အဲဒီနေ့က
မုန်တိုင်းဆင်မဲ့ကောင်းကင်ပြင်တခုလိုပဲ
လူလှိုင်းလုံးတွေတလိမ့်လိမ့်
ဟစ်ကြွေးသံတွေတခြိမ့်ခြိမ့်
မြေမိုးသိမ့်ညံ နိုးပွက်လျှံခဲ့….
ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်ရက်
ခေတ်တခေတ်ကို ထုဆစ်ပေတော့မည်….။
*ကျောင်းအရိပ်ကခွာ
စာသင်ခန်းကိုကျောခိုင်း
ရရာအလံဒီဇိုင်းလေးတွေ တဖျတ်ဖျတ်နဲ့
တချို့ကအလံမပါ
တချို့ကဖိနပ်မပါ….
အသံတစာစာနဲ့
မင်္ဂလာပါဆရာလို့ အော်သံခေါ်သံအစား
နှလုံးသားထဲကအနက်ရှိုင်းဆုံးခံစားမှု
တရားမျှတမှုလူ့အခွင့်အရေး
သွေးအသက် ပေးဆက်တောင်းဆို
ရွှေမလိုငွေမလို
ဒီမိုကရေစီသာလိုချင်တယ်…..။
*ကိုးရက်ရှစ်လရှစ်ဆယ့်ရှစ် ရက်
အဲဒီမနက်မှာ
ရန်ကုန်မြို့ရဲ့မြို့တော်ခန်းမရှေ့
မည်းနက်ခြုံသိုင်း ယမ်းခိုးမှိုင်း၍
ငှက်ပျောပင်ရိုင်း ဓါးနဲ့ပိုင်းသလို
အပျိုင်းရိုင်းပက်လက်
ဒိုင်းဒိုင်းဒက်ဒက်နဲ့….
သြော်…..ရိုင်းစိုင်းရက်စက်ကြပါပေ့ …….။
*သားသတ်သမားတွေရဲ့  လှံစွပ်ဖျားအောက်
မြေခွေးတွေရဲ့ အစွယ်တဖွေးဖွေးအောက်မှာ
ကျဆုံးသွားရတဲ့ငါတို့ကလေးအပေါင်းရဲ့
လည်ချောင်းသွေးနဲ့ခြေဆေး
စစ်ဘီလူးတို့ရဲ့အောင်ပွဲ
အမှောင်တိုက်မှာမင်းမူနေ
သားပျောက်အမေ သမီးပျောက်အဖေတွေရဲ့
ဆူဝေနေတဲ့ရင်ထဲ
အမုန်းသွေးများစီးဆင်း
အံကြိတ်ရင်းပင့်သက်ရှိုက်
လက်သီးကျစ်ကျစ်ဆုတ်ခဲ့ကြ………..
အပြစ်မဲ့ပြည်သူကိုလက်နက်နဲ့အနိုင်ယူနေသမျှ
လှပတဲ့ဇတ်သိမ်း
ငြိမ်းချမ်းတဲ့အနာဂတ်
တည်ဆောက်လို့ရနိုင်မတဲ့လား…….။
*ဓါးမိုးအုပ်ချုပ်
ကြိုးနှောင်တုပ်တဲ့ဘ၀ထဲမလေ
အမှန်တရားကို သေနတ်ဖျားနဲ့ထောက်ပေမဲ့
မကြောက်ရွံ့တဲ့အသဲ
ရဲပတဲ့စိတ်ဓါတ်
မျှတမှုအတွက်တိုက်ပွဲဝင်
(သူတို့တတွေဟာ)
ပြည်သူတို့ရင်ခွင်မှာ ထာဝစဉ်လဲလျောင်းနေတဲ့
မဟာသူရဲကောင်းတွေပါ….။
*သူတို့သွေးနဲ့ရေးတဲ့သမိုင်း
မုန်တိုင်းရှစ်ဆယ့်ရှစ်
ရစ်ပတ်နှောင်ဖွဲ့
ချဉ်ခြင်းမပြေ……..
တို့ရင်ထဲမှာ ဝေဒနာ……။ ။
ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်မှ အကြမ်းဖက်အာဏာသိမ်းအပြီး အခြေခံပညာကျောင်းသားသမဂ္ဂများပေါ်ပေါက်ချိန် အကသ ၀င်ကျောင်းသားတယောက် ကလေးတယောက် တတ်စွမ်းနိုင်သလောက်ဖြင့် ရေးဖွဲ့ခဲ့သော ကဗျာအား ပြန်လည်ခံစားဖေါ်ပြပါသည်။ နှစ်၂၀ကျော်အချိန်ကာလကြောင့် စကားလုံးအချို့ကျန်နိုင်ပါသည် ။ အနည်းငယ်ကွဲလွဲနိုင်ပါသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးတွင်တိုက်ပွဲဝင်ခဲ့သော ၊ ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့သော ကျောင်းသားထုတစ်ရပ်လုံးနှင့် အခြေခံပညာကျောင်းသား များအား ဤကဗျာကိုပြန်လည်ဖေါ်ပြခြင်းဖြင့် ဂုဏ်ပြုဦးညွှတ်ပါသည် ။
စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ...
**မောင်ကျောင်းသား**
**၁၉၈၈ တိုက်ပွဲဝင် အခြေခံပညာကျောင်းသားတစ်ဦး**
(မောင်ကျောင်းသားပြန်လည်ခံစားဖေါ်ပြပါသည်။)
*သမိုင်းတွင်မဲ့နေ့တနေ့……။

No comments:
Post a Comment