(မြန်မာနှစ် ၉၂၇-ခုနှစ်တွင် ဟံသာဝတီမြို့ သားတော်ကျောင်း၌ သီတင်းသုံးတော်မူသော ဆရာဂုဏ၀န်က ဟံသာဝတီ ဆင်ဖြူရှင် မင်းတရားကြီးအား ဆုံးမတော်မူရာတွင် ပါဝင်သော စကား) ရှေးလွန်လေပြီးသော အခါက လယ်သမား ရွာတစ်ရွာ၌ ပုဏ္ဏားလင်မယားတို့ ရှိကြလေသည်။ တစ်နေ့သ၌ ပုဏ္ဏားသည် နွားတစ်ရှဉ်း ကိုယူ၍ လယ်တောသို့ ထွက်လာသည်။ ထွန်တုံးထွန်တံများကို ပြင်ဆင်နေစဉ် အတောအတွင်း နွားနှစ်ကောင် ဝှေ့ကြ သည်။ ရှုံးသောနွား ထွက်ပြေးသဖြင့် ပုဏ္ဏားသည် နွားကို လိုက်လံဖမ်းဆီးသည်။
သို့ရာတွင် တောထဲအရောက်၌ ပုဏ္ဏားမှာ နွားကို မျက်ခြည်ပြတ်သွားလေ၏။ ပုဏ္ဏားမှာ နွားကိုတွေ့နိုးဖြင့် လိုက်လံရှာဖွေရင်း အချိန်ကုန်မှန်းမသိ ကုန်လာသည်။ အချိန်ကုန်ကြောင်းကို ပုဏ္ဏားမသိသော်လည်း ၀မ်းက သိသည်။ ထမင်းစားချိန်ကို ကျော်လွန်လာသဖြင့် အူတကြုတ်ကြုတ်မြည်လာခြင်းဖြစ်သည်။
ဆာလောင်လာသောအခါ ပုဏ္ဏားသည် ဟိုကြည့် သည်ကြည့်ဖြင့် ကြည့်သည်။ ချောက်ကမ်းတစ်ခုဘေး၌ရှိသော `တည်ပင်´တစ်ပင်ပေါ်တွင် တည်သီးမှည့်များ တွဲလွဲခိုနေကြသည်။ ပုဏ္ဏားသည် တစ်ခဏအတွင်း တည်ပင်ပေါ်သို့ရောက်လာသည်။ တည်သီးမှည့်တွေကို တစ်လုံးပြီး တစ်လုံးစားသည်။ အတော်များများစားပြီးသည့်အခါ အဆာပြေသွားသောကြောင့် ပြန်ဆင်းရန် နောက်သို့လှည့်သည်။ နင်းထားသော သစ်ကိုင်းခြောက်ကျိုးသွားသည်။ ပုဏ္ဏားမှာ ဟိုဆွဲသည်ဆွဲ ဆွဲချိန်မရ။ ကျွမ်းထိုးမှောက်ခုံကျ၏။
ပုဏ္ဏား ကံကောင်းပါသည်။ ချုံတစ်ခုပေါ်သို့ကျသောကြောင့် မသေပါ။ မကျိုးပဲ့ပါ။ သို့သော် ချောက်ကြီးက မတ်စောက်လှသည်။
`ဒီချောက်ထဲမှာ အစာငတ် ရေငတ်ဖြစ်ပြီး သေတော့မှာပါကလား၊ အမယ်လေး´
ပုဏ္ဏားသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အော်ဟစ်ငိုကြွေးသည်။ မကြာမီ ကမ်းပါးထိပ်သို့ မျောက်ကြီးတစ်ကောင် ရောက်လာ`။
`လူသား ဘာဖြစ်လို့ ငိုနေတာလဲ´
`ချောက်ထဲက မတက်နိုင်လို့ မျောက်ကြီးရေ´
`တိတ် တိတ် ငါလာပြီ´
မျောက်ကြီးသည် ချောက်ထဲသို့ တွယ်ကုတ်ပြီး ဆင်းလာသည်။ ပထမ ပုဏ္ဏားကို ချီကြည့်သည်။ ဒုတိယ ပုဏ္ဏားနှင့် အလေးချိန်တူသော ကျောက်တုံးကို ရှာသည်။ ကျောက်တုံးရလျှင် ထမ်းပြီး ကမ်းပါးပေါ်သို့ ခုန်တက်သည်။ ကမ်းပါးပေါ်သို့ မျောက်ကြီး ချောမောစွာရောက်သွားသည်။
တစ်ခဏအတွင်း၌ မျောက်ကြီး ပြန်ရောက်လာသည်။ ပုဏ္ဏားကို ပခုံးပေါ်တင်ပြီး တအားခုန်ရာ ကမ်းပါးပေါ်သို့ ပုဏ္ဏားရောက်လာလေ၏ သို့ရာတွင် မျောက်ကြီးမှာကား မောဟိုက်နေပြီ။ သို့အတွက် ပစ်လှဲပြီး အမောဖြေရာ တဖြည်းဖြည်း အိပ်ပျော်သွား၏။
ပုဏ္ဏားသည် အိပ်ပျော်နေသော မျောက်ကြီးအား ကြည့်သည်။ ကျေးဇူးတင်သောကြောင့် ကြည့်ခြင်းမဟုတ်။ စဉ်းစားနေခြင်းဖြစ်သည်။
`လယ်တောမှာလည်း ငါ့ကိုမတွေ့၊ အိမ်ပြန်လာတော့လည်း လက်ချည်းပဲဆိုရင်တော့ ပုဏ္ဏားမ ဆဲရေးတော့မှာပဲ၊ ဒီမျောက်ကြီးကိုသတ်ပြီး ဟင်းချက်ဖို့ ယူသွားရင်တော့ မျက်နှာရမှာပဲ၊ အကောင်က ကြီးတော့ အသားလည်း ထွက်မှာပဲ´
ပုဏ္ဏားသည် မျောက်ကြီးကို သတ်ရန် လက်နက်ရှာ၏။ တွေ့ပါပြီ များစွာကြီးမားသော ကျောက်ခဲကြီး။
ပုဏ္ဏားထရပ်သည်။ ကျောက်ခဲကို ပြေးကောက်သည်။ များစွာလေးလံသောကြောင့် မနိုင့်တနိုင် ချီမလျက် မျောက်ကြီး၏ မျက်နှာပေါ်သို့ ပစ်ချသည်။ မေတ္တာရှင် မျောက်ကြီး ကံကောင်းလှ၏။ ကျောက်တုံးနှင့် မျောက်၏ ကြားတွင် နွယ်ပင်တစ်ပင်ခံနေ၏။ သို့သော် နဖူးမှ သွေးတွေ သွင်သွင်စီးကျ၏။
နဖူးကို လက်ဖြင့် အုပ်ရင်း မျောက်ကြီးတရပ်၏။ ဟိုဟိုသည်သည်ကြည့်သည်။ အခြားတစ်ပါးသောသူ မရှိ။ သူကယ်လိုက်သော ပုဏ္ဏားသာ ရှိသည်။
`အသက်ကယ်သူကိုတောင် သတ်ဖို့ကြိုးစားတဲ့ကောင်ပဲ တယ်မိုက်ပါကလား´
မျောက်ကြီးသည် သွေးစက်ယိုလျက် သစ်ပင်ပေါ်သို့ တက်ပြေးသည်။ ပုဏ္ဏားလည်း မျောက်ကြီး၏ လက်တုံ့မပြန်မီ ပြေးမှ စိတ်ကူးလျက် ပြေးထွက်လာသည်။ သို့ရာတွင် နေ၀င်ခါနီးအထိ ပုဏ္ဏားမှာ တောထဲမှ မထွက်နိုင်။ တ၀ဲလည်လည် ဖြစ်နေသည်။
`ချောင်းထဲမှာ အစာငတ် ရေငတ်ဖြစ်ပြီး မသေဘဲ ကျားကိုက်လို့၊ ၀ံကုတ်လို့ သေတော့မှာပဲ ထင်ပါရဲ့ဗျာ၊ အမယ်လေးကယ်တောမူကြပါဦး´
ယုတ်မာသည်နှင့် အမျှ ရိုင်းစိုင်းယုတ်မာသော ပုဏ္ဏား၏ ငိုသံကို ကြားသောအခါ သွေးစက်စက်ကျနေသော မျောက်ကြီးရောက်လာပြန်သည်။
`အို လူသား မငိုနဲ့ တိတ်တိတ်၊ မင့်အိမ်ကို ပြန်နိုင်အောင် ငါ လမ်းပြမယ်။ ဒါပေမယ့် မင်းအနားကိုတော့ ငါမပ်ရဲဘူး။ ငါ့သွေးစက်ကိုသာကြည့်ပြီး လိုက်ခဲ့ပေတော့´
မျောက်ကြီးသည် သစ်ပင်များပေါ်မှ သွေးစက်ချပေးပြီး တစ်ပင်မှ တစ်ပင်သို့ ကူး၏။ ပုဏ္ဏားလည်း သွေးစက်အတိုင်း လိုက်လာရာ အလင်းရောင်မကွယ်ပျောက်မီ တောစပ်သို့ ရောက်လာ၏။ ရှေ့တွင် လယ်ကွင်းကြီး။ ထိုလယ်ကွင်းများ၏ အဆုံးတွင်ကား မီးခိုးတလူတူထွက်နေသော အိမ်ခေါင်မိုးများ။
မူရင်းဇာတ်ကောင်တွင်ကား ပုဏ္ဏားသည် မေတ္တာရှင် မျောက်မင်း၏ မျက်စိတစ်ဆုံးသို့ အရောက်တွင် မြေအမျိုခံရသည်။
မဟာပထ၀ီမြေကြီးသည် `များစွာအဆောက်အုံနှင့် တောတောင်ရေမြေ သမုဒ္ဒရာများ သက်ရှိသက်မဲ့များကို ထမ်းထားရသည်မှာ ၀န်မလေး၊ သင်ကဲ့သို့သော သူယုတ်မာတစ်ယောက်အား ထမ်းထားရသည်မှာ ၀န်လေးစွ´ဟု ပြောဘိသကဲ့သို့ ကျယ်လောင်သောအသံကြီးပေးလျက် ပုဏ္ဏားယုတ်ကို ငရဲပြည်သို့ ဆွဲခေါ်သွားခြင်းဖြစ်သည်။
*** မင်္ဂလာ- ဈင်အောင် ***
*** မျောက်သူတော်ကြီး ***

No comments:
Post a Comment