(ဒမတ်စကတ်၊ ဇူလိုင်လ ၂၇-ရက်)
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းကမ်းခြေမြေအောက်မှ ရှေးနှစ်ပေါင်း ၂၀၀၀-ခန့်က ရှေးဟောင်း လူ့အ သုံးအဆောင်ပစ္စည်းများကို သုတေသနပညာရှင်များက ဇူလိုင်လ ၂၆-ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဒမတ်စကတ်မြို့မြောက်ဘက် ၂၅၈-ကီလိုမီတာအကွာ၌ရှိသော အမ်ရစ်ရှေးဟောင်းသုတေသန တူးဖော်ရေး လုပ်ကွက် နေရာ၌ ယင်းပစ္စည်းများကိုတူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တူးဖော်တွေ့ရှိရသော ရှေးဟောင်း ပစ္စည်းများမှာ ရှေး ခေတ်သုံးမြေအိုးများ၊ ကြေးတံဆိပ်တုံးများ၊ ကြေးချောင်းများနှင့် ကြေးမြားတံများပါ ၀င်ကြောင်း၊ ရှေးခေတ် ကျောက်ဆုံများလည်း တွေ့ရကြောင်း၊ ဘီစီ-၃၂၃ ခန့်က ရှေးခေတ်လူတို့၏ အသုံးအဆောင်များဖြစ်ကြောင်း ဆီးရီးယားရှေးဟောင်းသုတေသနပညာရှင်ပါမောက္ခ ဂျာမယ်တမ်မွမ်က ပြောကြားသည်။ (အင်တာနက်)
** ပထမဆုံး ညူဓာတ်အားပေးစက်ရုံ ဂျော်ဒန်တည်ဆောက်မည် **
(အမ္မာန်၊ ဇူလိုင်လ ၂၇-ရက်)
ဂျော်ဒန်နိုင်ငံတွင်ညူကလီးယားသုတေသန ဓာတ်ပေါင်းဖိုတစ်ခုကို ဇူလိုင်လ ၂၆-ရက်နေ့မှစတင်ကာ တည်ဆောက်နေပြီဖြစ်ကြောင်း ဂျော်ဒန်ညူကလီးယားစွမ်းအင်ကော်မရှင်က ဇူလိုင်လ ၂၇-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ကနေဒါအနောက်ပိုင်း၌ ဂျက်တိုက်လေယာဉ်ပျက်ကျ **
(ဗန်ကူးဗား၊ ဇူလိုင်လ ၂၇-ရက်)
ကနေဒါနိုင်ငံ အယ်လ်ဘာဘာပြည်နယ်အနောက်ပိုင်း၌ ဇူလိုင်လ ၂၅-ရက်နေ့က ကနေဒါလေတပ်မှ စီအက်ဖ်-၁၈ ဟော်နက်ဂျက်တိုက်လေယာဉ် တစ်စင်းပျက်ကျခဲ့ကြောင်း ကနေဒါစစ်ဘက်က သတင်းထုတ်ပြန်သည်။ အဆိုပါလေယာဉ်သည် အယ်လ်ဘာတာပြည်နယ် လက်ဘရစ်စီရင်စု၌ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူးမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ၄င်းဂျက်တိုက်လေယာဉ်သည် စီအက်ဖ်- ၁၈ တိုက်လေယာဉ်တစ်စင်းနှင့် အတူ လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
** မျက်နှာတစ်ပြင်လုံး ပထမဆုံး ခွဲစိတ်ကုသခံသူ အောင်မြင်မှုရရှိပြီး ဆေးရုံမှဆင်း **
(မတ်ဒရစ်၊ ဇူလိုင်လ ၂၇-ရက်)
မျက်နှာပြင်တစ်ခုလုံးကို ပထမဆုံးခွဲစိတ်ကုသမှု ခံယူခဲ့သည့် စပိန်နိုင်ငံသားတစ်ဦး အောင်မြင်စွာ ခွဲစိတ်ကုသမှုခံယူပြီးနောက် ဇူလိုင်လ ၂၆-ရက်နေ့က စပိန်နိုင်ငံ ဘာစီလိုနာဆေးရုံမှဆင်းကာ နေအိမ်သို့ ပြန်သွားခဲ့ပြီဖြစ်ကြောင်း ဆေးရုံအရာရှိများက ပြောကြားသည်။ ဘာစီလိုနာမြို့မှ အော်စကာဟုအမည်ပေးထားသူ အမျိုးသားသည် မတော်တဆဖြစ်ရပ်တစ်ခုကြောင့် သူ၏ မျက်နှာပြင်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့်မတ်လတွင် ဘာစီလိုနာမြို့ ဗယ်ဒီဟီဘရွန်ဆေးရုံ၌ ၄င်း၏ မျက်နှာပြင်တစ်ခုလုံးကို အစားထိုးခွဲစိတ်ကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။ အော်စကာသည် ဆေးရုံ၌ ၄င်း၏ မျက်နှာပြင် အရေပြား၊ မျက်နှာပြင်ကြွက်သားများ၊ နှာခေါင်း၊ အပေါ်မေးရိုးနှင့် ပါးရိုးများအပါအ၀င် မျက်နှာပြင်တစ်ခုလုံးကို အစားထိုးခွဲစိတ်ခဲ့ရာ ဆေးရုံ၌ လေးလကြာမြင့်ခဲ့သည်။ ခွဲစိတ်မှုအောင်မြင်ခဲ့သော်လည်း လောလောဆယ်၌ ပျော့ပျောင်းသော အစာများစားခြင်းနှင့် စကားအနည်းငယ်ပြောဆိုခြင်းများကိုသာ ပြုလုပ်နေရကြောင်း သိရသည်။ (အင်တာနက်)
** တရုတ်အနောက်တောင်ပိုင်း၌ မြေပြိုမှုထပ်မံဖြစ်ပွား **
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဇူလိုင်လ ၂၇-ရက်နေ့ နံနက်က မြေပြိုမှုထပ်မံဖြစ်ပွားရာ ဒေသခံ ၁၁-ဦးသေဆုံးပြီး ၁၁-ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း တရုတ်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးနှုန်း အနည်းငယ်တက် **
ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးနှုန်း အနည်းငယ်ပြန်တက်လျက်ရှိရာ ဂျပန်နိုင်ငံ တိုကျိုဈေးကွက်၌ ဇူလိုင်လ ၂၇-ရက်နေ့က ဂျပန်ယန်းငွေ ၈၆ ယန်းလျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** တရုတ်နိုင်ငံ ဟီနန်ပြည်နယ်၌ တံတားပြိုကျ **
တရုတ်နိုင်ငံ ဟီနန်ပြည်နယ်၌ မိုးသည်းထန်ပြီး မြစ်ရေများတစ်ဟုန်ထိုး စီးဆင်းမှုကြောင့် ဇူလိုင်လ ၂၇-ရက်နေ့ နံနက်က တံတားတစ်စင်းပြိုကျမှုဖြစ်ပွားရာ လူ ၁၃-ဦးပျောက်ဆုံးနေသဖြင့် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ဖိလစ်ပိုင်တောင်ပိုင်း၌ ငလျင်လှုပ် **
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကမ်းလွန်၌ ဇူလိုင်လ ၂၇-ရက်နေ့က ရစ်ခ်ျတာစကေး ၆ အဆင့်ရှိသော ငလျင်လှုပ်သွားကြောင်း၊ ထိခိုက်ပျက်စီးမှုနှင့် ဆူနာမီသတိပေးချက်တို့ ထုတ်ပြန်ခြင်းမရှိကြောင်း ဖိလစ်ပိုင်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ဆီးရီးယားအနောက်မြောက်ပိုင်း ကမ်းခြေ၌ နှစ် ၂၀၀၀-ခန့်က လူ့အသုံးအဆောင်ပစ္စည်းများတွေ့ရှိ**

No comments:
Post a Comment