တနေ့သ၌ ကျွန်ုပ်၏ ကွမ်းယာဆိုင်ရှေ့ ကွပ်ပျစ်ကျယ်ကြီးပေါ်တွင် လူငယ်များ စကားလက်ဆုံကြရင်း နိုင်ငံခြား ဘောလုံးအသင်းများ အကြောင်း ပါလာခဲ့ကြ၏။ ဘောလုံးဝါသနာအိုး လူငယ်တယောက် ဒီနှစ် (၂၀၁၀)မှာ ဘယ် အသင်းက ဖလားရနိုင်တယ်။ ဘယ်အသင်းက မရနိုင်ဘူး။ ဂိုးဒီဘာက ဘယ်လိုကောင်းတာ၊ ဘက်ဟမ်းက ဘယ် လိုကောင်းတာ၊ ရှေ့တန်းတိုက်စစ်မှူးက ဘယ်လိုတော်တာ၊ အလယ်တန်းတိုက်ကွက်က ဘယ်လို လှဲ့ပတ် ခွေခေါက် ဖောက်ထုတ်နိုင်တာ စသည်အားဖြင့် အာပေါင် အာရင်းသန်သန် အားပါးတရ ပြောဆိုနေကြ၏။
ထိုအချိန်မှာဘဲ မက်ကျလောင်းအကြီးဟု လူသိများလှသော ကုန်ခြောက်မျိုးစုံလဲရောင်း၊ စက်ရုံများကို အသားငါးဟင်းမျိုးစုံ ချက်ပြုတ် ရောင်းချပေးလျှက်ရှိသော ကြီးကြီး ဒေါ်တင်မြသည် ၄င်း လူငယ်တို့အနားတွင် ခြေစုံရပ် ခါးထောက်ပြီး ကြည့်လိုက်တော့ သူအကြွေးရစရာရှိသော လူငယ်များ ဖြစ်နေတာကြောင့် `အောင်မယ်လေး ဟဲ့… အကောင်တွေ နိုင်ငံခြား ဘောလုံးအသင်းက လှဲ့ပါတ်ခွေခေါက် ဖောက်ထွက်နိုင်တာ နင်တို့ရဲ့ ခြေဖျားကို မှီနိုင်ပမလား၊ နင်တို့ကမှ တကယ့်ကို အလှဲ့အပါတ်ကောင်းတာ၊ အကျွေးယူပြီးရင် တစ်လလဲ မပေး နှစ်လလဲ မပေးနဲ့ လစာထုပ်လို့ တောင်းပြန်တော့လဲ။ ခဏနေလာမယ်နော်။ မနက်ဖန်လာမယ်နော်နဲ့ လိမ်ညာနေတာ အခုဘယ်လောက်ကြာနေပြီလဲ။ ဘယ့်နဲ့ တော် ချဲလ်ဆီးတို့ လီဗာပူးတို့ အသင်းထဲက အကောင်တွေ အလှဲ့အပါတ်ကောင်းတယ်ဆိုတာ ဒင်းတို့ကို ဘယ်မှီနိုင်မလဲဟု´ ပြောလိုက်တော့ လူငယ်တသိုက်ဟာ ၀ါးကနဲ ရယ်မောကြတော့၏။ တယောက်သော လူငယ်က `တော်ပါတော့ အကြီးရယ်၊ အကြီးရဲ့ အကြွေးကို ဒီလစာထုပ်တာနဲ့ အကြေ ဆပ်ပါ့မယ်။ ကျနော်တို့ကို ဒေါက်မဖြုတ်ပါနဲ့´ဟု ပြောလေမှ အကြီးဒေါ်တင်မြသည် `အေးဒီလမှာလဲ နင်တို့ ကတိပြက်ရင် ဘာမှလဲ ထပ်မရောင်းပေးဘူး။ လူကြားထဲမှာပဲ ဒေါက်ဖြုတ်ပစ်မယ်´ဟု ပြောပြောဆိုဆိုနဲ့ ထွက်သွားလေတော့၏။
ထိုအချိန်၌ ကျွန်ုပ် ကွမ်းယာပေးတာကို စောင့်ဆိုင်နေသော မက်ကျလောင်းစက်ရုံထဲမှာ ဆိုင်ဖွင့်ထားတဲ့ အန်တီချိုက `ဟုတ်တယ်…။ ဦးရသေ့ လူတွေက အတော်ကို ခက်တယ်။ အကြွေးယူရင် ဘယ်ဈေးသည်ကမှ မနက်ဖန်မှ ယူပါ။ သဘက်ခါမှ ယူပါလို့ မပြောဘူး။ ရှိတာဆိုရင် ရော့အင့်ဘဲ။ လစာထုပ်လို့ အကြွေးကောက်ရင် တချို့က နေ့ရွှေ့ညရွှေ့နဲ့ ဝေ့လည် ချောင်ပါတ်နေတတ်တယ်။ အဲဒီတော့ အော်ရ တောင်းရ ပြောရ ဖြစ်ကုန်ရော။ အဲဒါကြတော့ ဘာပြောတယ်မှတ်သလဲ ဈေးသည်က ဒီလောက် အပေါက်ဆိုးတာ မျက်နှာကျောမာတာ မဆွတ်မပွတ်လေး ရောင်းစားပေလို့ ။စိန်ရွှေ ရတနာတွေ ရောင်းစားနိုင်ရင် ဘယ်လိုတောင် နေမလဲ ဆိုတာက ပြောလာသေးတယ်။ ဒင်းတို့က အကြွေး ယူချင်စိတ်ဘဲရှိတယ်။ ပေးချင်စိတ်မရှိတဲ့ လူတွေကို စိတ်ကူးလေးနဲ့ဘဲ။ သိုက်နန်းရှင်မတွေကို ရတနာဆိုင် ဖွင့်ခိုင်းကြည့်ပါဦး။ အရင်းပြုတ်ရုံတင်မကဘူး။ ဖါတမ်းပါ ရောက်သွားတယ်။ အဟုတ်ပဲ… ရုံထဲမှာ တယောက်ရှိသေးတယ်။ နောက်လ နောက်လနဲ့ ဒီလမှ မရရင်တော့ ရုံထဲမှာ မချိုတို့ ထဘီကို အလံထူပြီး ဘွာမကူကြေး ကျဲပြမယ်။ ဦးရသေ့ နားစွင့်ထား´ဟု ပြေဆိုရင်း ကွမ်းတံတွေးကို ပစ်ခနဲ ထွေးထုပ်၍။ ဆိုင်ကယ်ပေါ် တက်သွားလေတော့သည်။
ကျွန်ုပ်လည်း ကွမ်းယာနေရင်း စိတ်ထဲမှာ ကြိတ်ပြီး ဆုတောင်းနေမိတယ်။ အကြွေးရှိသူတိုင်း ချဲတွေ၊ ထီတွေပေါက်၍ မြန်မြန်ချမ်းသာ၊ များများ ချမ်းသာကြပါစေ….. လို့။ ။
*** ယာတောမြေ၊ ယမကာလူ့လင် ***

No comments:
Post a Comment