*** (၃၁၁၊ ဒုဒ္ဒုဘဇာတ်) ပစ္စုပ္ပန်ဝတ္ထု ***
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- တိတ္ထိတို့သည် ဇေတ၀န်ကျောင်းအနီး၌ အိပ်ကြပြီး အထူးထူး အပြားပြားသော မိစ္ဆာအကျင့်တို့ကို ကျင့်နေကြ၏။ ထို မိစ္ဆာအကျင့် ကျင့်သူတို့ အကြောင်းကို ရဟန်းတို့ မေးလျှောက်ရာ၊ မြတ်စွာဘုရားသည် `ရဟန်းတို့- ဤသူတို့သည် ပြောသံကြားနှင့် တရားကျင့်ကြသောသူများဖြစ်၏။ ဒုတ်ဒုတ်သံကြားသော ယုန်ငယ်နှင့်တူ၏´ ဟု မိန့်တော်မူကာ အတိတ်ဇာတ်ကို ဟောကြားတော်မူ၏။
***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်၊ ဘုရားလောင်းသည် ခြင်္သေ့ဖြစ်၏။ တော၌နေ၏။ ထိုအခါ ယုငယ်တစ်ကောင်သည် ဥသျှစ်ပင်အနီး၌ ထန်းပင်ငယ်တစ်ပင်၏ အရွက်အောက်တွင် အစာစားပြီး ၀ပ်၍နေရင်း-
ဒုတ်ဒုတ်သံကြား အထင်မှား…
`အကယ်၍ မြေပြိုလျှင် ဘယ်သွားနေရမှာလဲ´ဟု စဉ်းစားနေခိုက် ဥသျှစ်သီးတစ်လုံး ထန်းရွက်ခြောက်ပေါ် ကြွေကျသဖြင့် `ဒုတ်- ဒုတ်´အသံ မြည်ဟီးသွား၏။
မြေပြိုပြီ - မြေပြိုပြီ…
ယုန်ငယ်သည် မြေပြိုပြီဟုထင်ပြီး ခုန်၍ နောက်သို့ လှည့်မကြည့်ဘဲ `မြေပြိုပြီ- မြေပြိုပြီ´ဟု အော်၍ တအားပြေး၏။
အခြားယုန်များလည်း `မြေပြိုပြီ´အသံကြားသည်နှင့် မစဉ်းစားတော့ဘဲ `မြေပြိုပြီ- မြေပြိုပြီ´ဟု နောက်က လိုက်၍ ပြေးကြ၏။ ဤသို့ဖြင့် ယုန်တစ်သိန်းမျှ စုမိကာ ဦးတည်ရာ အစုလိုက်ပြေးကြ၏။
ယုန်တို့ပြေးသည်ကို သမင်တို့မြင်၍ မေးရာ မြေပြိုပြီဟု ပြောသဖြင့် သမင်တို့ပါ ပြေးကြပြန်၏။ သို့ဖြင့် အဆင့်ဆင့် ပြောကာ ၀က်တို့သည်လည်းကောင်း၊ စိုင်တို့သည်လည်းကောင်း၊ ကျွဲ၊ နွား၊ ကြံ့၊ ကျား၊ ခြင်္သေ့၊ ဆင်တို့သည် အစုလိုက် အစုလိုက် နောက်ကလိုက်၍ ပြေးကြ၏။ ဤသို့ဖြင့် တောလုံးအနှံ့ မရေ မတွက်နိုင်လောက်အောင် များပြားလှသော တိရစ္ဆာန်တို့သည်`မြေပြိုပြီ မြေပြိုပြီ´ဟု အောင်ဟစ်ကြသော အသံမှာ ပဲ့တင်ထပ်လျက် နေ၏။
ထိုအခါ ခြင်္သေ့မင်းသည် တိရစ္ဆာန်အပေါင်းတို့ ပြေးသည်ကို မြင်၍မေး၏။ မြေပြို၍ ပြေးကြသည်ဟု ကြားလျှင် ခြင်္သေ့မင်းသည် စဉ်းစား၏။ မြေပြိုသည်မှာ တစ်ခါမျှမကြားစဖူး အသံတစ်ခုခုကြား၍ ပြေးသည်သာဖြစ်ရမည်။ ငါမကယ်လျှင် ပျက်စီးကြတော့မည်ဟု ကြံစည်ကာ ခြင်္သေ့၏ အဟုတ်ဖြင့်သွားရင်း သုံးကြိမ်ဟောက်၏။ ခြင်္သေ့ဟောက်သံ ကြားသောအခါ တိရစ္ဆာန်တို့သည် နောက်သို့ ပြန်ကြည့်ကာ တန့်နေကြ၏။
ခြင်္သေ့မင်းသည် တိရစ္ဆာန်တို့၏ အလယ်သို့ သွားကာ- `သင်သို့ မြေပြိုသည်ဆိုပြီး ပြေးကြသည်။ မြေပြိုသည်ကို ဘယ်သူမြင်သနည်း´ဟု မေးလျှင် `ဆင်တို့သိပါသည်´ဟု ပြော၏။ ဆင်က `ခြင်္သေ့တို့ပြေး၍´ဟု ဆိုပြန်၏။ ခြင်္သေ့က ကျားကို လွှဲချ၏။ ဤသို့ဖြင့် တစ်ဆင့်တစ်ဆင့် လွှဲချနေကြရာ ဆက်၍ စစ်မေးရင်း စစ်မေးရင်းပင် ယုန်သူငယ်ထံသို့ ရောက်သွား၏။ ထိုအခါမှ အမှုမှန်ပေါ်တော့၏။ ယုန်သူငယ်က `ဒုတ် ဒုတ်´မြည်သံကြားရကြောင်းပြောပြ၏။ ခြင်္သေ့မင်းသည် စဉ်းစားမိပြီး ဘာကြောင့် ဒုတ်ဒုတ် မြည်သည်ကိုမူ ဧကန်မသိပါ။ တိရစ္ဆာန်အပေါင်းတို့အား မြေပြိုသည့် နေရာကို ငါအရင်သွားနှင့်မည်။ ဤမှာစောင့်ကြဟုဆိုကာ ယုန်သူငယ်ကို ခေါ်၍ မြေပြိုသည့်နေရာကို ကိုယ်တိုင်သွား၍ ကြည့်တော့မှ ထန်းရွက်ပေါ် ဥသျှစ်သီးကျသည့်အဖြစ်ကို ဒိဌသိရတော့သည်။
ခြင်္သေ့မင်းသည် တောတိရစ္ဆာန်အပေါင်းထံ ပြန်လာကာ `သင်တို့ မကြောက်ကြလင့်´ဟု ပြောဆိုဆုံးမကာ သတ္တ၀ါအပေါင်းကို သက်သာရာ ရစေကုန်၏။
ခြင်္သေ့မင်းကြောင့်သာ သတ္တ၀ါအပေါင်းတို့မှာ သေဘေးမှ လွတ်ကင်းကြရ၏။ ဘုရားလောင်း ခြင်္သေ့မင်းသာ မရှိပါလျှင် သတ္တ၀ါတို့သည် အပြေးလွန်၍ သမုဒ္ဒရာအတွင်းသို့ ကျကာ ပျက်စီးကုန်ကြရာ၏။ ဘုရားလောင်း ပညာရှင်ကိုမှီ၍ ခပ်သိမ်းသော သတ္တ၀ါတို့သည် သမုဒ္ဒရာတွင်းသို့ ကျ၍ ပျက်စီးခြင်းမှာ လွတ်ကင်းကြရသည် ဖြစ်၏။
***ဘုရားဖြစ်တော်မူပြီးနောက် ဟောတော်မူသည်ကား***
*** ယုန်သည် ဒုတ်ဒုတ်အသံကြား၍ ပြေး၏။ သားအပေါင်းတို့သည် ယုန်ငယ်၏ စကားကိုကြား၍ ကြောက်လန့်ပြီး ပြေးကြပြန်၏။
*** လူမိုက်တို့သည် ကိုယ်တိုင် မစဉ်းစားဘဲ သူတစ်ပါးစကားကိုသာ အားကိုးကြကုန်၏။ သူတစ်ပါးစကားကို အမြတ်တနိုးထားကြ၏။ သူတစ်ပါး စကားကိုသာ ယုံကြည်ကြကုန်၏။
*** ပညာရှိတို့ကား သူတစ်ပါးစကားကို အရမ်းမဲ့မယုံကြည်ကြကုန်၏ဟု ဟောတော်မူ၏။
ဇာတ်ပေါင်းသော်…
ခြင်္သေ့သည်- ငါဘုရားဟူ၍ ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***
***မိတ်ကောင်း ဆွေကောင်း***

No comments:
Post a Comment