***(ဇာ ၂၈၂၊ သေယျဇာတ်) ပစ္စုပ္ပုန်ဝတ္ထု***
မြတ်စွာဘုရားသည် ဇေတ၀န် ကျောင်းတော်၌ သီတင်းသုံးစဉ် ကောသလမင်း၏ အမတ်တစ်ယောက်ကို အ ကြောင်းပြု၍ ဟောတော်မူ၏။ ထိုအမတ်သည် ကောသလမင်း၏ အုပ်ချုပ်မှု လုပ်ငန်းများတွင် အစစအရာရာ ပြီး စီးအောင် စီမံဆောင်ရွက်၏။ များစွာ ကျေးဇူးပြု၏။
ကောသလမင်းသည် ထိုအမတ်အား များစွာချီးမြှင့်၏။ ကောသလမင်းက လိုလိုလားလား ရှိသည်ကို မနာလို ကြသော အမတ်များက ကုန်းချောကြ၏။ မင်းသည် ယုံ၏။ သီလ ရှိသော၊ အပြစ်မရှိသော ထိုအမတ်ကို ဖမ်းဆီး၍ သံခြေကျဉ်းခတ်ကာ ထောင်တွင်း အကျဉ်းချထား၏။

ထိုအမတ်သည် သီလနှင့်ပြည့်စုံ၍ နှောင်အိမ်တွင်း၌ တိတ်ဆိတ် အေးချမ်းစွာနေရခြင်းကို အကြောင်းပြု၍ စိတ်ကို တည်ကြည်စေပြီ၊ သင်္ခါရတရားတို့ကို ရှုဆင်ခြင်ခြင်းဖြင့် မကြာမြင့်မီပင် သောတာပတ္တိဖိုလ်ကို ရလေ၏။
ကောသလမင်းသည် ထိုအမတ်၌ အပြစ်မရှိကြောင်း သိလျှင် ထောင်မှလွှတ်၍ ရှေးကထက်ပို၍ မြင့်မားသော ရာထူး စည်းစိမ်ကို ပေးထား၏။
ထိုအမတ်သည် ပန်းနံ့သာတို့ကို ယူ၍ ကျောင်းတော်သို့ မြတ်စွာဘုရားကို သွားရောက်ပူဇော် ဖူးမြော်၏။ မြတ်စွာဘုရားက ထိုအမတ်အား ပဋိသန္ဓာရ စကားဖြင့် ပြောကြားပြီး `သင့်အား အကျိုးမဲ့ ဒုက္ခ တွေ့သည်ဟု ကြားရ၏´ ဟု မိန့်တော်မူ၏။
`ဘုန်တော်ကြီးသော မြတ်စွာဘရား၊ တပည့်တော်သည် အကျိုးမဲ့ ဖြစ်စေသည် မဟုတ်သေး၊ ရှေးပညာရှိတို့လည်း ဤသို့ ဆောင်ခဲ့ဖူးပေပြီ´ဟု အတိတ်ဇာတ်ကို ဟောကြားတော်မူ၏။
***အတိတ်ဇာတ်***
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း ပြု၏။ ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းဖြစ်လာ၏။ မင်းကျင့်တရား ဆယ်ပါးနှင့်အညီ ကျင့်၏။ အလှူပေး၏။ ပဉ္စသီလဆောက်တည်၊ ဥပုသ်စောင့်၏။ မင်း၏ အမတ်တစ်ယောက်သည် နန်းတွင်း၌ပြစ်မှား၏။ အခြားအမတ်တို့ သိ၍ မင်းကိုလျှောက်ကြ၏။ မင်းက တစ်စုံတစ်ရာ ဟုတ်မှန်၍ ရာထူးမှဖြုတ်၏။ ထိုအမတ်သည် ပြည်နီးချင်း မင်းထံ ခ စား၏။ ဗာရာဏသီကို တိုက်ခိုက်ရန် တိုက်တွန်၏။ ပြည်နီးချင်းမင်းသည် ဗာရာဏသီကို ၀န်းရံ၏။ ဗာရာဏသီမင်း၏ ခုနစ်ရာသော အမတ်တို့က ရန်သူမင်းကို ပြန်၍ တိုက်ကြရန် ခွင့်တောင်းကြ၏။
လူအများသေရမည့် မင်းအဖြစ် ငါအလိုမရှိ၊ မခုခံကြနှင့် မြို့တံခါးကိုဖွင့်ပေး၊ အားလုံးသတ္တ၀ါ ရန်သူများပါ မေတ္တာပို့ကြဟု အမိန့်ပေးပြီး ပလ္လင်ထက်တွင် အမတ်ပေါင်းခြံရံလျက် နေ၏။
ရန်သူမင်းတို့သည် ကြမ်းတမ်းစွာပင် မင်းနှင့် အမတ်ခုရာတို့ကို ဖမ်းဆီးသံခြေကျင်းခတ်၍ အကျဉ်းချထား၏။
**မေတ္တာအကျိုး တန်ခိုးတော်***
ဗာရာဏသီမင်းနှင့်တကွ အမတ်ပေါင်းတို့သည် အကျဉ်းထောင်အတွင်းမှာပင် ရန်သူတို့အပေါ် အာရုံပြုမေတ္တာဈာန်ကို ပွားများကြ၏။
ဗာရာဏသီမင်း၏ မေတ္တာအာနုဘော်ကြောင့် ရန်သသူမင်း၏ တစ်ကိုယ်လုံး ပူလောင်လာ၏။ ပို၍ပို၍ ပူလောင်ပြီး မနေနိုင် မထိုင်နိုင်ဖြစ်လာ၏။
`ဘယ်လိုဖြစ်လာပါလိမ့်´ အကြောင်း အသို့နည်းဟု မေး၏။
`မင်းကျင့်တရား ၁၀-ပါးနှင့်အညီ ကျင့်သော၊ သီလမြဲသော၊ အလှူဒါနပြုသော မင်းကောင်းမင်းမြတ်ကို ဖမ်းဆီးအကျဉ်းချထားသဖြင့် ဤသို့ ဖြစ်ရသည်´ဟု ပြောကြ၏။
ရန်သူမင်းလည်း ဘုရားလောင်းကို ကန်တော့၍ တိုင်းပြည်ကို ပြန်အပ်၏။ ကုန်းချောသောအမတ်အားလည်း ရာဇဒဏ်ပေး၍ နေရင်းနိုင်ငံသို့ ပြန်သွားစေ၏။
ဘုရားလောင်းသည် ရာဇပလ္လင်တွင်ထုင်ကာ အမတ်တို့အား မေတ္တာကို ရည်ညွန်း၍….
`ကာသိတိုင်းသားအမတ်တို့၊ မြတ်သောကုသိုလ်တရားကို မြတ်သောအားဖြင့် မှီဝဲသော သူသည် အလွန်မြတ်လှ၏။ ငါသည် ရန်သူမင်းနှင့် သင့်တင့်ညီညွတ်စေ၍ အမတ်ခုရာတို့ကို လွှတ်စေရပြီ၊ သို့အတွက် လောကသားအားလုံးနှင့် သင့်တင့်ညီညွတ်စေနိုင်သော သူသည် တမလွန်ဘ၀၌ နတ်ပြည်၊ ဗြဟ္မာပြည်သို့လားရ၏။ ဤစကားကို သင်တို့နာကြားကြကုန်လော့´
ဘုရားလောင်းသည် လူအများအား ဤသို့ မေတ္တာဘာဝနာ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်း၍ တစ်ဆယ့် နှစ်ယူဇနာ ရှိသော ဗာရာဏသီပြည်ကို စွန့်ပြီးလျှင် ဟိမ၀န္တာသို့ ၀င်လေ၏။
ဇာတ်ပေါင်းသော်…….
ရန်သူမင်းသည် - အာနန္ဒ
ဗာရာဏသီမင်းသည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကိုပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
*** မြတ်သော မေတ္တာ ***

No comments:
Post a Comment