ကျောင်းသားဟောင်း။ ။ ဆရာနေထိုင်ကောင်းရဲ့လားခင်ဗျ။ ဂျာနယ် မဂ္ဂဇင်းတွေမှာ အရင်လောက် စာတွေသိပ်မတွေ့ရလို့ စိတ်ပူပြီး ၀င်လာတာပါ။
ဆရာ။ ။ ကောင်းတယ်ပဲဆိုပါစို့ကွယ်။ ကြာရှည်ကြာမြဲ အိပ်ရာထဲလဲ မနေရင် ရောဂါသည်တစ်ယောက်အဖို့တော့ ကောင်းတယ်ပဲ ဆိုရမှာပေါ့။ စာရေးတာလည်း နည်းနည်းလျော့ထားလိုက်တာပါ။ စိတ်ပင်ပန်းရင် ကျန်းမာရေးပါ ထိခိုက်လာတတ်တယ် မဟုတ်လား။
ကျောင်းသာ:ဟောင်း။ ။ ဟုတ်ပါတယ်ဆရာ။ တအားကြီး အပင်ပန်းမခံပါနဲ့။ ကျန်းမာဖို့ အသက်ရှည်ရှည် နေရဖို့က အရေးကြီးပါတယ်။ ဆရာတို့ရေးတဲ့ စာမျိုးတွေက တော်တော် စိတ်ပင်ပန်းခံရတဲ့ စာမျိုးတွေဆိုတော့ ကျန်းမာရေး မထိခိုက်ဘဲ ဘယ်နေမှာလဲ။
ဆရာ။ ။ ခုလို မိုးတွင်းမှာတော့ အပူသက်သာလို့ နေရထိုင်ရတာ ကောင်းပါတယ်။
ကျောင်းသားဟောင်း။ ။ ကျနော်တို့က မကြာခဏ ရောက်မလာနိုင်တော့ ဆရာ့စာတွေ စောင့်ဖတ်ပြီး အကဲခတ်နေရတာ ဆရာရဲ့။ စာတွေ တွေ့နေရင် ဆရာ ကျန်းမာတယ်ပေါ့။ ခုတ လော အတွေ့ရနည်းလာတော့ မကျန်းမာဘူးထင်လို့ ၀င်လာကြည့်တာပါ။
ဆရာ။ ။အေးကွယ် ရောက်လာလို့ တွေ့ရတော့လဲ ၀မ်းသာတာပေါ့။ အခြား သူငယ်ချင်းတွေလည်း စိတ်မပူကြရအောင် ပြောပြလိုက်ပါ။
ကျောင်းသားဟောင်း။ ။ အစစအရာရာ သတိထားပါ ဆရာရယ်။ ကျနော်တို့ တတွေက ဆရာ့ကိုပဲ အားကိုးနေရတာ။ ဆရာရေးတဲ့စာတွေဖတ်ပြီး အားတင်းထားရတာ။
ဆရာ။ ။ အဲဒီလို ဘယ်ဟုတ်မှာလဲကွယ့်။ လူအို လူမင်းတွေကသာ လူငယ်တွေကို အားကိုးအားထားပြုရမှာ။ လူငယ်တွေကသာ အတွေးသစ် အမြင်သစ်တွေနဲ့ တက်တက်ကြွကြွ လုပ်နိုင်ကြတာ။ ခေတ်ကို မင်းတို့ လူငယ်တွေက ဦးဆောင်ရမှာပေါ့။
ကျောင်းသားဟောင်း။ ။ လူငယ်တွေမှာက အတွေ့အကြုံ ဗဟုသုတ မပြည့်စုံသေးတော့ လူကြီးတွေက ရှေ့ဆောင်လမ်းပြ လုပ်ပေးဖို့တော့ လိုသေးတာပေါ့ ခင်ဗျာ။
ဆရာ။ ။ ကိုအောင်ဆန်းဟာ တက္ကသိုလ် ကျောင်းသားဘ၀ကနေပြီး သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းရယ်လို့ ဖြစ်သွားတော့ အသက် ၃၀-တောင်မရှိသေးဘူး မဟုတ်လားကွဲ့။ ကိုဗဟိန်းတို့ ကိုဗဆွေတို့၊ သခင်သန်းထွန်းတို့တစ်တွေလည်း အဲဒီအချိန်က လူငယ်လေးတွေပဲ ရှိကြသေးတာ။ သူတို့ လူငယ်တွေကြောင့် လွတ်လပ်ရေး ရခဲ့တာလေ။ အဲဒီခေတ်က လူကြီးတွေ ဖြစ်ကြတဲ့ ဦးဘဖေတို့လို ဦးမေအောင်တို့လို `တူသာသင်း´တို့လို၊ ပုဂ္ဂိုလ်ကြီးတွေ ဦးဆောင်တဲ့ နောက်ကို လိုက်ခဲ့မိရင်တော့ `ရွှေပြည်တော် မျှော်တိုင်းဝေး´ ဖြစ်နေရတော့မှာပေါ့ကွဲ့။
ကျောင်းသားဟောင်း။ ။ ဒါပေမယ့် ဆရာက ဦးဘဖေတို့ ဦးမေအောင်တို့လို `တောင်ကျရေ နွားနှစ်ကောင် မ၀သလိုပ´ဆိုတဲ့ လူစားမျိုးမှ မဟုတ်တာ။ ဆရာက `နက်တီဇင်´ခေတ် လူသားပဲလေ။ ဒါကြောင့် ကျနော်တို့ တပည့်တွေက အားကိုးကြတာပေါ့။
ဆရာ။ ။ အားမကိုးနဲ့ကွဲ့။ ဆရာကိုမှ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ အားမကိုးနဲ့။ `အတ္တသမံပေနသတ္တိ´ဆိုတဲ့ အတိုင်း ကိုယ့်ကိုယ်ကိုယ်သာ အားကိုး၊ သူများအားကိုးလို့ ကောင်းစားတယ်ဆိုတာ မရှိဘူး။ အားကိုးမှားလို့ ဒုက္ခရောက်တာသာရှိတယ်။
ကျောင်းသားဟောင်း။ ။ ဆရာ့ကို အားကိုးလို့ ကျနော်တို့ ဒုက္ခရောက်ခဲ့ရတယ် ဆိုတာမျိုးမရှိပါဘူးခင်ဗျ။
ဆရာ။ ။ ဆရာကတော့ အဲဒီလို မထင်ဘူးကွဲ့။ ဆရာ့ကို အားကိုးနေရင်ဖြင့် မင်းတို့ ဘယ်ပန်းတိုင်မှ ရောက်မယ်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာက ဘာမှ မလုပ်ပဲ ငုတ်တုတ်ထိုင်နေတဲ့ သူမျိုး ဖြစ်လို့ပဲ။ ဆရာ့လို ဘာမှမလုပ်ပဲ ထိုင်နေတဲ့သူ နောက်က လိုက်ဖို့ စောင့်နေရင် မင်းတို့ ဘယ်ခရီးကို ရောက်တော့မှာလဲ။
ကျောင်းသားဟောင်း။ ။ ဆရာက ဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင်နေတာမှ မဟုတ်ပဲ။ ဆရာစာတွေ အဆက်မပြတ် ရေးနေတာပဲ၊ ပါးစပ်နဲ့လဲ ပြောနေတာပဲ။
ဆရာ။ ။ စာတွေရေးရုံ ပါးစပ်နဲ့ ပြောရုံနဲ့ ပန်းတိုင်ရောက်တာ မဟုတ်ဘူး။ ကိုယ်ထိလက်ရောက် လုပ်ကိုင် လှုပ်ရှားမှ လိုရာခရီးရောက်တာ၊ ဆရာတို့က အိုပြီ။ အိုတော့ အစွမ်းအစတွေလည်း တုံးကုန်ပြီ။ သတ္တိလဲ မရှိတော့ဘူး။ နောက်ပြီးတော့ လူ့သဘာဝက အသက်ကြီးလေ အတ္တကြီးလေပဲကွဲ့။ အဲဒါ မြဲမြဲ မှတ်ထား။ ကိုယ်မသေခင်လေး အေးအေးသက်သာ နေသွားခင်တဲ့ စိတ်ကများနေပြီ။ အများအတွက်တို့ တိုင်းပြည်အကျိုးတို့ဆိုတဲ့ စိတ်တွေ ခြောက်ခမ်းသွားပြီ။ အဲဒါကြောင့် ဘယ်သူ့မှ အားမကိုးနဲ့။ လုပ်စရာရှိတာ ကိုယ့်ဟာကိုယ်လုပ်။ ကိုယ်လုပ်မှ ကိုယ်ရမယ်။
ကျောင်းသားဟောင်။ ။ ကျနော်တို့ ဆရာကိုတော့ အတ္တကြီးတယ်လို့ မသတ်မှတ်နိုင်ပါဘူး ခင်ဗျာ။
ဆရာ။ ။ မင်းတို့ လူငယ်တွေ အဲဒါခက်တာပဲ။ ရိုသေမှုတွေ သိပ်လွန်လွန်းအားကြီးတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း သိပ်အားနည်းတယ်။ အဲဒါကြောင့် သူများကို အားကိုးတဲ့စိတ်ဖြစ်လာတာ။ လူဆိုတာ အသက်ကြီးတိုင်း ရိုသေဖို့ကောင်းတာ မဟုတ်ဘူး။ လူကြီးနဲ့ လူကောင်းကို ခွဲခြားသိကြစမ်းပါ။ အဲဒီလို ခွဲခြားသိမှ လမ်းမှားမရောက်မှာ။ အချုပ်ကတော့ ဘယ်သူမှ အားမကိုးနဲ့၊ ကိုယ့်ကိုယ်ကိုယ်ဘဲအားကိုး။ လောကမှာ ဘာမဆို ကိုယ်လုပ်မှကိုယ်ရတာ။ ထိုင်နေရုံနဲ့ ဘယ်မှမရောက်ဘူး။ ကိုယ်တိုင်ထသွားမှ ကိုယ်သွားချင်တဲ့ ပန်းတိုင်ရောက်မှာ။ ဆရာ့လို ဘာမှမလုပ်ဘဲ ထိုင်နေတဲ့ လူနောက်က လိုက်ဖို့ စောင့်နေရင်တော့ `ရွှေပြည်တော် မျှော်တိုင်းဝေး´ဖြစ်နေမှာ အသေအချာပဲ။
*** လူထု-ဦးစိန်ဝင်း ***
(လူထုရနံ့ စာစုများမှ ကူးယူဖော်ပြသည်)
***လူကြီးနဲ့ လူကောင်း ခွဲသိဖို့လို***

No comments:
Post a Comment