ဗန်းမော်ဆရာတော်က စွယ်စုံပုံပြင် ဆရာကြီးလည်း ဖြစ်တော်မူပေသည်။ ဆရာတော်ကြီး စစ်ကိုင်းချောင်တွင် သီတင်းသုံးစဉ် ဆရာတော်၏ ကျောင်းတွင် တောထွက်ဦးပဉ္စင်းကြီးတစ်ပါး ရှိလေသည်။ တစ်နေ့တွင် ထိုဦးပဉ္စင်းကြီးသည် ကျောင်းသားငယ်တစ်ဦးအား ငေါက်ငမ်းနေသည်ကို ဆရာတော်ဘုရားကြီး ကိုယ်တိုင်ကြားလေသည်။ ထို့ကြောင့် ဦးပဉ္စင်းကို ချက်ချင်း ခေါ်ယူလေသည်။
“ငါ့ရှင် ခင်ကြီး၊ သင်္ကန်းဝတ်ထားပါလျက် ဘာကြောင့် ဆဲရေးတိုင်းထွာနေရသလဲ။ ရဟန်းဆိုတာ ခုလို ညစ်ညမ်းကြမ်းတမ်းစွာ ဆဲတာမဆိုထားနဲ့ ဆဲရေးခြင်းဆယ်ပါးတွင် တစ်ခုခုပါဝင်တာနဲ့ အပြစ်အာပတ်သင့်ပေတယ် ငါ့ရှင်”
**မှတ်ချက်။ ။ ဆဲရေးခြင်း ဆယ်ပါး**
၁။ ။ ဇာတိ- - သာကီယမျိုး၊ စဏ္ဍာလမျိုး စသည်ဖြင့် ဇာတ်ကို ထိပါး၍ ဆဲရေးခြင်း။
၂။ ။ နာမ- - အမည်နာမတို့ဖြင့် ထီပါးဆဲရေးခြင်း၊ (ဦးမျိုးယုတ်၊ ဦးဥာဏ်ပြူး စသည်)
၃။ ။ ဂေါတ္တ- - နေမျိုးနွယ် ပုဂံပြည်သဗညုဆက်၊ ရွှေစည်းခုံနွယ်စသည်ဖြင့် အနွယ်ကို ခိုက်၍ ဆဲရေးခြင်း၊
၎။ ။ ကမ္မ- - အလုပ်အကိုင်ကို ခွဲ၍ ဆဲရေးခြင်း၊
၅။ ။ သိပ္ပ- - အတတ်ပညာကို ခွဲ၍ ဆဲရေးခြင်း၊
၆။ ။ အာဗာဓ- - ရောဂါအနာကို ထိခိုက်၍ ဆဲရေးခြင်း၊ (မီးယပ်ပိန် မီးယပ်ခြောက်၊ ဖိုးကြာ၊ ရှိုက်ကုန်း စသည်)
၇။ ။ လိင်္ဂ- - အသွင်ကို စွဲ၍ ဆဲရေးခြင်း၊ (ဂျပု၊ လန်ဘား၊ ဂွတို စသည်)
၈။ ။ ကိလေသ- - ကိလေသာတစ်ပါးပါးအမည်ကို စွဲ၍ ဆဲရေးခြင်း၊ (တဏှာအိုး၊ ဒေါသကုမ္မာ၊ ဏှာဘူး စသည်)
၉။ ။ အာပတ္တိ- - အာပတ်အမည်ကို စွဲ၍ ဆဲရေးခြင်း၊
၁၀။ ။ အက္ကောသ- - နင့်အမေနှင့် နှမ၊ ခွေးမသား စသည်ဖြင့် ဆဲရေးခြင်း၊ (အယုတ်အမြတ်အားဖြင့် ၂- ပါးစီရှိသည်။ မဟော်သဓာ ဘုရားလောင်းစသည်ဖြင့် မတန်မရာနှိုင်းခြင်းသည်လည်း ထိပါးခြင်းတစ်မျိုးဖြစ်သည်။
၂။ ။ အာပတ်- - အာပတ် ၇- ပုံ ရှိသည်။ ရဟန်းတော်များအတွက် ၀ိနည်းပညတ်ချက်လာ အခြေခံဥပဒေကြီး ၇-ပုံ ရှိသည်။
ဗန်းမော်ဆရာတော်က ရှင်းလင်းမိန့်ကြားတော်မူသည်။
“သည်းခံတော်မူပါဆရာတော်ဘုရား၊ တပည့်တော်မှာ ရဟန်းဘောင်ဝင်တာမကြားသေးတဲ့အတွက် လူဝတ်ကြောင်ဘ၀တုန်းကလိုပဲ ဆဲရေးမိတာပါဘုရား။ ရဟန်းဆိုတာ သတိရတော့မှပဲ ကိုယ့်ကိုယ်ကို ကိုယ်ဆုံးမရပါတော့မယ် ဘုရား”
“ဦးပဉ္စင်းကြီး ခုပြောတာက ထန်းတောရွာက ဇာတ်ဆရာမောင်ဟိန်း ဘီလူးကြိမ်းမှားသလို ဖြစ်နေပြန်ပါပြီ”
“မောင်ဟိန်းအကြောင်း မိန့်ကြားတော်မူပါဦး ဘုရား”
အပါးရှိ ရဟန်းအပေါင်းတို့က တောင်းပန်လျှောက်ထားကြသည်။
“ထန်းတောရွာမှာ မောင်ဟိန်းဆိုတဲ့ လူတစ်ယောက်ရှိတယ်။ ရုပ်သေးဇာတ်ထောင်ပြီး အသက်မွေးဝမ်းကျောင်းပြုတယ်။ အခန်းအားလုံးကျရာ သေတ္တာမှောက်ကတတ်တယ်ပေါ့ကွယ်”
ဆရာတော်ကြီးက ရုပ်သေးဇာတ်ဆရာမောင်ဟိန်းအကြောင်းကို ဟောကြားလေသည်။
မောင်ဟိန်းသည် ဇာတ်ဆရာလည်း ဖြစ်သည်။ ကျရာဇာတ်ရုပ်ကို ကပြနိုင်သူ သေတ္တာမှောက်လည်းဖြစ်သည်။ တစ်ည အညာရွာတစ်ရွာတွင် ဇာတ်ကခိုက် ဖြစ်ပါသည်။
ထိုညက ၀ိဇယဇာတ်ထုပ်ကို ခင်းသည်။
ဇာတ်ဆရာ မောင်ဟိန်းလည်း ၄င်းအလှည့်မတိုင်သေးသဖြင့် မှိန်းစက်အိပ်ပျော်သွားသည်။ သန်းခေါင်သို့ရောက်လေပြီ။ ဘီလူးမင်းကြီး ထွက်ခန်းရောက်လေပြီ။
“ဆရာကြီး၊ ထ- ထ ဘီလူးမင်းကြီး ထွက်ခန်းရောက်ပါပြီ။”
တပည့်များက နှိုးသည်။
မောင်ဟိန်းလည်း အိပ်ရာမှထသည်။ အိပ်မှုန်စုံမွှားနှင့် သိကြားရုပ်ကို ဘီလူးရုပ် ထင်မှတ်ကာ ကိုင်ဆွဲ၍ ထွက်သည်။
“ငါဟဲ့ ယောင်္ကျား၊ ယက္ခဒီပအစိုးငယ်ရသည့်…”
မောင်ဟိန်းက ကြိုးဆွဲရာကနေ ဘီလူးကြိမ်းကြိမ်းလေသည်။
“အလို- ဆွဲတာက သိကြားရုပ်၊ ကြိမ်းတာက ဘီလူးကြိမ်းပါလား။ ဇာတ်ဆရာ ဆရာဟိန်းတော့ လွဲပြီ”
အောက်မှ ပွဲကြည့်ပရိသတ်၏ ဝေဖန်သံက ပေါ်ထွက်လာသည်။ ဤတွင်မှ ဇာတ်ဆရာက အရုပ်ကို ငဲ့ကြည့်လိုက်သည်။ သိကြားရုပ်မှန်းသိသည်။
“သယ်- ငါဟဲ့ ယောင်္ကျား သိကြားဘီဘူးအမည်ထူးနဲ့…”
အရုပ်နှင့်ကိုက်အောင် ချက်ချင်း ပြင်ရွတ်လေသည်။
“အင်း- ဦးပဉ္စင်းကြီးလဲ ရှေးလူဖြစ်စဉ်ကလို မှတ်ပြီး ဇာတ်ဆရာမော်ဟိန်းလို ဘီလူးကြိမ်းလွဲပုံရတယ်။”
ဆရာတော်၏ စကားအဆုံးတွင် အားလုံးပင် ရွှင်ပြုံးစွာ ရယ်မောကြလေသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များမှ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment