(တိကနိပါတ်- ၂၅၃၊ မဏီကဏ္ဍဇာတ်) ပစ္စုပ္ပန် ၀တ္ထု
မြတ်စွာဘုရားသည် အာဠ၀ီပြည်အနီး အဂ္ဂါဠ၀စေတီ၌ သီတင်းသုံးတော်မူစဉ်- အာဠ၀ီတိုင်းသား ရဟန်းတို့ သည် နေထိုင်ရန် အဆောက်အဦး ကုဋီတို့ကို လှူဒါန်းသူ ဒါယကာမရှိဘဲ ကိုယ်တိုင်ဆောက်လုပ်ကြ၏။ လူတို့ကို အကူ အညီခေါ်ခိုင်း၏။ လုပ်မည့်သူများတောင:်၏။ အလွန်အတောင်းအရမ်းများသဖြင့် ရဟန်းမြင်လျှင် ဝေးဝေးက ပြေး ကြ၏။
အရှင်မဟာကဿပသည် အာဠ၀ီပြည်တွင် ဆွမ်းခံရာ လူတို့သည် ၀ါဝါမြင်လျှင် အဝေးက ရှောင်ပြေးကြသည်ကို သတိပြု၏။ ဆွမ်းဘုဉ်းပေးပြီးလျှင် ရဟန်းတို့အား မေး၏။ ရဟန်းတို့က ပြောပြကြ၍ မြတ်စွာဘုရားထံ လျှောက်ထား၏။
ခဲခဲယဉ်းယဉ်း….
မြတ်စွာဘုရားသည် ရဟန်းတို့ကို စည်းဝေးစေပြီး မေးတော်မူလျှင် ဟုတ်မှန်ကြောင်း လျှောက်ကြားသဖြင့် ကဲ့ရဲ့တော်မူပြီးလျှင် - `ရဟန်းတို့ တောင်းရမ်းခြင်းဟူသည်မှာ ရတနာ ခုနစ်ပါးနှင့် ပြည့်စုံသော နဂါးမင်းဖြစ်လျက်လည်း မနှစ်သက်ကြကုန်၊ လူဆိုလျှင် အဘယ်ပြောဖွယ်ရာ ရှိမည်နည်း၊ ကျောက်ဖျာမှ ကျောက်ချပ်ကို ရအောင်ဆစ်၍ ယူရသကဲ့သို့ တစ်ကျပ်၊ တစ်သပြာမျှ ကိုပင် ခဲခဲယဉ်းယဉ်း ရှာကြရသည်´ဟု မိန့်တော်မူကာ အတိတ်ဇာတ်ကို ဟောကြားတော်မူသည်။
အတိတ်ဇာတ်….
ဗရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားအလောင်းသည် ချမ်းသာသော ပုဏ္ဏားမျိုး၌ ဖြစ်၍ ညီငယ်တစ်ယောက်ရှိ၏။ မိဘများ ကွယ်လွန် သွားကြသော် သံဝေဂရ၍ ညီနောင် နှစ်ယောက်တို့သည် ဂင်္ဂါမြစ်နားတွင် သစ်ရွက်မိုး တဲဆောက်ကာ တစ်ပါးစီ ခပ်လှမ်းလှမ်းတွင် နေကြ၏။
ညီငယ်ရသေ့နှင့် နဂါးမင်း…..
တစ်နေ့တွင် မဏိကဏ္ဍနဂါးမင်းသည် လုလင် အသွင်ဖန်ဆင်းပြီး ဂင်္ဂါမြစ်ကမ်းမှလည့်လည်သွားစဉ် ညီငယ်ရသေ့နှင့်တွေ့၏။ စကားပြောကြ၏။ နဂါးမင်းသည် စကားပြေရသည်ကို ပျော်မွေ့၍ မကြာခဏ လာ၏။ လာပါများသော် နှစ်ဦးသား တရင်းတနှီးဖြစ်သွားကြ၏။ နဂါးလည်း မလာရမနေနိုင် နေ့စဉ်လာ၏။
နဂါးမင်းသည် ညီရသေ့ကို အလွန်ချစ်၍ ပြန်ကာနီးတိုင်း နဂါးအသွင်းပြောင်းကာ ရသေ့ကို ရစ်ပတ်ပြီး ပါးပျဉ်းဖြင့် မိုးကာ ခဏကြာကြည့်ပြီးမှ အခွေကိုဖြေပြီး ပြန်သွားလေ့ရှိ၏။
နဂါးက ချစ်၍ ကျီစယ်သော်လည်း ရသေ့မှာ အလွန်ကြောက်၏။ ပြော၍မရပေ၊ နေ့တိုင်းဖြစ်၍ ရသေ့မှာကြောက်စိတ်ဖြင့် တဖြည်းဖြည်း ပိန်၍ ဖြူဖပ်ဖြူရော် ဖြစ်လာ၏။
အချစ်ပျက်အောင် လုပ်နည်း….
တစ်နေ့တွင် နောင်တော်ရသေ့ထံ သွား၏။ ပိန်ချုံးနေသော ညီကိုမြင်လျှင် နောင်တော်ရသေ့မေး၍ မိမိမှာ နဂါးမင်းချစ်လွန်း၍ ကြောက်ပြီး ဒုက္ခရောက်ရသည့် အကြောင်းကို ပြောပြ၏။
နောင်တော်ရသေ့က `နဂါးမင်းမလာစေရန် နည်းလမ်းရှိပါသည်။ ညီတော်ထံ လာသည့်အခါ ဘယ်လို ရတနာများ ၀တ်စားလာသလဲ´ဟု မေး၏။
`လည်ပင်းမှာ ပတ္တမြားရတနာဆင်၍ လာတတ်ပါသည်´ဟု လျှောက်၏။
`ကောင်းပြီ၊ သင့်ထံ နဂါးလာလျှင် မထိုင်မီက ပတ္တမြား ရတနာကိုတောင်းလော့၊ နဂါးမင်းချက်ချင်းပြန်သွားလိမ့်မည်။ နောက်တစ်နေ့ ကျောင်းတံခါးဝတွင် ၀င်ရုံနှင့် ပတ္တမြားကို တောင်း၊ နောက်ထပ် နဂါးမင်းလာတော့မည်မဟုတ်´ဟု နဂါးမင်း အချစ်ပျက်ရန် နည်းလမ်းကို ပေးလိုက်၏။
အတောင်းအရမ်းထူသူမို့…….
ညီတော်ရသေ့သည် နောင်တော် နည်းလမ်း ပေးသည့်အတိုင်း ပထမနေ့တွင် မထိုင်မီ တောင်း၏။ မထိုင်ဘဲ ပြေးလေ၏။ ဒုတိယနေ့တွင် တံခါးဝအရောက်၌ တောင်း၏။ မ၀င်ဘဲ ပြေးလေ၏။ တတိယနေ့တွင် မြစ်ကမ်းမှစောင့်၍ နဂါးရေပေါ်သို့ ပေါ်လာချင်း တောင်း၏။ နဂါးမင်းက ရေပေါ်မှနေ၍- `ရသေ့၊ ပတ္တမြားကြောင့် နတ်သုဒ္ဓါတို့ကို စားနေရ၏။ လိုတိုင်းရသော ပတ္တမြားကိုပင် သင်တောင်း၏။ သင့်ကား အတောင်းအရမ်းထူ၏။ သင့်ကျောင်းသို့ လာတော့မည်မဟုတ်´ဟု ရေတွင်ငုပ်၍ ပြန်သွားလေ၏။
မလာတော့မည်း မျှော်ရပြန်…..
နောင်တော် ရသေ့သည် ညီတော်အကြောင်း သိလို၍ ညီတော်၏။ ကျောင်းသို့ သွား၏။ ပို၍ပိန်ချုံးနေသဖြင့် မေးရာ၊ နဂါးမင်းမလာ၍ စိတ်မကောင်းဖြစ်ရပြီး မစားနိုင်၊ မသောက်နိုင် ဖြစ်ရကြောင်း လျှောက်ထား၏။ ထိုအခါ နောင်တော် ရသေ့က-`ညီတော်- ပုဂ္ဂိုလ် တစ်ဦးက အလွန်မြတ်နိုးလှသော ပစ္စည်းကို မတောင်းသင့် အလွန်တောင်းလျှင် မုန်းတတ်သည်။ ပတ္တမြားကို အတောင်းခံရသဖြင့် နဂါးသည် ညီတော် မမြင်ရာအရပ်သို့ သွားလေပြီ´ဟု အဆုံးအမ ပေးပြီးလျှင် ယနေ့မှစ၍ စိုးရိမ်ပူဆွေး မနေပါနှင့်တော့ဟု အဆုံးအမပေး၍ ပြန်သွားလေ၏။
ဇာတ်ပေါင်းသော်……
ညီတော်ရသေ့သည် - အာနန္ဒာ
နောင်တော်ရသေ့သည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကိုပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
*** တောင်းပါများ၍ နဂါးပြေးသော ၀တ္ထု ***

No comments:
Post a Comment