နေ့ဝါစာချပြီး ခေတ္တနားနေခိုက်တွင် ဆရာတော့်ထံသို့ ဒကာတစ်ယောက်ရောက်ရှိလာသည်။ ဆရာတော်အား ဖူးမြော်သည်။ ဆရာတော်နှင့် ထွေရာလေးပါး စကားပြောရင်း နိဗ္ဗာန်အကြောင်းသို့ ရောက်ရှိသွားသည်။
`နိဗ္ဗာန်ဆိုတာ ဘယ်လိုဟာပါလဲ ဘုရား´
ဒကာက လျှောက်ထားမေးမြန်းသည်။
`ဒကာသဘောပေါက်အောင် ပြောရမှာ ခက်လှတယ် ဒကာ။ နိဗ္ဗာန်ကို နည်းနည်းလေးမှ မသိတဲ့လူကို ရှင်းပြဖို့က ပိုပြီး ခက်လှပါတယ်။ နို့ထမင်းဆိုသည်မှာ ကွေးကွေးကလေးပါဆိုတာလို ဖြစ်မှာလဲ စိုးလှတယ် ဒကာ´
`နို့ထမင်းဆိုသည်မှာ ကွေးကွေးကလေးပါ ဆိုတာကို ရှင်းပါဦး ဘုရား´
`ရှင်းရမှာပေါ့ ဒကာ၊ ဒါမှ ဒကာမေးတာနဲ့ နို့ထမင်းဆိုတာ ကွေးကွေးကလေးပါဆိုတာ ဆက်စပ်ပုံသဘောပေါက်ပေမပေါ့´
`တင့်ပါ ဘုရား´
`ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ မျက်မမြင်သူငယ်ချင်းနှစ်ယောက်ရှိသတဲ့။ တစ်ယောက်ကတော့ မွေးရာပါ မျက်စိကွယ်သူဖြစ်ပြီး တစ်ယောက်ကတော့ အသက်အတော်ကြိးမှ ကျောက်ရောဂါကြောင့် မျက်စိကွယ်သူဖြစ်သတဲ့´
ဆရာတော်ကနို့ထမင်းဆိုသည်မှာ ပုံပြင်ကို ဇာတ်လမ်းပျိုးသည်။
ဘ၀တူမျက်မမြင်နှစ်ယောက်လည်း ဘ၀တူချင်းပေါင်းသင်းခင်မင်ကြသည်။ ရွာတကာလှည့်ကာ တောင်းရမ်းစားသောက်ကြသည်။
တစ်နေ့သော် အလှူတစ်ခုက နို့ထမင်းပေးလိုက်သည်။ နှစ်ဦးသာ သစ်ပင်ရိပ်တစ်ခုတွင် ထိုင်ပြီးနောက် နို့ထမင်းကို စားကြသည်။ အုန်းနို့ထည့် ချက်ထားသောကြောင့် နို့ထမင်းမှာ ဆိမ့်လှကောင်းလှသည်။
`နို့ထမင်းဆိုတာ တယ်လဲ ကောင်းလှပါလား သူငယ်ချင်း ဘယ်လို အရောင်အဆင်းများ ရှိသလဲ။ သူငယ်ချင်းက ကြီးမှ မျက်စိကွယ်တာဆိုတော့ သိမှာပေါ့ သူငယ်ချင်း´
မွေးရာပါ မျက်စိကွယ်က မေးသည်။
`နို့ထမင်းရဲ့ အရောင်က အဖြူရောင်ပါ သူငယ်ချင်း´ကြီးကွယ်က ဖြေသည်။
`အဖြူရောင်ဟုတ်လား၊ အဖြူရောင်ဆိုတာဘာလဲ´
`အဖြူရောင်ဆိုတာ ဖြူဖြူဖွေးဖွေးလေးကို ပြောတာ´
`ဖြူဖြူဖွေးဖွေးဆိုတာကော ဘယ်လိုဟာလဲ´
`ဖြူဖြူဖွေးဖွေးဆိုတာ ဗျိုင်းရဲ့ အရောင်မျိုးပေါ့´
`သူငယ်ချင်းက ဗျိုင်းရဲ့ အရောင်လို့သာ ဆိုတယ်။ ငါက ဗျိုင်းဆိုတာ ဘယ်လိုမှန်းမသိပြန်ဘူး။ ရှင်းပြပါဦး´
`သြော်- သူငယ်ချင်းက ဘာမှမမြင်ဖူးပဲကိုး ဟုတ်ပေသားပဲ၊ ဗျိုင်းဆိုတာ လည်ပင်းရှည်ရှည်နဲ့ အကောင်လေ သူငယ်ချင်း´
`လည်ပင်းက ဘယ်လိုရှည်ရှည်လဲ´
`ခက်တော့တာပဲ၊ အဲ- ငါ့လက်ကို ကိုင်ကြည့်၊ ငါက ဗျိုင်းရဲ့ လည်ပင်းပုံစံမျိုး လုပ်ပြန်မယ်´
ကြီးမှ မျက်စိကွယ်သူက မွေးရာပါ မျက်စိကွယ်သူကို ဗျိုင်း၏ လည်ပင်းသဏ္ဍာန် သူ၏လက်ကို ကွေးကွေးကလေး လုပ်ပြသည်။ မွေးရာပါမျက်စိကွယ်က လက်ကိုလျှောက်စမ်းကြည့်သည်။ ကွေးကွေးကလေးကို စမ်းမိသည်။
`သိပြီ သူငယ်ချင်း၊ နို့ထမင်းဆိုတာ ကွေးကွေးကောက်ကောက်အရောင် ရှိတာကိုး´
မွေးရာပါက ကောက်ချက်ချသည်။
ကြီးကွယ်က ဆက်မရှင်းတော့၊ ရှင်းလေ ရှုပ်လေဖြစ်တော့မည်။
`ဒီသဘောပဲ ဒကာ၊ နိဗ္ဗာန်ဆိုတာ လုံးဝမသိတဲ့သူကို လတ်တလော ရှင်းရင် နို့ထမင်းဆိုသည်မှာ ပိုရှင်းလေရှုပ်လေဖြစ်တော့မှာပဲ။ တလွဲမှတ်သွားမှာစိုးလို့ မရှင်းပါရစေနဲ့တော့ ဒကာ´
အန္ဓပုထုဇဉ်ဘ၀နှင့် မျက်ကန်းကို ပမာပြုသည်။
နို့ထမင်းကို နိဗ္ဗာန်နှင့်နှိုင်းသည်။
ရုတ်ခြည်းပုံပြင်ကာ ဟောကြားတော်မူသော ဆရာတော်၏ အစွမ်းကား အံ့မခန်းလောက်ပါပေ။
`တပည့်တော် သဘောပေါက်ပါပြီ ဘုရား´
ဒကာဖြစ်သူလည်း မိမိအန္ဓပုထုဇဉ်ဘ၀ကို မိမိသဘောပေါက်သွားသည်။
မှတ်ချက်။ ။ ပုထုဇဉ် ၂-မျိုး
၁။ ။ ကလျာဏပုထုဇဉ်- ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ တို့ကို သိ၍ ကောင်းသော ပုထုဇဉ်။
၂။ ။ အန္ဓပုထုဇဉ်- ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတို့ကို မသိသော အကန်းနှင့်တူသော ပုထုဇဉ်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment