ဗန်းမော်ဆရာတော်ဘုရားကြီး စစ်ကိုင်းတောရ၌ သီတင်းသုံးတော်မူသည်။ ဆရာတော်၏ ကျောင်းတွင် အသက်ကြီးမှ ရဟန်းပြုသော ဦးပဉ္စင်းကြီးတစ်ပါး ရှိသည်။ လူအမည် မောင်ဘဲ ဖြစ်သည်။ ဦးပဉ္စင်းဦးဘဲဟုပင် ခေါ်ကြသည်။ နံနက်ဘုရားဝတ်တက်တိုင်း ဦးပဉ္စင်းဦးဘဲက ဆယ်ပါးသီလ ပေးရသည်။ ဦးဘဲသည် အက္ခရာ၊ ပုဒ်ပါဠ်၊ ကျနအောင် နားမလည်ချေ၊ ထို့ကြောင့်….
`တိသရဏဂမနသီလံ ပရိပုဏ္ဏ´ဟု ရွတ်ဆိုရမည်ကို `တိသယဏ ဂမနသီလပယိပုဏ္ဏံ´ဟု ရွတ်ဆိုလေ့ရှိသည်။ (ယ)ငယ်နှင့် (ရ)ကြီး အသံထွက်ချင်း မတူပုံကို သတိမထားချေ။
`အက္ခရာမှန်မှ ပုဒ်မှန်တယ်။ ပုဒ်မှန်မှ အနက်မှန်တယ်။ အနက်မှန်မှ အဓိပ္ပာယ်မှန်တယ်။ အဓိပ္ပာယ်မှန်မှ အကျင့်မှန်တယ်။ အကျင့်မှန်မှ နိဗ္ဗာန်သို့ ရောက်နိုင်တယ်။´
ဆရာတော်ဘုရားက ခေါ်ယူဆုံးမသည်။ ပဲ့ပြင်သင်ကြားပေးသည်။
မြတ်စွာဘုရားလက်ထက်က ကြီးမှ ရဟန်းပြုသော တောထွက်ကြီးတစ်ပါးအကြောင်းလည်း ပုံဆောင်၍ မိန့်သည်။
မြတ်စွာဘုရားလက်ထက်က တောထွက်ရဟန်းကြီးတစ်ပါးသည်။ မြတ်စွာဘုရားထံက ကမ္မဠာန်းတောင်းသည်။ မြတ်စွာဘုရားက ဖြစ်ခြင်း ပျက်ခြင်းကို ပြတတ်သော (ဥဒယဗ္ဗယ)ကမ္မဠာန်းကို ပေးသည်။
ထိုဦးပဉ္စင်းကြီးသည် ဟိမ၀န္တာအန၀တတ်အိုင်အနီး အင်ကြင်းပင်ကြီးအရင်းတွင် ထိုင်လျက် ရေဘက်သို့ မျက်နှာမူကာ ဥဒယဗ္ဗယကမ္မဠာန်းကို ရွတ်သည်။ ထိုစဉ် ရေ၌ ကျက်စားသော ဗျိုင်းကိုမြင်သည်။ ဤတွင် ထိုဦးပဉ္စင်းကြီးလည်း (ဥဒယဗယ)ဟူ၍ ရွတ်မိလေသည်။
ထိုအခါ အက္ခရာမှားသည်ကို သိ၍ မြတ်စွာဘုရားက ခေါ်ယူဆုံးမဖူးကြောင်း မိန့်တော်မူလေသည်။
ဆရာတော်က နည်းပြဆုံးမသော်လည်း ဦးဘဲမှာ မှားလေ့သာ ရှိလေသည်။ ထို့ကြောင့် ဆရာတော်က စာချိုးလေတော့သည်။
`တိသရဏံ၊ သယလို့ သကဆို၊
နုဂိုက၊ ဟုတ်ပါပဲ။
မနက်ထ တကြော်ကြော်နှင့်၊
ကျောင်းပေါ်မှာ အခံခက် တယ်၊
တောထွက်မောင်ဘဲ´
ဗန်းမော်ဆရာတော်ကား ဧကန်ပင် စာချိုးအကျော်ဖြစ်ပါသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
** စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ **

No comments:
Post a Comment