***(၂၄၀၊ မဟာပိင်္ဂလဇာတ်) ပစ္စုပ္ပန်ဝတ္ထု**
မြတ်စွာဘုးရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- ဒေ၀ဒတ် သေဆုံး၍ လူအများနှစ်သက်ဝမ်းမြောက်ကြခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
**အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ မဟာပိင်္ဂလမင်း စိုးစံစဉ်- ထိုမင်းသည် မင်းကျင့်တရားနှင့် မညီညွတ်၊ အဂတိလေးပါး လိုက်စား၏။ မတရားသဖြင့် အပြစ်ဒဏ်ပေး၏။ မတရားသဖြင့် အခွန်အတုပ်ကောက်ခံ၏။ စက်ဖြင့် ကြံကိုညှစ်သကဲ့သို့ လူကို နှိပ်စက်ညှဉ်းပန်း၏။ ရုန့်ရင်းကြမ်းကြုတ်၏။ နိုင်ထက်ကလူ ပြုတတ်၏။ လူကို အနည်းငယ်မျှ ကြင်နာသနားခြင်းမရှိ။ အိမ်၌နေသော သားမယား၊ သားသမီး၊ ကျေးကျွန်တို့ကလည်း မချစ်မနှစ်သက်။ တိုင်းပြည်၌ ရှိကြသော သူဌေး၊ သူကြွယ်၊ အမတ်၊ ပုဏ္ဏား စသည်များကလည်း မချစ်မနှစ်သက်။ မျက်စိထဲဝင်သော အမှိုက်ကဲ့သို့ ထမင်းထဲပါသော ကျောက်ခဲကဲ့သို့၊
ခြေဖနောင့်မှာ စူးသော ဆူးကဲ့သို့ ထင်ကြ၏။ ဘုရားလောင်းသည် ထိုမင်း၏ သားတော်ဖြစ်၏။
***မင်းဆိုးသေ၍ အောင်ပွဲကျင်းပ***
ထိုမဟာပိင်္ဂလမင်းသည် နှစ်ပေါင်းများစွာ မင်းပြုပြီး သေခဲ့၏။ ဗာရာဏသီတစ်ပြည်လုံး ၀မ်းမြောက်ကြ၏။ နောက်တစ်ကြိမ် ပြန်မလာနိုင်ရန်ဟု ထင်းတစ်ထောင်ဖြင့် မီးဖိုကြ၏။
ရေအိုးတစ်ထောင်ဖြင့် လောင်း၏။ သင်္ချိုင်းမြေကို လှန်လိုက်ကြ၏။ ထို့နောက် သားတော်ကို မင်းမြှောက်ကြ၏။ တရားစောင့်သော မင်းရပြီဟု တစ်မြို့လုံး အောင်ပွဲခံကြ၏။ တစ်မြို့လုံး တံခွန်၊ ကုက္ကား စိုက်ကြ၏။ ပန်း ပေါက်ပေါက်တို့ ကြဲကြ၏။ အကျွေးအမွေးများဖြင့် စည်ကား၏။ ဘုရားလောင်းသည် ရာဇပလ္လင်၌ နေ၏။ မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်တို့ ခြံရံကာနေကြ၏။
***ကြောက်လွန်းလို့***
ထိုအခိုက် နန်းတော် တံခါးကိုစောင့်ရသော တံခါးစောင့်သည် သက်ပြင်းချကာ ငိုကြွေးလေ၏။ ထိုအခါမှ မင်းက တံခါးစောင့်ကို ခေါ်တွေ့ပြီး-
`သင့် အဘယ်ကြောင့် ငိုကြွေးနေသနည်း´
`ပိင်္ဂလမင်းကို သတိရ၍ ငိုကြွေးနေပါသည်ဘုရား´
`တစ်တိုင်းပြည်လုံး ၀မ်းမြောက်နေကြသည်။ သင်ကား၊ ပိင်္ဂလမင်းကို ချစ်၍ ငိုကြွေးနေသလား၊ ဘယ်လိုလဲ´
`အရှင်မင်းကြီး၊ ပိင်္ဂလမင်းသည် ပြာသာဒ်မှ ဆင်းတိုင်း အကျွန်ုပ်ဦးခေါင်းကို ရှစ်ချက် ရှစ်ချက် ရိုက်နှက်ပြီးမှ ထွက်သွားပါသည်။ ပြာသာဒ်ကိုတက်တိုင်း ရှစ်ချက် ရှစ်ချက် ရိုက်ပြီးမှ တက်သွားပါသည်။ ယခုတော့ ကျွန်ုပ်ဦးခေါင်းရိုက်မည့်သူ မရှိ၍ သက်သာခဲ့ပါပြီ´
`ငိုရသည့် အကြောင်းရင်းမှာ ဟိုဘက်အ၀ ငရဲပြည်ရောက်လျှင် ငရဲထိန်းတို့ကို အထွက်ရှစ်ချက်၊ အ၀င်ရှစ်ချက် ဦးခေါင်းကိုရိုက်သဖြင့် အရိုက်မခံနိုင်တော့၊ လူ့ပြည် ပြန်ပို့လျှင် သက်သာနေသော ဦးခေါင်းပြန်၍ အရိုက်ခံရဦးမည်ဟု တွေးပူစိုးရိမ် ငိုကြွေးပါ၏´ဟု လျှောက်ထား၏။
ထိုအခါ မင်းက- `ပိင်္ဂလမင်းကို ပြန်မလာနိုင်ရန် တစ်ထောင်သော ထင်းမီးဖြင့် တိုက်ပြီး၊ ရေအိုးတစ်ထောင်ဖြင့် လောင်းခဲ့ကာ မြေကိုလှန်ခဲ့ပြီး ပိင်္ဂလမင်း မလာနိုင်တော့ပါ။ စင်စစ် သေပြီးသူ ပြန်မလာနိုင်ပါ။ မကြောက်ပါလင့်´ဟု တံခါးစောင့်ကို သက်သာရာ ရစေ၏
ဇာတ်ပေါင်းသော်…
ပိင်္ဂလမင်းသည် - ဒေ၀ဒတ်
သားတော်သည် - ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
***ပြည်သူမုန်းသည့် မင်း***

No comments:
Post a Comment