လပြည့်ဥပုသ်နေ့ ဖြစ်သဖြင့် ဗန်းမော်ကျောင်းတိုက်တွင် ပရိသတ် စည်ကားသည်။ သီလချ;ီ မြှင့်ပြီးနောက် ရေစက်ချမည်ဟု ပြင်ဆင်သည်။
“အရှင်ဘုရား၊ ခါတိုင်းထက်ရှည်ရှည် ရေစက်ချ ပေးတော်မူပါ ဘုရား” ဒကာတစ်ဦးက လျှောက်သည်။
“ရေစက်ရှည်ရှည်ချတာက မခက်ပါဘူး။ ဒါပေမယ့် ဥပုသ်သည်တွေထဲက ငါးချဉ်သည်ပါ မပါ ကြည့်ရဦးမယ်”
“ဆိုင်ပါသ လား ဘုရား”
“ဆိုင်ပါသော်ကောကွယ်”
ဆိုင်ပုံကို ရှင်းလင်းဟောကြားရန် တောင်းပန်ကြသည်။
တစ်ခါက ရွာတစ်ရွာတွင် ငါးချဉ်သည် မိအေးဆိုသူရှိသည်။ တစ်နေ့ ရွာတစ်ရွာသို့ ငါးချဉ် သွားအရောင်းတွင် အလှူတစ်ခုနှင့် ဆုံသည်။ အလှူတွင် ထမင်းဝင်၍ စားသည်။ စားပြီးနောက် ချက်ချင်း ထပြန်ရန် အားနာသည်။ ထို့ကြောင့် တရားဝင်၍ နာသည်။
တရားဟောသော ဘုန်းကြီးမှာ အသံကလည်း ကောင်းသည်။ အဆိုအငို မြိုင်စွာနှင့် ဟောနေသော တရားဝတ္ထုကြောင်းကလည်း ကောင်းသည်။
သိုင်းဝိုင်းချဲ့ထွင်ကာ ဟောနေသဖြင့် နေကျမှပင် တရားချနိုင်တော့သည်။ အလှူရှင်က ရေစက်ချပြီး အမျှ… အမျှ… အမျှဟု အမျှဝေသည်။ ကြားကြားသမျှ အားလုံးက သာဓု… သာဓု… သာဓုဟု အနုမောဒနာပြုကြသည်။
ပရိသတ်ထဲက ထပြန်ရန် အခက်တွေ့ပြီး ငါးချဉ်ရောင်းရန် စိတ်စောနေသော မိအေးက…
“ငါးချဉ်ကလေးများ ၀ယ်လိုက်ကြပါဦး”ဟူ၍ အသံစူးစူးနှင့် ထ၍ အော်သည်။
သာဓု ခေါ်သံကြားထဲက ငါးချဉ်ရောင်းသံ ပေါက်ထွက်လာသဖြင့် ငါးချဉ်သည် မိအေးကို အားလုံးက ၀ိုင်း၍ ကြည့်ကြသည်။ ဤတွင် မိအေးက…
“တရားကလဲကောင်း၊ ကျမ ငါးချဉ်ကလည်း ကောင်းလို့ အော်ရောင်းရတာပါ”ဟူ၍ အရှက်ပြေ ပြောလိုက်လေသည်။
“ရေစက်ရှည်ရှည်ချာတာ မခက်ပါဘူး။ ဒကာ ဒကာမတို့ တော်ကြာ မိအေးလို ငါးချဉ်သည်ပါလာရင် သာဓု မခေါ်နိုင်ဘဲ ငါးချဉ်ကလေးများဝယ်လိုက်ကြပါဦးလို့ ထအော်မှာ စိုးရိမ်တာပါပဲ”
ပရိသတ်အားလုံးမှာ အားရပါးရ ရယ်မောလိုက်ကြလေသည်။ ဗန်းမော်ဆရာတော်က ရေစက်ကို တိုတိုပင် ချပေးလေသတည်း။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment