစနစ်၏ အခြေခံအစိတ်အပိုင်းများ ဖြန့်ကြက်ထားရန် အမေရိကန်နိုင်ငံ၏ အစီအစဉ်နှင့်ပတ်သက်၍ စိုးရိမ်ပူပင်နေကြောင်း ရုရှားအဆင့်မြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဖေဖော်ဝါရီလ ၆-ရက်နေ့တွင် ပြောကြားသည်။ ရုရှားအစိုးရသည် ရိုမေးနီးယားနိုင်ငံတွင် ဒုံးကျည်ကာကွယ်ရေးဆိုင်ရာ အခြေခံအစိတ်အပိုင်းများချထားမည့် အမေရိကန်နိုင်ငံ၏ အစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ ရှင်းလင်းချက်ကို စောင့်စားနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ဖေဖော်ဝါရီလ ၅-ရက်နေ့ စောစောပိုင်းက ပြောကြားသည်။ (အင်တာနက်)
*** နီပေါနိုင်ငံ၏ မဟာဗျူဟာမြောက် လူဦးရေ အစီအစဉ်အတည်ပြု ***
(ခတ္တမန္ဒူ၊ ဖေဖော်ဝါရီလ ၈-ရက်)
နီပေါအစိုးရ ကျန်းမာရေးနှင့် လူဦးရေရေးရာဝန်ကြီးဌာနသည် လာမည့် နှစ် ၂၀-အတွက် နီပေါနိုင်ငံ၏ အရေးပါသော လူဦးရေဆိုင်ရာ အစီအစဉ်သစ်ကို လက်မှတ်ရေးထိုး ထောက်ခံအတည်ပြုလိုက်ပြီဖြစ်သည်ဟု နီပေါမီဒီယာက ဖေဖော်ဝါရီလ ၇-ရက်နေ့တွင် ဖော်ပြသည်။ (အင်တာနက်)
*** လေယာဉ်ငယ် နှစ်စင်းတိုက်မိ ခရီးသည် သုံးဦးသေဆုံး ***
(လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီလ ၈-ရက်)
အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်တွင် ဖေဖော်ဝါရီလ ၆-ရက်နေ့က အသေးစားလေယာဉ် နှစ်စင်းတိုက်မိရာ သုံးဦးထက်မနည်းသေဆုံးသွားကြောင်း အာဏာပိုင်များက ပြောကြားသည်။ သေဆုံးသူ သုံးဦးသည် အဆိုပါလေယာဉ်နှစ်စင်းတွင် လိုက်ပါလာကြသူများဖြစ်သည်ဟု ဘိုလ်ဒါစီရင်စုအုပ်ချုပ်ရေးရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ရစ်ဘရိုးက ပြောကြားသည်။ လေယာဉ်နှစ်စင်းပေါ်တွင် လိုက်ပါလာသည့်ခရီးသည်ဦးရေ မည်ရွေ့မည်မျှ ရှိသည်ကိုမူ လောလောဆယ် မသိရသေးဘဲရှိသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ ***
*** အီရန်နိုင်ငံ၏ ညူကလီးယားအစီအစဉ် အလျှော့ပေးမည့် လက္ခဏာ မတွေ့ရသေး ***

No comments:
Post a Comment