ကူညီပို့ ပေးတဲ့ နောက်ပွင့် ဟိုင်းလက်ကားက လေယာဉ်ကွင်းဝင်းတခါးကို
ညှင်သာစွာ ဆောင့်ငြီးပြီး ပေါ်တူကီအောက်မှာ ရပ်လိုက်သည်။
ကားပေါ်ပါလာတဲ့ လူကြီးကလေးအားလုံး ဆင်းကြပြီးတော့
ဈေးပေါတဲ့ ငပိတွေ ငရုပ်သီးတွေ ငါးခြောက်တွေ ဆေးလိပ်တွေ ပြည်တွင်းဖြစ်တိုင်းရင်းဆေးတွေ လျှပ်စစ်ထ္မင်းအိုး အ၀တ်အစား အစုပ်တွေ ပြည့်နေတဲ့ မြွေအရေခွံအိပ်တွေ ကျွတ်ကျွတ် အိပ်တွေကို ပလက်ဖေါင်းပေါ် ၀ိုင်းချလိုက်ကြသည်။
ကားသမား က ချုပ်ဒီး ဖမား ယူသန်ပထေ့ လို့ ပြောပြီးကားမောင်းထွက်သွားပါသည်။
အပူလှိုင်းပါတဲ့ လေရိပ်ကလေးရိုက်ခတ် လိုက်ပါတယ်။
အော် သက်ြန်ကျော် လာတဲ့ မေလ ၁၇ ရက်နေ့ ၂၀၀၁ ညနေခင်းတုံးကပေါ့။
အသိမိတ်ဆွေတွေလဲ တချို့ ရောက်ကြပြီ။တချို့ လဲအထုတ်တွေဆွဲပြီးကားပေါ်က
ဆင်းလာတာတွေ့ တယ်။
နောက်ထပ် သက်ပြင်းတချက်ကို မရဲတရဲထပ်ချလိုက်သည်။
ရေသန့် ဘူးကိုဖွင့်ပြီး ကလေးတွေကိုမျှဝေတိုက်ပြီး လက်ကျန်ရေကို
ပူလောင်နေတဲ့ အာခေါင်ထဲလောင်းချလိုက်တယ်။
ထိုင်းနိုင်ငံကမြင်ရခဲ့တဲ့ကောင်းကင်ဟာ ဂျော်နီ ဗေဒါ တို့ သွေးတချို့ အငွေ့ တွေ ရောပြီး ပန်းရောင်သန်းနေသလိုဘဲ။
တပ်ဆင်သူဌေးကြီး ထိုင်းအစိုးရ ထဲကို အာဏာဝင်လုမဲ့
နမိတ်ကောင်းကင်ထင်တယ်။သွေးထွက်သံယို အမိန့် တွေစပြီ။
မကြာမှီ အစိုးမရတဲ့ ထိုင်းအုပ်ချုပ်မှုအောက်ကပြေးနိုင်ပါ့မလား။
(မူးယစ်တဆိပ် ကပ်ခံရသူ အားလုံးလိုလို ပစ်သတ်ခံရတယ်လေ)
လေယာဉ်ကွင်းထဲကခရီးသည်အခန်းကြီးတခါးကို ဖွင့်လိုက်တာနဲ့ 
လေအေးတွေက အပြေးဝင်လာပြီး နှတ်ဆက် ကြတယ်။
တခရီးတည်းသွားမည့်သူတွေစုပြီးထိုင်ကြတယ်။
ကလေးတွေက၀ိုင်းကြီးပါတ်ပြေးနေတယ်။
မိန်းမတွေနဲ့လူကြီးအချို့ က ခြေပစ်လက်ပစ ထီုင်နားကြတယ်။
လူတချို့ ကလမ်းသလားကြည့်ကြတယ်။
နိုင်ခြားကငွေပို့ ပစ္စည်းမှာသူတွေအတွက် ၀ယ်ကြတယ်။
တချို့ လူငယ်တွေကတောက်ခေါက်ခေါက်၊
ချောင်းဆိုးနေတာသိသိကြီးနဲ့ ဆေးပို့ နောက်ကျလို့ တဲ့။
ရောက်ဖူးသူက မရောက်ဖူးသူတွေကို ရှင်းပြကြတယ်။
အရင်ရောက်တာနဲ့ နောက်ရောက်တာပါဘဲ။မနှိမ်ကြပါနဲ့ ဗျာ
၂နာရီကျော်ကြာတော့
အိုင်အိုအမ်က( http://www.iom.int/jahia/jsp/index.jsp )
ပွဲစားအဖိုးကြီးရောက်လာတယ်။
ထိုင်းပြည်ထဲရေး စခန်းကထုတ်ပေးလိုက်တဲ့စာရွတ်နဲ့ တိုက်ပြီး နိုင်ငံကူးစာအုပ်အပြာလေးတွေ ဝေပေးတယ်။
မြန်မာပြည်သားတို့ ယဉ်ကျေးမှုနဲ့ အညီ
တချို့ က၀ိုင်းလုတယ်။တချို့ ကစောင့်ယူတယ်။ စကထဲကမညီကြပါဘူး။
အခုကော နောင်ကော။ လူတိုင်းသိတယ်။ ညီညွတ်ရေးကအဓိကတဲ့
စားဖါးတွေညီညွတ်ကြတယ်။စစ်တပ်ထဲက အာဏာရှင်တွေညီညွတ်ကြတယ်။
လူထုကတော့ ပက်လက်ဘ၀ဘဲ။ပြေးနေတုံးဘဲ။
တချို့ ဆိုနှစ် ၆၀ကျော်ရှိပြီတဲ့။
နိုင်ငံထဲက ပြေးနေသူတွေကိုစာနာကြပါဗျာ။ ကူညီကြပါ။
စီးပွားဖြစ်လုပ်မစားကြပါနဲ့ 
အေးချမ်းရင် ဘ၀လုံခြုံရင်ဘယ်သူပြေးမလဲ။အမေရိကန်ဘဲရောက်ရောက်
ဂျပန်ဘဲရောက်ရောက်ပေါ့၊သူဌေးကြီးဖြစ်ဖို့ မှမလွယ်တာ။
လူမသတ်ရင်၊စစ်ထောက်လှန်းရေးမဟုတ်ရင်ပြီးတာဘဲ။
အိုင်အိုအမ်ပွဲစားအဖိုးကြီးက မျက်စိ နောက်တယ်ထင်ပါတယ်၊
ပါလာတဲ့အပို အထုတ်တွေ လေယာဉ်ဂိုဒေါင်ထဲထဲ့ဘို့ မှတ်ပုံတင်ရမယ်။
စီးမဲ့လေယာဉ်က၀န်ထမ်းတွေရှိတဲ့စားပွဲမှာတန်းစီကြတဲ့
အထုတ်တွေကို နာမည်ကပ်ပြားတပ်၊ ချိန်စက်ပေါ်တင်၊(၂၀ကီလို)
လုံခြုံရေး စက်ထဲဖြတ်ြပီးစစ်ဆေးတယ်။
ရှေ့ ကလူတွေဆင်ပြေကြပါတယ်။ကျွန်တော့အလှည့်ရောက်ပြီ။
လုံခြုံရေး စက်ထဲဖြတ် စက်ကမီးနီပြရင်း အသံတွေမြည်ပါတော့တယ်။
အပြာရောင်ဝတ်စုံ လက်နက်အပြည့်အစုံနဲ့ လူတွေပြေးလာကြပါတယ်။
ဂျော်နီတို့ ဆေးရုံပြသာနာအပြီး။ဦးဇင်းမောင်လဲအသတ်ခံရ မဟာချိုင်းထောင်ဖေါက်ပြေးမှုနဲ့ မကြာခဏအစစ်ခံရတဲ့ကျွန်တော်၊ ဇောချွေးတွေတလုံးပြီးတလုံး
ဇီးသီးဗန်းမှောက်သလို ထွက်လာတယ်။
ဆေးရုံဝင်စီးတဲ့ ထိုင်းကွန်မန်ဒိုပုံရိပ်များ၊ နယ်စပ်အရောက်မှာပစ်သတ်ခံရတဲ့
မဟာချိုင်ကမြန်မာနို်င်ငံသားများ အတွေးထဲပြေးဝင်လာတယ်။
အထုတ်ပိုင်ရှင် ဖွင့်ပြပါ။သေနပ်တွေနဲ့ ချိန်ထားကြပါတယ်။
မြွေအရေခွံအိပ်ထဲက ဈေးပေါတဲ့ ငပိတွေ ငရုပ်သီးတွေ ငါးခြောက်တွေ ဆေးလိပ်တွေ ပြည်တွင်းဖြစ်ဆေးတွေ လျှပ်စစ်ထ္မင်းအိုး အ၀တ်အစား အစုပ်တွေ
တခုခြင်းထွက်လာပါတယ်။တ၀ါးဝါးနဲ့ ဝိုင်းရီကြပါတယ်။
အောက်ဆုံးမှာ ဓါတ်ငွေ့ မီးခြစ်တွေအများကြီးဘဲ။
ဘာလုပ်ဖို့ သယ်လာတာလဲတဲ့၊လေသံမာမာနဲ့ အမေးခံလိုက်ရတယ်။
ဗျုံးကနဲ ကျွန်တော့ကလေးတွေရဲ့  အဖွားရှေ့ ထွက်လာတယ်။
အဲဒါငါ့မီးခြစ်တွေ။ဟိုရောက်ရင် ငါ့မြေးတွေ မနက်စာ ဆန်ပြုတ်ရင် မီးမွေးဖို့ 
ဝါးကနဲ အဖွားကြီးကိုရီကြတယ်။မိန်းမရဲ့ အမေပါ။
ရင်ထဲတချက်နင့်ကနဲ စစ်ကနဲ အလွမ်းပင်လေး အညောက်ပေါက်သွားတယ်။
ငါ့အမေဆိုရင်ကော သားတွေနဲ့ မတွေ့ တာ ၈၈ ကထဲကလေ။
အဲဒါ ၈၈က ဗမာကျောင်းသားတွေပေါ့ ငှက်ဆိုးထိုးသံထွက်လာသည်။
လှည့်ကြည့်လိုက်တော့ နယ်ပါတီစည်းရုံးရေး၏လင်ဖြစ်နေတယ်။
အင်း နောက်တရက်ဆို ကိုယ့်လမ်းကို သွားကြတော့မှာဘဲလေ။
အားလုံးအတွင်းခန်းထဲဝင်ကြတယ်။
လုံခြုံရေးနဲ့  လူဝင်မှုကြီးကြပ်ရေးရုံးခန်းတွေဆီ အပြေးအလွှားအစစ်ခံရတယ်။ စိတ်လှုပ်ရှားပြီးရင်တွေခုံနေတယ်။
အဖွဲ့ အစည်းတခုက လူငယ်မိန်းမ ဆိုသူလည်းထွက်ခွင့်ရသူတဦးနဲ့ လိုက်လာတယ်။ ငွေမပေးရပါဘူးသူမျက်နှာကလဲ မကျည်းရွတ်လောက်ဘဲရှိတော့တယ်။
အားလုံးစိတ်မောလူမောဘဲ။နောက်ဆုံးအဆင့်ကြမှ စခန်းကိုပြန်ရသူတွေ
မြင်ဖူးထားကြတာကိုး။
တရားခံကြည့် အကြည့်ခံရပါသည်။
မွေးရပ်မြေကစစ်ဖိနပ်အောက်ရောက်သွားတာကိုး။တန်ဖိုးမဲ့ပြီပေါ့။
တန်ဘိုးမဲ့တွေ နိုင်ငံတကာမှာ အများကြီးဘဲလေ။
လေယာဉ်တက်လှေခါးအခန်းဝကသွားစောင့်ပါ။မဂ်လာအသံလေး
ပြီးသွားပါပြီ။အားလုံးပြီးသွားပါပြီ။
၈နှစ်ကျော် ထိုင်းလူမိုက်များ ပုလိပ်များလက်က ပြေးရပုန်းရတဲ့ဘဝ
အလုံပိတ်စခန်းထဲမှာ နေ့ တထိတ် ညတထိတ်နဲ့ အစစ်ခံ တနှစ်ကျော်ကာလ
ဘ၀မုန်တိုင်းကြီးတခု ကိုဖြတ်ကျော်လိုက်ပါပြီ။
သက်ပြင်းကို ဒုံးဒုံးချလိုက်သည်။လေကို၀၀ရှူသွင်းလိုက်သည်။
ဘ၀သစ်ရဲ့ ပထမခြေလှမ်း စတော့မယ်
တစစ်စစ်နဲ့ ခြေဖျားကကိုက်လာသည်။သွေးအေးသွားလို့ ထင်ပါတယ်။
လေအေးခန်းကြောင့်လား။၃ ၄ယောက်လဲ ကျွန်တော့လိုဘဲ နာလာတယ်တဲ့။
မိန်းမကရှက်ပြီးတားတဲ့ကြားက ရှူးဖိနပ်ချွတ်လိုက်တယ်။အေးပြီးစပ်လာတယ်။
မသက်ာတာနဲ့ ခြေအိတ်ကိုဆက်ချွတ်လိုက်တယ်။
ပြေးလွှားရလွန်းလို့  အရေပြားတွေပြဲကုန်တာကိုးဗျ။
ဆေးလဲမရှိတော့ဘူး။သံငံရည်တွေ ဒလဟောဘဲ
လေယာဉ်ပေါ်တက်လို့ ရပြီတဲ့။တောင်ဖက်ဆုံးအပေါက် ၂၄ တဲ့။
ခေါင်းပေါ်မော့ကြည့်တော့ နံပါတ်မှာ ၈ ပါတဲ့ခင်ဗျား။
ဖိနပ်ကိုကောက်စွပ်ပြီး ကလေးလက်တွဲကာလေယာဉ်ပေါက်သို့ တလှမ်းခြင်း
နာလိုက်တာဗျာ အသဲထိနာလာတယ်။မျက်ရည်စို့ လာတယ်။
အသဲထဲ ကတစစသိလာတဲ့နာကျည်းအတွေးတွေနဲ့ နယ်သာလန်ကိုပျံသန်းမည့်
လောယာဉ်ပျံကြီးဆီသွားရင်း
အသဲထဲ ကသိလာတဲ့အထိနာကျည်းမှု တွေပေးခဲ့တဲ့ ထိုင်းနိုင်ငံရေ
ပြည်စုံတဲ့ဘ၀တခုပိုင်ဆိုင်တဲ့နေ့ ကျရင် မပြီးသေးတဲ့ မွေးရပ်မြေအတွက်
ပြန်လာရအုံးမယ်၊ယာယီဘ၀ကာလအတွက် ကျေးဇူးတင်ပါတယ်။
***ဌေးတင့်(နယ်သာလန်)***
၂၄း၂၀ ၁၅ ဖေဖေါ်ဝါရီ ၂၀၁၀
သက်ပြင်းကို မရဲတရဲ နဲနဲ ချလိုက်သည်။

No comments:
Post a Comment