ကာနယ်ကြည်မောင်အဖြစ်နဲ့ နတခ တိုင်းမှူး တာဝန်ရယ်၊ လယ်ယာစိုက်ပျိုးရေးဌာနတာဝန်ခံ(ထိုစဉ်က- ပဒေသရာဇ်ဆန်တယ်ဆိုပြီး ၀န်ကြီးလို့ မသုံးနှုန်းပါ) အဖြစ်နဲ့ပါ ဖယ်ရှားခံရပြီးတဲ့ နောက်မှာ မြန်မာ့လွတ်လပ်ရေး မော်ကွန်းဝင် ဗိုလ်မှူးကြီး ဗထူးရဲ့သား `ဗိုလ်မြင့်ထူး´ကို သူ့ဖခင် မရှိတော့တဲ့ နောက်ပိုင်း အားတောင့်အားငယ်ဖြစ်မှာစိုးလို့ ဦးလေးသားချင်းတစ်ဦးအနေနဲ့ရော၊ ဆရာတပည့် အနေနဲ့ပါ အကြံဥာဏ်ပေး၊ ကူညီခဲ့တာ ရှိပါတယ်။ ဒါကိုပဲ ဗိုလ်နေ၀င်းနဲ့ စစ်အုပ်စုက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်မှူးကြီးလင်္ကျာ (ထိုစဉ် ဂျပန်ခေတ်နဲ့ ဂျပန်တော်လှန်ရေးပြီးသည့်နောက် စစ်ရာထူးများ) သူတို့နှစ်ဦးပြီးရင် ဗိုလ်မှူးကြီးဗထူးဟာ အကျော်ကြားဆုံး စစ်ခေါင်းဆောင်တစ်ဦးဖြစ်လာတာမို့ မနာလို၊ မရှုစိမ့်တဲ့ အဇ္ဇျတ္တတွေက ပေါ်လာပုံရပါတယ်။ ဗိုလ်မြင့်ထူးကို `တပ်တွင်းပုန်ကန်မှု´ဖြစ်အောင် သွေးထိုးလှုံ့ဆော်ပေးတယ်ဆိုပြီး ဦးကြည်မောင်ကို ထိန်းသိမ်းတော့တာပါပဲ။ အဲဒီထိန်းသိမ်းမှုက လွတ်လာပြီး နောက်ပိုင်းမှာ (၁၉၆၉ ခုနှစ် ကျွန်းဆွယ်အရေး၊ ၁၉၇၀ ခုနှစ် ရန်ကုန်တက္ကသိုလ်ရွှေရတု အရေး၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေး)စတဲ့ စစ်အုပ်စုဆန့်ကျင်ရေး (မဆလ တစ်ပါတီစနစ်ဆန့်ကျင်ရေး) ကျောင်းသား လှုပ်ရှားမှုတွေမှာလည်း ဦးကြည်မောင်ဟာ သားသမီးတွေကနေတဆင့် အကြံဥာဏ်ပေးမှုတွေ ရှိခဲ့တယ်လို့ ကျနော်တို့နဲ့ စကားစပ်မိတဲ့အခါ သူက ပြောပြခဲ့ပါတယ်။
သူကိုယ်တိုင် ကျောင်းသားဆန္ဒပြပွဲတွေဆီ အရောက်သွားပြီး ကျောင်းသားတွေနဲ့ ထိတွေ့လိုက်တိုင်း စစ်ထောက်လှမ်းရေး(MI)နဲ့ အရပ်ဘက် ထောက်လှမ်းရေး မျိုးစုံက သတိပေးတာတွေ ရှိတာမို့ ခြေလှမ်းတွေ အကြိမ်ကြိမ် ဆုတ်ခဲ့ရကြောင်း ကျနော်တို့ကို ပြန်လည်ဖောက်သည်ချဘူးပါတယ်။
သူဟာ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး (ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်း)နဲ့ အလွန်ရင်းနှီးခင်မင်စွာ ပေါင်းသင်းနေထိုင်ခဲ့တယ်လို့ သိရပါတယ်။
`ရှစ်လေးလုံး´ အကြိုလှုပ်ရှားမှုတွေ ဖြစ်ခဲ့တဲ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၅-ရက်နေ့မှာ ပေါ်ပေါက်ခဲ့တဲ့ (၂၅ ကျပ်၊ ၃၅ ကျပ်၊ ၇၅ ကျပ်တန်တွေကို သိမ်းခဲ့တဲ့) `ငွေစက္ကူအရေး´ကိစ္စနောက်ပိုင်း (၁၉၈၈)ထဲမှာ ဦးအောင်ကြီးရဲ့ `၂၁ မျက်နှာ စာတမ်း´ပေါ်ပေါက်လာတဲ့အခါ အဲဒီ ၂၁-မျက်နှာစာတမ်းကို လူထုသိအောင်နဲ့ ဦးနေ၀င်း သိအောင် ဖြန့်ဝေကြရာမှာ ဦးကြည်မောင်ဟာလည်း တခန်း၊ တကဏ္ဍအနေနဲ့ ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ်၊ ဇွန်လ ကျောင်းသားအရေးတော်ပုံတွေ ဖြစ်ပွားပြီးတဲ့နောက် `ဦးအောင်ကြီးနဲ့ အပေါင်းအပါများကို နိုင်ငံတော်လုံခြုံရေးအရ ထိန်းသိမ်းခြင်း´ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးကြည်မောင်ဟာလည်း တစ်ယောက်အပါအ၀င်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၅-ရက်နေ့မှာ `ဦးအောင်ကြီးနဲ့ အပေါင်းအပါများ´ကို မဆလပါတီက ပြန်လွှတ်ပေးပြီး အဲဒီနေ့ညနေပိုင်းမှာ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ `ပဒုမ္မာကွင်း လူထုဟောပြောပွဲ´မှာ ဦးအောင်ကြီးက `တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့´လို့ အရှက်ကင်းမဲ့စွာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီပွဲစဉ်ဟာ နောက်တစ်နေ့ (သြဂုတ်လ ၂၆-ရက်နေ့မှာ ရွှေတိဂုံစေတီတော်၊ အနောက်ဖက်မုဒ်မှာပြုလုပ်မယ့် `ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတရားပွဲ´ကို ကြိုတင်ဖျက်ဆီးတဲ့ မဆလ စစ်အုပ်စုရဲ့ အကြံအစည်ကြီးဖြစ် ပါတယ်။) အဲဒီ မအောင်မြင်တဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ `သုံးဘက်ချွန် (စမူဆာ)အောင်ကြီး´ရဲ့ လူထုဟောပြောပွဲ မမည်သော `လူထုဖောရှောပွဲ´ဖြစ်ပါတယ်။ ဒါဟာ စစ်တပ်ကို မမုန်းကြဖို့၊ စစ်တပ်ကို မပြစ်မှားကြဖို့ အချိန်အခါ၊ နေရာဒေသ၊ အနေအထား စတာတွေကို အမှန်အတိုင်း မသိမြင်နိုင်တဲ့ စမူဆာအောင်ကြီးရဲ့ `ကြိုတင် အကွက်ချ လက်ဦးမှုရယူရေး´ လို့ ခေါ်တွင်ရမယ့် ဒီဟောပြောပွဲမှာလည်း ဦးကြည်မောင်ဟာ တနွယ်ငင်၊ တစင်ပါ ဆိုသလို ဗာလနံ အုပ်စုမှာ သေ၀နာစ သွားဖြစ်ပုံရပါတယ်။
(ဆင်လက်တင်ပြပါမည်)
**စုစည်းတင်ပြသူ- သောင်ရင်းနဂါး**
(အပိုင်း-၂)

No comments:
Post a Comment