ဗန်းမော်ဆရာတော်ကား စွယ်စုံပညာရှင် ဖြစ်ပါသည်။ ဆရာတော်၏ စာ၊ ဆရာတော်၏ ဟောပြောချက်များကို ဖတ်ရှုလေ့လာလျှင် ဆရာတော်သည် လူ့သဘော လူ့သဘာဝကို မည်မျှ နှံ့စပ်ကျွမ်းကျင်ကြောင်း သိနိုင်ပါသည်။
တစ်နေ့တွင် ဗန်းမော်ဆရာတော်ကြီးသည် တိုက်အုပ်၊ စာချကိုယ်တော် စသည့် ရဟန်းသံဃာတော်တို့နှင့် ဆွမ်းစားပြီးနောက် ခေတ္တနားနေစဉ် ဖြစ်ပါသည်။ အထူးသဖြင့် တပည့်စာသင်သားကိုယ်တော်တို့အကြောင်း စကားစပ်လျဉ်းဆွေးနွေးမိကြပါသည်။
ဘယ်ကျောင်းသားက စာတော်သည်။ ဘယ်ကျောင်းသားက အဆော့သန်သည်၊ ဘယ်ဦးပဉ္စင်းက ၀ီရိယကောင်းသည်။ ဘယ်ဦးပဉ္စင်းက ဥာဏ်မကောင်း၊ နေပြည်တော်မှ ရောက်လာသောဦးပဉ္စင်းငယ်တစ်ပါးသည် ၀ီရိယနည်းသည်။ သို့သော် ရိုးရိုးကုပ်ကုပ်နေသည်စသည်ဖြင့် စာချကိုယ်တော်တို့က အမျိုးမျိုးဝေဖန်သုံးသပ်ကြသည်။ ဆရာတော်အား လျှောက်ထားကြသည်။
နောက်တစ်နေ့တွင် ဆရာတော်ကြီးကိုယ်တိုင် စာဝါပို့ချသည်။ ရိုးရိုးကုပ်ကုပ်နေတတ်ပါသည်ဆိုသော ဦးပဉ္စင်းကိုလည်း သတိထားအကဲခတ်သည်။ ထိုအခါ အနှီး ဦးပဉ္စင်းမှာ ကျောင်းတိုင်ကိုမှီ၍ အိပ်ငိုက်နေကြောင်း သတိပြုမိသည်။ သို့နှင့် ထိုဦးပဉ္စင်းကို ရှေ့သို့ ခေါ်ကာ ဆုံးမလေသည်။
“တစ်နေ့ကပဲ ငါ့ရှင်ရဲ့ ဆရာက ငါ့ရှင် ရိုးရိုးကုပ်ကုပ်နေတတ်ကြောင်း ပြောတယ်။ ခု ဆရာတော်မြင်တာ တောကြက်ကုပ်ကို ကြက်ကောင်းမှတ်သလို ဖြစ်နေပါရော့လား။”
ဆရာတော်နိဒါန်းပျိုးလျှင် နောက်ဆက်တွဲသာဓက၊ ပုံပြင်၊ စာချိုးပါလာတတ်ကြောင်း စာသင်သားများသာမက စာချကိုယ်တော်များကပါ သိရှိသည်။ ထို့ကြောင့် အားလုံးပင် တိတ်တိတ်နေကာ နားစွင့်ကြသည်။
“ရှေးက အညာရွာတစ်ရွာမှာ တိုက်ကြက်မျိုးကောင်းဖောက်ပြီးရောင်းစားတဲ့ လူတစ်ယောက်ရှိတယ်။ သူက ကြက်တွေကို ဖောက်၊ မတမ်းအရွယ်လောက်ရောက်တာနဲ့ ရောင်းစားလေ့ရှိတယ်။ အရွယ်ရောက်တဲ့အထိ လက်ထဲမှာ မထားဘူး။”
ဆရာတော်၏ ပုံပြင်ကို အားလုံးကပင် စိတ်ဝင်စားစွာ နားထောင်ကြသည်။ ဆရာတော်၏ ပုံပြင်ဆုံးလျှင် မှတ်စရာ၊ နည်းယူစရာ၊ သင်ခန်းစာ၊ ဆင်ခြင်စရာ တစ်ခုခု ပါစမြဲ ဖြစ်ပေသည်မဟုတ်လော။
“တစ်ခါတော့ တိုက်ကြက်မတစ်ကောင်က ကြက်ကလေးတွေ ပေါက်လာတယ်”
ဆရာတော်က ဇာတ်လမ်းကို ဆက်သည်။
ကြက်ကလေးဆယ်ကောင် ပေါက်တယ်။ ထိုဆယ်ကောင်ထဲတွင် ထူးခြားသော ကြက်ကလေးတစ်ကောင် ပါလာသည်။ ထိုကြက်ကလေးသည် အခြားကြက်များနှင့် မရော၊ မဆော့၊ ရိုးကုပ်စွာ နေလေသည်။ ဤထူးခြားချက်ကို ကြက်ရှင်က ကောင်းစွာ သတိထားမိသည်။
မြီးကောင်ပေါက်အရွယ်တွင် ကြက်ရှင်က ကြက်များကို ရောင်းပစ်သည်။ သို့သော် ကြက်ကုပ်ကလေးကိုမူ ချန်ထားသည်။ အထူးဂရုစိုက်၍ မွေးသည်။
ကြက်ဖကလေးအရွယ်ရောက်လာသည်တွင် အတက်ကလေးထွက်လာသည်။ နေပုံမှာ ယခင်အတိုင်း ကုပ်ကုပ်ကလေးပင်ဖြစ်သည်။ ကြီးလျှင် အစွမ်းပြမည့်လက္ခဏာဟု ကြက်ရှင်က တွေးဆထင်မြင်သည်။
“ကျုပ်ကြက်ဖလေးက အနေကုပ်ပေမယ့် အစွမ်းပြမှာ သေချာတယ်။ အစားကလဲ ကောင်းသမျှ၊ နေပုံကလဲ- တည်တယ်၊ ကုပ်တယ်။”
ကြက်ရှင်က သူ၏ ကြက်ဖလေးအကြောင်း ကြုံတိုင်းကြွားလေ့ရှိသည်။ တစ်နေ့တွင်မူ သူ၏ ကြက်ဖလေးကို ပွဲထုတ်ရန် စီစဉ်လေသည်။
“မင်းကြက်ကုပ်ကို ခွပ်လက်လဲ မချဘဲနဲ့ ဖြစ်ပါ့မလား၊ ဒီအတိုင်းတိုက်ရင် ရှုံးမှာပေါ့”
အပေါင်းအသင်းကြက်သမားတွေက သတိပေးသည်။
“ငါ့ကြက်ဖက ခွပ်လက်ချစရာမလိုပါဘူးကွာ ကျိန်းသေပေါက်နိုင်မှာပါ”
ကြက်ရှင်က သူ့ကြက်ကို သူယုံသည်။ ထို့ကြောင့် ရှိသမျှ ပုံအောပြီး လောင်းကြေးထပ်သည်။
ကြက်ပွဲစပြီ။
ပွဲစကတည်းက တစ်ဖက်ကြက်က မနားတမ်းခွပ်သည်။ ကြက်ကုပ်ကလေးကမူ ကုပ်ကုပ်ပင်၊ ကြက်ရှင်ကမူ သူ့ကြက်ကို အထင်ကြီးဆဲ။ တစ်ချက်ကောင်း ခွပ်မည့်ကောင်ဟု ထင်သည်။ တစ်ဖက်ကြက်က ဆက်တိုက်ခွပ်သည်။ ကြက်ကုပ်ကမူမခွပ်။ ကုပ်ကုပ်ပင်၊ တစ်ချက်ကောင်းအကွက်ချောင်းသည်ဟု ကြက်ရှင်က ထင်သည်။ နောက်ဆုံးတစ်ဖက်ကြက်၏ ခွပ်ချက်ကြောင့် ကွင်းထဲတွင်ပင် ဆန့်ငင်ဆန့်ငင်နှင့် သေလေတော့သည်။
“ဒီလိုပဲ တပည့်တို့၊ တပည့်တို့ကို တကယ့်ကိုပဲ ကြက်ကောင်းဖြစ်စေချင်တယ်။ ကြက်ကုပ်လို အထင်မှားတဲ့ အဖြစ်မျိုး အဖြစ်မခံနိုင်၊ အရောက်မခံနိုင်ဘူး တပည့်တို့”
ဆရာတော်က ပုံပြင်အဆုံးတွင် စေတာနာ ဆန္ဒကိုပါမိန့်ကြားသည်။ ထို့ကြောင့် ကုပ်တိုင်းမကောင်းဟု တပည့်တို့က ရယ်မောပြောဆိုကြသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များမှ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment