အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့မှ ခရစ်ဝေါလ် အမည်ရှိကလေးငယ်တစ်ဦးသည် မွေးကတည်းကပင် သူ၏ နှလုံးမှာ ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်ရှိနေခဲ့သည်ကို ထူးခြားစွာတွေ့ရှိခဲ့ရသည်။ ခရစ်ဝေါလ်ကို အအေးခန်း ကြပ်မတ်ကုသဆောင်တွင် ထားရှိကာ ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်ရှိနေသော နှလုံးကို ခန္ဓာကိုယ်အတွင်းရှိ မူလနှလုံးနေရာသို့ ပြန်လည်ထားရှိရေး ဆရာဝန်များက ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ကြသည်။ ခရစ်ဝေါလ်၏ နှလုံးမှာ ၀မ်းဗိုက်အပြင်ဘက်တွင် သိးခြားထွက်ရှိနေသော်လည်း နှလုံး၏ လုပ်ငန်းများ ပုံမှန် လုပ်ဆောင်နေသဖြင့် ခရစ်ဝေါလ်သည် သေဆုံးခြင်း မရှိခဲ့ချေ။ ဆရာဝန်များက ခရစ်ဝေါလ် အသက်လေး လအရွယ် ၂၀၀၉-ခုနှစ် ဇန်န၀ါရီ ၂၇-ရက်နေ့က ခွဲစိတ်ခဲ့ပြီး နှလုံးကို နေရာတကျ ပြန်လည်ထားရှိ ကုသပေး ခဲ့ရကြောင်း၊ အသက် ဆက်လက် ရှင်သန်ခဲ့ကြောင်း၊ ယခုအခါ ဝေါလ်၏ အသက်သည် တစ်နှစ်နှစ် သုံးလရှိပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ဆရာဝန်များက ထုတ်ဖော်ပြောကြား သည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်းမြင့်တက် ***
ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်းများ မြင့်တက်လျက်ရှိရာ အမေရိကန်ရေနံဈေးကွက်၌ ဧပြီလ ၇-ရက်နေ့က ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၉၄ ဒေါ်လာရှိနေပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့ဈေးကွက်၌ ဧပြီလ ၇-ရက်နေ့က ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၁၆ ဒေါ်လာအထိ မြင့်တက်ခဲ့ကြောင်း အမေရိကန်ရေနံ လုပ်ငန်းရှင်များက ပြောကြားသည်။ (အင်တာနက်)
*** အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားကျွန်း အင်အားပြင်းလျင်လှုပ် ***
အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားကျွန်း ကမ်းလွန်တွင် ဧပြီး ၇-ရက်နေ့က ဒေသစံတော်ချိန် နံနက် ၅-နာရီ ၁၅-မိနစ်က ရစ်ခ်ျတာစကေး ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းလျင်လှုပ်ခဲ့ကြောင်း၊ ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားကြောင်း အင်ဒိုနီးရှား မိုးလေ၀သဌာနမှ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ညူလက်နက် မပြန့်ပွားရေးစာချုပ်မှ ရုရှား နုတ်ထွက်မည် ***
အမေရိကန်တို့က ဒုံးပျံကာကွယ်ရေးစနစ်ကို မရပ်တန့်ဘဲ ဆက်လက်ဖြန့်ချမည်ဆိုလျှင် မိမိတို့အနေဖြင့် ညူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်မှ ရုရှားနုတ်ထွက်မည်ဟု ရုရှားထိပ်တန်းအရာရှိများက ဧပြီလ ၇-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အီရန်ညူပြဿနာ သံတမန်နည်းဖြင့် ဖြေရှင်းနိုင်မည်ဟု ရုရှားမျှော်လင့် ***
အီရန်ညူကလီးယားအစီအစဉ်ကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု ရုရှားအစိုးရက ယခုထက်တိုင်မျှော်းလင့်လျက်ရှိသေးကြောင်း ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီရိုင်ယက်ကော့ ဧပြီလ ၆-ရက်နေ့၌ ပြောကြားသည်။ သို့သော် အီရန်အပေါ် ထပ်မံအရေးယူမည့် ဆုံးဖြတ်ချက်ကို ရုရှားက လိုက်လျောကောင်း လိုက်လျောနိုင်ဖွယ်ရှိသည်ဟု ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား လွန်ခဲ့သည့် ရက်သတ္တ နှစ်ပတ်က ပြေကြားခဲ့သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ခန္ဓာကိုယ်အပြင်ဘက်၌ နှလုံးတည်ရှိနေသူ ကလေးငယ် ***

No comments:
Post a Comment