***(ဇာ ၂၃၀၊ ခန္ဓဇာတ်) ပစ္စပ္ပန်ဝတ္ထု***
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ် မြွေကိုက်၍ သေရသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ရဟန်းတော်တို့အား ထိုရဟန်းသည် အကယ်၍များ မြွေမျိုးလေးပါးတို့ကို အာရုံပြု၍ မေတ္တာပွားခဲ့ပါလျှင် မြွေသည် ထိုရဟန်းကို မကိုက်ခဲလေရာ၊ ရှေးပညာရှိတို့သည် မြွေအမျိုးမျိုးတို့ကို မေတ္တာပွား၍ ထိုထိုသော ဘေးတို့ကို လွတ်စေကုန်၏ဟု အတိတ်ဇာတ်ကို ဟောကြားတော်မူလေသည်။
***အတိတ်ဇာတ်***
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းစိုးစံစဉ်… ဘုရားအလောင်းသည်။ ဟိမ၀န္တာဝယ် ရသေ့ရဟန်းပြု၍ ရသေ့အပေါင်း အခြံအရံနှင့်နေ၏။ ထိုအခါ ဂင်္ဂါမြစ်ကမ်း၌ အထူးထူးအပြားပြား များလှစွာသော ကျောရှိသတ္တ၀ါတို့၏။ ဘေးရန်ကြောင့် ရသေ့များစွာ သေဆုံးခဲ့၏။
ထိုအကြောင်းကို ဘုရားလောင်းအား လျှောက်ကြားကြသောအခါ ရသေ့တို့ကို စည်းဝေးစေ၍…….
`ရသေ့တို့၊ သင်တို့သည် လေးပါးကုန်သော မြွေမျိုးတို့၌ မေတ္တာပွားကြပါလျှင် သင်တို့ကို မြွေတို့သည် မခဲကုန်ရာ၊ သို့ကြောင့် ဤနေ့မှစ၍ လေးပါးကုန်သော မြွေမျိုးတို့ကို မေတ္တာပွားစေကုန်လော့´ဟု ဆို၏။
အို…. ရသေ့တို့၊ သင်တို့သည်…..
ဝိရူပက္ခနတ်မင်း၏ အမျိုးအနွယ်နှင့်တကွ ငါ၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေသနည်း။
ဧရာပထ နတ်မင်း၏ အမျိုးအနွယ်တို့နှင့်တကွ ငါ၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေသတည်း။
ဆဗာပုတ္တ နတ်မင်း၏ အမျိုးအနွယ်တို့နှင့်တကွ ငါ၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေသတည်း၊
ကဏှာဂေါတမ နတ်မင်း အမျိုးအနွယ်တို့နှင့်တကွ ငါ၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေသတည်း။
ဤသို့ မေတ္တာကို ပွားများကြကုန်လော့….။
(မှတ်ချက်)။ ။ နဂါးတို့၏ မိတ်ဆွေဖြစ်သော မြွေမျိုးကား ဤသို့အားဖြင့် လေးပါးအပြားရှိကုန်သည်။ ထိုလေးပါးတို့တွင် ငန်းကျား၊ ငန်းဥကွက်၊ ငန်းနက်၊ ငန်းနီ ဟူသော မြွေမျိုးတို့သည် ၀ိရူပက္ခမျိုးဖြစ်ကုန်သည်။ ငန်းစောင်း၊ ငန်းစိမ်းတို့သည် ဧရာပထမျိုးဖြစ်ကုန်သည်။ မြွေပွေး၊ မြွေဆင်ပစ်တို့သည် ဆဗျာပုတ္တမျိုးမည်ကုန်သည်။ မြွေဟောက်၊မြွေလက်ပတ်တို့သည် ကဏှာပေါတမမျိုး ဖြစ်မည်ကုန်သည်။ ဤမြွေမျိုးလေးဖြာကို မေတ္တာမပြတ်ပြုကြကုန် ချစ်သားအပေါင်း သူတော်ကောင်းတို့။ (ကျီးသဲလေးထပ်ဆရာတော်၏ ခန္ဓသုတ် ပရိတ်မွှန်းမှ)
အို-ရသေ့တို့၊ သင်တို့သည်…..
အခြေမရှိကုန်သော သတ္တ၀ါတို့နှင့်တကွ ငါ၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေသတည်း။ အခြေနှစ်ချောင်းရှိကုန်သော သတ္တ၀ါနှင့် တကွ ငါ၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေသတည်း။ အခြေများစွာ ရှိကုန်သော သတ္တ၀ါတို့နှင့် တကွ ငါ၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေသတည်း။ ဤသို့မေတ္တာကို ပွားများကုန်လော့။
အို-ရသေ့တို့ သင်တို့သည်…………
ငါ့ကို အခြေမရှိသော သတ္တ၀ါသည် မညှဉ်းဆဲစေသတည်း။ အခြေနှစ်ချောင်းရှိသော သတ္တ၀ါသည်လည်း ငါ့ကို မညှဉ်းဆဲစေသတည်း၊ အခြေလေးချောင်းရှိသော သတ္တ၀ါသည်လည်း ငါကိုမညှဉ်းဆဲစေသတည်း။ အခြေများစွာရှိသော သတ္တ၀ါတို့သည်လည်း ငါကို မညှဉ်းဆဲစေသတည်း။ ဤသို့မေတ္တာကိုပွားများကုန်လော့။
အို…. ရသေ့တို့၊ သင်တို့သည်….
ခပ်သိမ်းသော သတ္တ၀ါတို့သည် လည်းကောင်း၊ ခပ်သိမ်းသော ထွက်သက်ဝင်သက် ရှိကုန်သော သတ္တ၀ါတို့သည်လည်းကောင်း၊ ခပ်သိမ်းသောဖြစ်ပြီး ဖြစ်ဆဲကုန်သော သတ္တ၀ါတို့သည်လည်းကောင်း ရှိကြကုန်၏။
အနည်းငယ် စိုးစဉ်မျှ အကြွင်းအကျန် မရှိကုန်သော အားလုံးသော သတ္တ၀ါတို့သည် ကောင်းမြတ်သော အာရုံတို့ကိုသာ မြင်တွေ့ကြပါစေကုန်သတည်း။
မကောင်းသော အာရုံအစုသည် တစ်စုံတစ်ရာမျှ မကျမရောက် မရောက်မလာ ဖြစ်ကြပါစေကုန်သတည်း။
အို- ရသေ့တို့၊ သင်တို့သည်…..
ဘုရား၏ ဂုဏ်တော်သည် တုနှိုင်းစရာမရှိ၊ တရား၏ ဂုဏ်တော်သည် တုနှိုင်းစရာမရှိ၊ သ့ဃာ၏ ဂုဏ်တော်သည် တုနှိုင်းစရာမရှိ၊ ဤသို့ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးတို့ကို အောက်မေ့ကြကုန်လော့။
အို- ရသေ့တို့၊ သင်တို့သည်…….
မြွေ၊ ကင်းမြီးကောက်၊ ကင်းခြေများ၊ ပင့်ကူ၊ တက်တူ၊ ကြွက်တို့သည်လည်းကောင်း၊ ရင်ဖြင့်တွား၍ သွားတတ်ကုန်သော သတ္တ၀ါတို့သည် လည်းကောင်း ကိလေသာ ရှိကုန်၏။ ဤကိလေသာရှိကုန်သော သတ္တ၀ါတို့သည် ကိလေသာမရှိသော ရတနာသုံးပါး၏ ဂုဏ်တော် ကျေးဇူးတော်တို့ကြောင့် နေ့ရော ညဥ့်ပါ မခါမလပ် မေတ္တာခြုံ၍ လုံခြုံ စောက်ရှောက်ကြပါစေကုန်သတည်း။ ဤသို့အာသီသပြုကာ တောင့်တကြကုန်လော့။
အို… ရသေ့တို့၊ သင်တို့သည်……
ငါသည်မူကား ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အောက်မေ့သောအားဖြင့် အစောင့်အရှောက်ကို ပြုအပ်ပြီး။
ငါသည် သုံးပါးရတနာတို့၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို အောက်မေ့သောအားဖြင့် ပရိတ်အရံအတားကို ပြုအပ်ပြီ၊
ငါ၏ အကျိုးပျက်စီးမှုကို အလိုရှိကုန်သော သတ္တ၀ါတို့သည် ရှောင်ရှားပြေးလွှားကြစေသတည်း။
ငါသည် မြတ်စွာဘုရားအား ရှိခိုး၏။ ခုနစ်ဆူကုန်သော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဤသို့ ရှိခိုးကြကုန်လော့။
ဤသို့ပင် ဘုရားလောင်းသည် ရသေ့အပေါင်းအား အပရိတ်တော်ကို ပေးပေ၏။ ထိုအခါမှစ၍ ရသေ့ တို့သည် မေတ္တာကိုပွားကြ၏။ ခပ်သိမ်းကုန်သော မြွေတို့သည် ရှောင်ကြကုန်၏။ ဘုရားလောင်းသည် ဗြဟ္မ၀ိဟာရကို ပွားများ၍ ဗြဟ္နာပြည်သို့ လားလေ၏။
ဇာတ်ပေါင်းသော်……….
ရသေ့ အပေါင်းသည်- ဘုရားပရိသတ်
ဘုရားလောင်း ရသေ့သည် - ငါဘုရားဖြစ်ဖူးပြီဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***
*** ခန္ဓာသုတ် ***

No comments:
Post a Comment