နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားသူများသည် နိုင်ငံဝန်ထမ်း
မဟုတ်သူများကသာ လျှောက်ထားခွင့် ရှိပါသည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၁ တွင် မည်သူများသည်
ပြည်သူ့ဝန်ထမ်းများဖြစ်ကြောင်း ပြဌာန်းထားပါသည်။ ပြည်သူ့ဝန်ထမ်း၏
အဓိပ္ပါယ်ကိုလည်းကောင်း၊ နိုင်ငံဝန်ထမ်း၏ အဓိပ္ပါယ်ကိုလည်းကောင်း မည်သည့်
ဥပဒေတွင်မျှ ဖွင့်ဆိုထားခြင်းမရှိပါ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၁
အပိုဒ်(၉) အရ အစိုးရအဖွဲ့ဝင် ၀န်ကြီးကို ပြည်သူ့ဝန်ထမ်းအဖြစ်
ထည့်သွင်းသတ်မှတ်ခဲ့ပါသည်။ (ဦးကျော်သိန်း နှင့် ပြည်ထောင်စုပါ ၂၊ ၁၉၅၉
မြန်မာပြည် စီရင်ထုံး ၁၄၅ လွှတ်တော်ချုပ်)
ထို့ပြင် ဦးသန်းမောင် နှင့် ပြည်ထောင်စု (၁၉၆၁ ၊ မြန်မာပြည်စီရင်ထုံး
၁၉၇ လွှတ်တော်) တွင် “နိုင်ငံတော်ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်တစ်ဦး
ဖြစ်၍ ၀န်ကြီးဆိုသော စကားတွင် အကျုံးဝင်ကြောင်း
ထုံးဖွဲ့ဆုံးဖြတ်ထားပါသည်။ ပြည်သူ့ဝန်ထမ်းဆိုသော စကားရပ်နှင့်
နိုင်ငံဝန်ထမ်းဆိုသော စကားရပ်တို့ကို စီစစ်ကြည့်ရှုရန် လိုအပ်ပါသည်။
အစိုးရထုတ်ဝေသော ပြစ်မှုဆိုင်ရာ ဥပဒေတွင် မြန်မာဘာသာဖြင့်
ပြည်သူ့ဝန်ထမ်းဟု လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် “Public servant”
ဟုလည်းကောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
မြန်မာစာ ကော်မရှင်က ထုတ်ဝေသော မြန်မာ-အင်္ဂလိပ် အဘိဓာန်တွင် ပြည်သူ့
ဝန်ထမ်း n/ Civil servant; government employee ဟု ဖော်ပြပါရှိသည်ကို
တွေ့မြင်နိုင်ပါသည်။
တစ်ဖန် နိုင်ငံဝန်ထမ်းကို n/ Civil servant ဟု မြန်မာ-အင်္ဂလိပ်
အဘိဓာန်တွင် တွေ့ရှိနိုင်ပါသည်။ နိုင်ငံဝန်ထမ်း နှင့် ပြည်သူ့ဝန်ထမ်းမှာ
အဓိပ္ပါယ် အတူတူဖြစ်ကြောင်း ထင်ရှားပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ၀န်ကြီးများသည်
ပြည်သူ့ဝန်ထမ်း သို့တည်းမဟုတ် နိုင်ငံဝန်ထမ်း ဖြစ်ကြပါသည်။
နိုင်ငံရေးရာထူးတာဝန် (Political Position) သည် နိုင်ငံဝန်ထမ်း
မဟုတ်ကြောင်း ပြောကြားခြင်းမှာ မှန်ကန်မှု မရှိပါ။ ဥပဒေဆိုင်ရာ
အဓိပ္ပါယ်ဖွင့်ဆိုချက်များလည်း မဟုတ်ပါ။
နိုင်ငံဝန်ထမ်းများက နိုင်ငံရေးပါတီ ဖွဲ့စည်းတည်ထောင်ခြင်း၊
နိုင်ငံဝန်ထမ်းများက နိုင်ငံရေးပါတီတွင် အဖွဲ့ဝင် အဖြစ်ပါဝင်ခြင်းမှာ
၂၀၁၀ ပြည့်နှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် လုံးဝ
ဆန့်ကျင်နေပါသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်
ဆန့်ကျင်နေသဖြင့် နိုင်ငံတော် ၀န်ကြီးချုပ်က နိုင်ငံရေးပါတီ
တည်ထောင်ခြင်းမှာ အစကပင် ပျက်ပြယ်နေသော (Void Ab initio)
ဖွဲ့စည်းခြင်းဖြစ်ပါသည်။
စေတနာဖြင့်
**ရန်ငြိမ်းအောင်(လူငယ်)**
နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများတွင်

No comments:
Post a Comment