အဖမ်းခံရသော ၄င်းဆိုင်ဟာ အခြားဆိုင်များကဲ့သို့ ရောင်းဝယ်ပစ္စည်း များများစာစား တင်ဆောင်ရောင်းချနိုင်ခြင်း မရှိတာကြောင့် ကွမ်းယာနှင့် လ္ဘက်ရည်လောက်သာ ရောင်းချနိုင်ခဲ့လေ၏။ မိသားစု အသိုင်းအ၀ိုင်းတွေလဲ မရှိကြပဲ၊ လင်ကို မယား နှစ်ယောက်တည်းလို နေကြသူတွေမို့ စားလောက်ရုံလေး ခံသာအောင် ဤဆိုင်လေးကို အားကိုးနေကြခြင်ဖြစ်၏။
ဤဆိုင်လေး စဖွင့်တယ်ဆိုသော်လည်း ဘတ်သက်တမ်း ဆက်ပြီးသား အပြည့်အစုံ ရှိသလို ရပ်ကွက် ရန်ပုံငွေအတွက် တစ်နှစ်ကို ဘတ်ငါးရာ ပေးဆောင်ပြီးဖြစ်ပါတယ်။ ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများ မလုပ်ကြသလို မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းလုံးဝမှ မရှိပဲ၊ ပုလိပ်ဖမ်းခိုင်းခြင်းကို ခံခဲ့ရပါတယ်။ ကျွန်ုပ်သည် ပီကေတစ်ဘူး ကိတ်မုန့် ငါးခု ကော်ဖီမစ် အထုပ်သေး သုံးထုပ်နဲ့အတူ ပုလိပ်ရုံးသို့ ရောက်သွား၏။ ကျွန်ုပ်တို့သုံးဦးကို အမှုဖွင့်သောအခါ အမှုတွဲကိုင်တဲ့ ပုလိပ်က ဘာသာပြန်တဦးခေါ်ပြီး ဤကဲ့သို့ ပြောပြ၏။
`ခင်ဗျားတို့ကို ဘာအမှူနဲ့ ဖမ်းတယ်ဆိုတာကို သိကြပါသလား။ အလုပ်သမားဘတ်နဲ့ ဈေးရောင်းသည့်အတွက် တရားမ၀င် ဈေးခိုးရောင်းမှုနဲ့ ဖမ်းရခြင်းဖြစ်တယ်။ တကယ်လို့ ခင်ဗျားတို့ သူဌေးက အမှုလိုက်ပေးတယ်၊ အာမခံပေးတယ်ဆိုရင် နှစ်ရက်နေပြီး တရားရုံးတင် ဒဏ်ငွေဆောင်ပြီး ပြန်လွတ်လိုက်မယ်။ အမှုလိုက်သူမရှိဘူးဆိုရင်တော့ ဆယ့်နှစ်ရက်ထောင်ချပြီးမှ တရားရုံးတင် စစ်ဆေးမှာ ဖြစ်ပါတယ်။ ခင်ဗျားတို့ အနေနဲ့ ဘာများပြောစရာ ရှိပါသေးလဲ´ဟု မေးလေ၏။
ကျွန်ုပ်. မိန်ဆွေတဦးက `မယ်တောင်မိုင်မှာ ဈေးရောင်းသူ အတော်များများဟာ အလုပ်သမားဘတ်နဲ့ပဲ ဈေးရောင်းနေကြတာပါ။ ဒီသုံးဦးတည်းကိုသာ ဖမ်းတယ်ဆိုတော့ အခြားဘာပြဿနာများ ရှိပါသေးလဲ တကယ်လို့ ရှိခဲ့တယ်ဆိုရင်လဲ သိပါရစေ´လို့မေးလိုက်တော့ အမှုဖွင့်တဲ့ ပုလိပ်က…
`တခြားဘာအမှုမှ မရှိပါဘူး။ ခင်ဗျားတို့ သုံးဦးကိုပဲ ဖမ်းတယ်ဆိုတာကလဲ၊ ရပ်ကွက်လူကြီးက ခင်ဗျားတို့ သုံးဦးကိုပဲ လိုက်ပြလို့ပါ။ ဈေးရောင်းသည်၊ ဘတ်မရှိပဲ ဈေးရောင်းရင် မြန်မာပြည်သားအားလုံးကို ဖမ်းလို့ရပါတယ်။ ဒါကြောင့် ခင်ဗျားတို့ လူတွေအလာကို စောင့်မျှော်ဆက်သွယ်ပါ´ဟုဆိုကာ အချုပ်ခန်းထဲသို့ ပို့လိုက်၏။ ကျွန်ုပ်တို့သည် သက်တမ်းဆက်ပြီးသား ဘတ်လဲရှိတယ်။ ထိုင်းနိုင်ငံထုတ် စားသုံးကုန် ပစ္စည်းများအားလုံး ရောင်းချခွင့် ပါမစ်လဲရှိတယ်။ ရပ်ကွက်အတွက် ရံပုံငွေ ဘတ် ၅၀၀ လဲ ပေးပြီးသားဖြစ်ပါလျက်နဲ့ ဘာကြောင့် ဖမ်း ခိုင်း တယ်ဆိုတာကို စဉ်းစားရင်း စိတ်သောက ရောက်နေသောအချိန်၊ အချုပ်ခန်းထဲမှာ ကျွန်ုပ်တို့နှင့် ၂-နာရီခန့်အချိန်စော၍ ရောက်နှင့်နေသော၊ ကုလားလေးက `လာဗျာ၊ ဦးလေးတို့ဘာမှ အားမငယ်နဲ့၊ ကျနော်လဲ စကားပြောဖော်မရှိလို့ ပျင်းနေတာ၊ ဦးလေးတို့ရောက်လာတော့ အဖော်ရသွားပြီ´ဟု ဆီးကြို နုတ်ဆက်လေ၏။ ၄င်းကုလားလေးရဲ့ နုတ်ဆက်ခြင်းဟာ ကျွန်ုပ်တို့အတွက် ဒေါသထွက်စရာမို့ ခွန်းတုံ့ပြန်ပြောခြင်း မပြုတော့ပဲ၊ အချုပ်ခန်းဒေါင့်မှာ ခြေလက်ပစ် ထိုင်ချလိုက်တော့၏။ ကျွန်ုပ်၏ မိတ်ဆွေကြီးကမူ ရိုးသားဖြောင့်မတ်ပြီး စိတ်ရှည်သူမို့ ကုလားလေးနဲ့ စကားလက်ဆုံ ပြောဖြစ်လေ၏ ကုလားလေးက ကျွန်ုပ်တို့ အဖမ်းခံရတဲ့ အကြောင်းကို စပ်စု-လေ့လာ မေးမြန်းပြီးသောအခါ သူ၏ အကြောင်းကိုလဲ… ဤသို့ရင်ဖွင့်လေ၏
`ကျနော့် နာမည် ဖိုးခွေးပါ၊ ဘ၀ရပ်တည်ရေးအတွက် လုပ်ငန်းက နို့စို့ ကလေးနဲ့ ကျနော်တို့ လင်မယား နှစ်ယောက် စက်ဘီးတစ်စီးနဲ့ ကန်ဇွန်းရွက်လိုက်ခူးရောင်းစားပါတယ်။ ညနေပိုင်းကြတော့ ဘော်ဒါတွေကို ဆေးခြောက် ၀ယ်ပေးပါတယ်။ တရာနှစ်ရာလဲ ဈေးသုံးရတယ်။ ကိုယ်လဲသောက်ရတယ်။ ဒီမနက် ကျနော့်ကို ဖမ်းမိတော့ ဆေးခြောက်က ဂုံညှင်းလုံးလောက်ပဲ ရှိတော့တယ်။ ကျနော် သောက်ချင်လို့ မြ၀တီက သွားဝယ်လာတာပါလို့ ပြောလိုက်တယ်။ ပုလိပ်က ငါးထောင်နဲ့ ပြန်ရွေးထုပ်ဖို့ ဈေးညှိုသေးတယ်။ ကျနော်တောင် ကန်ဇွန်းရွက်ခူးရောင်းမှ ထမင်းစားရတာလို့ ပြောလိုက်တော့ ပုလိပ်က နာရင်းကို တချက်ရိုက်ပြီး ဒီအချုပ်ထဲထည့်လိုက်တယ်။ ကျနော်ထင်ပါတယ်။ အနည်းဆုံး ဆယ့်နှစ်ရက်နဲ့ လေးဆယ့်ငါးရက် တခုခုပေါ့။ ထောင်ကတော့ ကျမှာပဲဗျ´တဲ့။
၁၆- ၆- ၂၀၁၀ ဗုဒ္ဓဟူးနေ့မှာတော့ ၁၄-ရက်နေ့က ဖမ်းထားသူအားလုံးကို တရားရုံးသို့ ပို့လေ၏။ တရားရုံး အချုပ်သို့ ရောက်သောအခါ ထောင်မှ ခေါ်ထုပ်လာသော ထောင်သားများကို တွေ့ရလေ၏။ ထောင်သားအားလုံးတို့သည် ပင်နီရောင် အင်္ကျီလက်တို ကာကီရောင်ဘောင်ဘီအတို တကီလို အလေးချိန်ရှိသော သံခြေကျင်းခတ်၍ (စကစ်လုံး)ခေါင်းကို စကစ်လုံးထိုးထားကြ၏။ တရားရုံးချုပ်၌ ရုံးတင်အရာရှိသည်။ အချုပ်သား ထောင်သားအားလုံးကို တရားသူကြီး ခေါ်ဆိုရင် အစစ်ဆေးခံရန်အတွက် တဦးခြင်း နာမည်နှင့်တကွ အမှုတွဲ စာရွက် စာရွက်ဆီ ဝေပေးထား၏။ စာရွက်ထဲတွင် ဤတရားခံအား အမိန့်ချရန်နှင့် နောက်အပါတ်ရွှေ့ဆိုင်းထားရန်ကို တခါတည်း ရေးထားပြီးသားဖြစ်ပါတယ်။ အနောက်က အမှုလိုက်လို့ လွှတ်ပေးရမယ့် သူများကိုတော့ ဘာစာရွက်မှ မပေးဘဲ ချန်လှစ်ထားလေ၏။
ကျွန်ုပ်တို့ ဘ၀တူသုံးဦးထဲမှ မိတ်ဆွေ နှစ်ဦးဟာ အချိတ်အဆက် အနည်းငယ်လိုအပ်သွားတာကြောင့် အမှုတင်အရာရှိက ဆယ့်နှစ်ရက် ရွှေ့ဆိုင်းထားရန် စာရွက်ကို ပေးဝေပြီး တရားသူကြီးထံ လွှတ်ပေးလိုက်၏။ တရားသူကြီးက အမှုတွဲစာကို ဖတ်ကြည့်ပြီး နောက်တစ်ပါတ်မှ အမှုစစ်မည်ဟု ချိန်းဆိုလိုက်တာကြောင့် ထောင်သို့ လိုက်သွားရလေ၏။ ကျွန်ုပ်ကတော့ သူဌေးကိုယ်တိုင် လာရောက် အာမခံတာကတကြောင်း ရင်းနှီးသူ အပေါင်းအသင်းများက ရှေ့နေနှင့်အမှုလိုက်တာက တကြောင်းကြောင့် ၁၆-ရက်နေ့မှာပဲ အမှုက ပြီးပြတ်သွားလေ၏။ ကျွန်ုပ်၏ ကိစ္စများ ပြီးပြတ်လို့ စောင့်ကြိုနေသော အပေါင်းအသင်းများနဲ့ တရားရုံမှ ပြန်ခဲ့သော်လည်း ကျွန်ုပ်မိတ်ဆွေနှစ်ဦးနှင့်တကွ အကြောင်းအမျိုးမျိုးကြောင့် ထောင်နန်းစံကြရသော ရွှေ့ပြောင်းအလုပ်သမားများအား သနားဂရုဏာ ဖြစ်မိပါတော့သတည်း…။ ။
**ကံသာဦး (ယာတောမြေ) **
၁၄၊ ၆၊ ၂၀၁၀ ရက်နေ့ နေ့လယ် ၂-နာရီလောက်မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အရှေ့ဘက် ခြ မ်း မယ်တောင်မိုင် သုံးရပ်ကွက် ထိုင်စံသိုးမွှေးစက်ရုံအနီး မြန်မာပြည်သား ဈေးဆိုင်ငယ်များထဲမှ သုံးဆိုင်ကို ရပ်ကွက်လူကြီး၏ ခွင့်ပြုချက်အရ နောက်ဘွား ဂိတ်မှ ပုလိပ်များ ၀င်ရောက်ဖမ်း ဆီးသွားလေ၏။

No comments:
Post a Comment