`ကိုရင် ကတ်ကြေးသွားယူခဲ့စမ်း´
တပည့်ဦးပဉ္စင်းများနှင့်အတူ သင်္ကန်းချုပ်နေသော ဗန်းမော်ဆရာတော်က ကိုရင်တစ်ပါးအား ခိုင်းသည်။
ဆရာတော် ခိုင်းသဖြင့် ကိုရင်လည်း ကျောင်းအောက်သို့ အမြန်ဆင်းသွားသည်။ ထို့နောက် ကတ်ကြေး ယူလာရမည့်အစား အဂ္ဂိရတ်ဖိုမှ မီးညှပ်ကို ယူလာခဲ့လေသည်။
"ကတ်ကြေးယူခဲ့ပါဆိုမှ မီးညှပ်ယူလာခဲ့ရသလား ကိုရင်။ ဒီပစ္စည်းနှစ်ခုက ညှပ်ရတာချင်း တူပေမယ့် အသုံး တည့်ပုံကော၊ အမည်ကော မတူဘူးကွယ့်။ အင်း- ကိုရင်ဟာ ငါးကြင်းစောက်နဲ့ တူရွင်းစောက်မှားသလို ဖြစ်နေတာကိုး"
ဆရာတော်က ပြုံးရယ်ရင်း မိန့်တော်မူသည်။
''ငါးကြင်းစောက်နဲ့ တူရွင်းစောက် မှားပုံ ရှင်းလင်းဟောကြားတော်မူပါဦးဘုရာ;"
တပည့်ဦးဉ္စင်းများက လျှောက်ထားတောင်းပန်ကြလေသည်။ ဆရာတော်က ကွမ်းမြုံရင်း ပုံပြင်ကို စပြောသည်။
"ရှေးတုန်းက အလွန်ရိုး၊ အလွန်အ၊ အလွန် အမြော်အမြင်နည်းတဲ့ လူတစ်ယောက် ရှိတယ်။ သူက မေ့လဲ မေ့ တတ်တယ်။ သူအိမ်ထောင်ကျတော့ အိမ်ခွဲပြီး သီးခြားနေကြတယ်။"
တပည့်ဦးပဉ္စင်းများ၊ ကိုရင်များက ဆရာတော်၏ ပုံပြင်ကို နားထောင်ကြသည်။တစ်နေ့သော် ထိုအညာသား၏ ဇနီးသည်က သားယောင်္ကျား မွေးဖွားလေသည်။ သားဦးဖြစ်သဖြင့် အလွန်ဂရုစိုက်ကြသည်။ ကလေးအတွက် နို့ထွက်ကောင်းရန် လိုသည်။ လင်၏ ရိုး အ ညံ့ဖျင်းပုံကိုသိသော ဇနီးသည်ကပင် လိုလေသေးမရှိ စီစဉ်ရသည်။
"ဒီမှာ ကိုရင်၊ ကလေးအတွက် မိခင်နို့ထွက် ကောင်းဖို့လိုတယ်"
"အေး.... ဟုတ်တယ်"
"ကြောင်ပန်းရွက်နဲ့ ငါးကြင်းစောက် ၀ယ်ပေးပါကိုရင်"
"၀ယ်ပေးမယ်"
"သေသေချာချာမှတ်နော်၊ ကြောင်ပန်းရွက်နဲ့ ငါးကြင်းစောက် မှတ်မိတယ်နော်"
"အေး ... ကြောင်ပန်းရွက်၊ ငါးကြင်းစောက်"
ကိုလူနုံလည်း တဖွဖွရွတ်ရင်း၊ မှတ်ရင်းနဲ့ ဈေးဆီကို ထွက်ခဲ့သည်။တစ်နေရာ အရောက်တွင် ကိုလူနုံ လူအ လည်းအမှတ်တမဲ့ ခလုတ်တိုက်မိသည်။ ဤတွင် မှတ်လာသည်ကို မေ့သွားသည်။ မနည်းပြန်၍ စဉ်းစား ယူ ရသည်။ကြောင်ပန်းရွက်ကို စဉ်းစားမိသည်။နောက်တစ်မျိုး၊ ထိုစာလုံးတွင် စောက်ပါသည်။ အပြန်ပြန်အဖန်
ဖန် စဉ်းစားသည်။ ဟုတ်ပြီ၊ တူရွင်းစောက်၊ သူမှတ်မိပြီ။ဈေးသို့ ရောက်လာသည်။ကြောင်ပန်းရွက်ဝယ်သည်။ တူရွင်းစောက် ၀ယ်သည်။ အိမ်ပြန်ခဲ့သည်။ ကိုယ်တိုင် မီးဖိုထဲ ၀င်သည်။ ကြောင်ပန်းရွက်နှင့် တူရွင်းစောက်
ကို ရောချက်သည်။ဟင်းကျလျှင် မယားဖြစ်သူကို ခူးခပ်ကျွေးသည်။ မယားဖြစ်သူက ဟင်းကို မြည်းကြည့်သည်။ ဟင်းမှာ မချိုချေ၊ သည်ကြားထဲ သံချေးစော်က နံသေးသည်။
"ဘယ်လိုဖြစ်တာလဲ ကိုရင်"
"ဘာလဲ ရှင်မ "
"ကိုရင့် ဟင်းခါးက မချိုတဲ့အပြင် သံချေးစော်ကလဲ နံပါ့ကိုရင်"
"ရှင်မ မှာတဲ့အတိုင်း ၀ယ်လာပြီး ချက်တာပဲ"
"ဟင်းခါးအိုး ယူခဲ့စမ်းပါကိုရင်၊ ကြည့်ရအောင်"
ဟင်းခါးအိုးကို ယူလာပြသည်။ကြောင်ပန်းရွက်ကတော့ ဟုတ်သည်။ ဟင်းခါးအိုးထဲ တူရွင်းစောက်ကြီးက ရောက်နေသည်။
"ကိုရင့်ကို မှာလိုက်တာက ကြောင်းပန်းရွက်နဲ့ ငါးကြင်းစောက်၊ ခုတော့ မယ်နှယ် ကြောင်ပန်းရွက်နဲ့ တူရွင်း စောက်ဖြစ်နေရတာလဲ။ ကိုရင် ဘယ်နေရာမှ အဖြစ်မရှိဘူး"
မယားဖြစ်သူက အပြစ်တင် မြည်တွန်ပြောဆိုသည်။ ဤတွင် ကိုလူနုံက
"အေးကွာ စောက်ချင်းတူမှတော့ မှားမှာပေါ့" ဟူ၍ ခွန်းတုံ့ပြန်လေသည်။
"အင်း - ကတ်ကြေးနဲ့ မီးညှပ်မှားတာက ငါးကြင်းစောက်နဲ့ တူရွင်းစောက် မှားတာနဲ့စာရင် တော်သေး တာ ပေါ့လေ"
ဗန်းမော်ဆရာတော်က ပုံပြင်ကို အဆုံးသတ်သည်။ ကျောင်းရှိ စာသင်သားတို့မှာ ရယ်မောကြလေသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment