ဗန်းမော်ဆရာတော်သည် ထူးခြားထက်မြတ်သော ပုဂိုလ်ကျော် ဖြစ်ပါသည်။ ပြောခွင့်ကြုံ၍ ဒိုးဒိုးဒေါက်ဒေါက် နှင့် ပွင့်လင်းပြတ်သားစွာ ပြောတတ်ပါသည်။ တပည့်တပန်းများနှင့် ပတ်သက်လာလျှင်လည်း ငဲ့ညှာထောက် ထား သည်းခံတတ်သူ ဖြစ်ပါသည်။
ဆရာတော် စိတ်ရှည်သည်းခံတတ်ပုံကို သာဓကဆောင် တင်ပြလိုပါသည်။
တစ်ခါသော် အုန်းတောရွာကျောင်းဆရာတော်၏ ဈာပနကိစ္စအတွက် ဗန်းမော်ဆရာတော်၊ စလင်းဆရာတော်၊ မောင်းထောင်းဆရာတော်နှင့်၊ သင်္ဂဆရာတော်တို့ အုန်းတောကျောင်းဇရပ်တစ်ခုတွင် စုဝေးမိကြပါသည်။ ဆွမ်းစားပြီးနောက် ထွေရာလေးပါး စကားပြောမိကြပါသည်။

အရှင်ဘုရားတို့၊ တပည့်တော်ဟာ ဗန်းမော်ဆရာတော်ရဲ့ ဓမ္မန္တေ၀ါသိက တပည့်ဖြစ်ပါတယ်။
သင်္ဂဇာဆရာတော်က စကားစသည်။ အပြောအဟောကောင်းသည်ဟူသော နာမည်ကျော်သော သင်္ဂဇာဆရာတော်က စကားစလျှင် အားလုံးက စိတ်ဝင်စားစွာ နားထောင်ကြပါသည်။
ဆရာတော်ကို တပည့်တော် အလွန်ကြည်ညိုပါတယ်။ ဒါကြောင့် တပည့်တော် ကျိန်းစက်တဲ့အခါမှာ ဆရာတော်ဘုရားကြီးရှိရာ အရပ်ကို ကန်တော့ပြီးမှ ကျန်းစက်ပါတယ် ဘုရား…။
ဗန်းမော်ဆရာတော်သည်လည်း ခတ်မဆိတ်ပင် နားထောင်နေပါသည်။
ဆရာတော်ဘုရား အရှေ့ဘက်မှာ သီတင်းသုံးတော်မူကြောင်းသိရင် အရှေ့ဘက်အရပ်ကို ရှေးမှုကန်တော့ပြီးမှ ကျိန်းစက်ပါတယ်။ အနောက်ဘက်အရပ်မှာ သီတင်းသုံးတော်မူကြောင်းသိရင် အနောက်ဘက်အရပ်ကို ရှေးရှုကန်တော့ပြီးမှ ကျိန်းစက်ပါတယ်။ တောက်ဘက်အရပ်မှာ သီတင်းသုံးတော်မူကြောင်းသိရင် တောင်ဘက်အရပ်ကို ရှေးရှုကန်တော့ပြီးမှ ကျိန်းစက်ပါတယ်။ မြောက်ဘက်အရပ်မှာ သီတင်းသုံးတော်မူုကြောင်းသိရင် မြောက်ဘက်အရပ်ကို ရှေးရှုကန်တော့ပြီး ကျိန်းစက်ပါတယ်။
တပည့်သင်္ဂဆရာတော်သည် တစ်ခုခုဆိုတော့ မည်ကို ဗန်းမော်ဆရာတော်ဘုရားကြီး ရိပ်မိတော်မူဟန်ရှိသည်။ ထို့ကြောင့် ကွမ်းစားမပျက် ပြုံး၍ နားထောင်နေတော်မူသည်။
အခြားဆရာတော်များကလည်း သင်္ဂဇာဆရာတော် ဤမျှ စကားပျိုးနေလျှင် တစ်စုံတစ်ရာ ကျီစယ်လိုဟန်ရှိကြောင်း၊ ရိပ်မိကြသည်။ ထို့ကြောင့် ငြိမ်၍ နားထောင်နေကြသည်။
အဲသလောက် ကြည်ညိုရတဲ့ တပည့်တော်ရဲ့ ဆရာဘ၀နတ်ထံပျံလွန်တော်မူခဲ့ရင်ဖြင့် မဟာပထ၀ီမြေကိုသာ ရှေးရှုရည်မှန်းကန်တော့ပြီးမှ ကျိန်းစက်ရမယ်ထင်ကြောင်းပါ ဘုရား…။
သင်္ဂဆရာတော်က စကားကို အဆုံးသတ်သည်။
ဗန်းမော်ဆရာတော်ကား ကွမ်းစားမပျက်၊ အပြုံးမပျက်၊ စလင်းဆရာတော်က-
သင်္ဂဆရာတော်ရဲ့ မဟာပထ၀ီမြေကြီးကိုသာ ရှေးရှုရည်မှန်းကန်တော့ပြီးမှ ကျိန်းစက်ရမယ်… ဆိုတဲ့ စကားက ဗန်းမော်ဆရာတော် ပျံလွန်တော်မူရင် အ၀ီစီကျလိမ့်မယ်လို့ အဓိပ္ပါယ်သက်ရောက်နေပါရော့လား…။ ဟူ၍ စကားထောက်သည်။
အားလုံးအသံထွက်အောင်ပင် ရယ်မောကြသည်။
တပည့်တော်က ဒီအဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ပါဘူးဘုရား။ အလွန်လဲထက်၊ တပည့်တော်ရဲ့ ဆရာရင်းလဲဖြစ်တဲ့ ဗန်းမော်ဆရာတော်ကို အဲသလို မပြောဝံ့ပါ ဘုရား။ တပည့်တော်ရဲ့ ဆိုလိုရင်းက ဆရာရင်းဖြစ်တော်မူတဲ့ ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးတော်ဟာ နှစ်သိန်းလေးသောင်းအထုရှိတဲ့ မဟာပထ၀ီမြေကြီးတမျှ တုနှိုင်းလောက်တယ်လို့ ရည်မှန်းကန်တောပြီးမှ ကျိန်းစက်ရလိမ့်မယ်လို့ ဆိုလိုရင်းရင်းပါဘုရား…။
အားလုံးပင် ရွှင်ပြုံးရယ်မောကြသည်။
ဒါကြောင့်လဲ… သင်္ဂဇာတို့ ထက်အောက်ဝန်းကျင် နာမည်ကျော်ပေတာပဲ။ သို့ပေမယ့် မူလဆိုလိုရင်းကတော့ သူ ရှင်းပြတဲ့ အဓိပ္ပါယ်မျိုးမဟုတ်ဘူး။ စလင်ဆရာတော် မိန့်တာမျိုး ဖြစ်မှာပါ…။
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးသာ ရှိတော်မူရင် သင်္ဂဇာကို မဟုတ်တာကို ကြံဖန်ပြောတဲ့ နေရာမှာ တော်လွန်းလို့ ဧတဒဂ်ထားမယ်ထင်တယ်…။
ဗန်းမော်ဆရာတော်ကား တပည့်အပေါ် စိတ်မဆိုး၊ အပြုံးမပျက်၊ ဤသို့လျှင် ကောက်ချက်ချ ချီးကျူးတော်မူလေသည်။
*** နေဘုန်းဝေ ***
(စာချိုးအကျော် ဗန်းမော်ဆရားတော် စွယ်စုံပုံပြင်များ)

No comments:
Post a Comment