**(ဆရာကြီး ဦးအေးကို ၊ဦးဣန္ဒာစက္ကနှင့် ချစ်ကြည်ရေး ဆုဖလားရ ရှိသော JACBA ဘောလုံးအသင်း အမှတ်တရ ဓာတ်ပုံ၊၂၀၀၅)**
…..........................................................
***သြော်… ဆရာ၊ ဆရာ… ဆရာကွယ်လွန်တာ အခုဆို (၈)ရက်ရှိပါပေါ့လား……………………………….
ကျနော်တို့ မြန်မာပြည်သားအဖွဲ့(ခေါ်) မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ကို စတင်တည်ထောင်ခဲ့သူ တစ်ဦးနှင့် `နာယကတစ်ဦး´ဖြစ်သူ အငြိမ်းစားဒဿနိက ဗေဒကထိက(မန္တလေးတက္ကသိုလ်) `ဆရာဦးအေးကို´သည် ပြီးခဲ့သည့် သြဂုတ်လ ၂၅-ရက်နေ့က ရုတ်တရက်နှလုံးဖောက်ကာ ကွယ်လွန်သွားခဲ့ပါသည်။ `ဦးအေးကို´ဟူသည် ထင်ရှားသော နိုင်ငံရေးသမားတစ်ဦါ် (၀ါ) တော်လှန်ရေးခေါင်းဆောင်တစ်ဦးလည်း မဟုတ်ခဲ့သဖြင့် `အညတရရုပ်ပုံလွှာ´တစ်ခုကို မည်ကဲ့သို့ ပြုစုကာ ပုံဖော်တည်ဆောက်ရမည်နည်းဟု ကျနော်တို့ အပြန်အလှန်သုံးသပ်ခဲ့ကြပါသည်။ ဤသို့ဖြင့် `အညတရစာပေနှင့် အတွေးအခေါ်သမားတစ်ဦး´၏ ရုပ်ပုံလွှာအဖြစ် ပိုင်းဆစ်ကြရန်ဖြစ်ပေါ်လာခဲ့ပါ၏။ မှန်ပါသည်။ `ဦးအေးကို´ဟု အာလုပ်ပြုလိုက်လျှင် `အတွေးအခေါ်သမားကြီးတစ်ဦး´၊ သို့တည်းမဟုတ် `စာပေဖြင့် မွေ့လျော်သူတစ်ဦး´ဟူ၍သာ
ပုံဖော်တည်ဆောက်ကြရမည်ထင်ပါသည်။ ဦးအေးကိုသည် သူ့ဘ၀ တလျှောက်လုံး စာအုပ် စာပေများကို ခေါင်းပေါ်တင်ထားကာ `လူထုလူတန်းစား´ စရိုက်လက္ခဏာပြည့်ဝစွာဖြင့် ရှင်သန်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပါသည်။ သူ၏ တပည့်ဖြစ်ခဲ့ဘူးသူ ဦးချစ်တင် (ထိုင်း-မြန်မာနယ်စပ်ရောက် အထက်မင်းလှမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် MPU) က `သူက ဖီလော်ဆော်ဖာ စတိုင်ဗျ။ ၁၉၆၃ ခုနှစ်တုန်းက ကျနော်တို့က မကွေးကောလိပ်မှာ ကျောင်းသားဆန္ဒပြမှုတွေ ဘာတွေ လုပ်ခဲ့စဉ်တုန်းက သူက ဒဿနိကဗေဒဌာနမှာ နည်းပြပေါ့ဗျာ၊ အသင်အပြကောင်းတယ်။ လူကတော့ ခွတီးခွကျနိုင်တာ သူ့ဘ၀တလျှောက်လုံးထင်ပါတယ်။ ဒါကြောင့်လည်း အိမ်ထောင်မပြုပဲ လူပျိုကြီး ဘ၀နဲ့ အခု (၇၁)နှစ်အရွယ် ကွယ်လွန်ချိန်အထိ တကိုယ်တော်နေထိုင်လှုပ်ရှားခဲ့တယ်ထင်ပါတယ်။ စာတော့ တော်တော်ဖတ်တဲ့လူကြီးဗျ။ စာလည်းရေးတယ် ကြားတယ်´ ဟု ပြန်ပြောင်းပြောပြပါသည်။
လွန်ခဲ့သော (၆)နှစ်တာကာလ (၂၀၀၄ ခုနှစ် စက်တင်ဘာလ ၉-ရက်နေ့၊ အဖွဲ့အစည်းစတင်တည်ထောင်တုန်းက) ဆိုပါလျှင် မိမိတို့အဖွဲ့မှာ ရုံးခန်း၊ ရုံးဌာနဟူ၍ မရှိကြသေးပေ။ ဤသို့ ရုံးခန်း၊ ရုံးဌာနမရှိသေးသောကာလ အကျပ်အတည်းများ၌ မဲဆောက်မြို့က တောရကျောင်း၊ ကျောင်းသစ်ကျောင်း၊ ကျောင်းကြီးကျောင်းစသည်တို့နှင့် မြန်မာအလုပ်သမားများစုဝေးရာ လ္ဘက်ရည်ဆိုင်တို့မှာ မိမိတို့၏ ယာယီရုံးစိုက်ရာ နေရာများသာဖြစ်ခဲ့ပါ၏။
ဤအခြေအနေအောက်မှာပင် ၂၀၀၅ ခုနှစ် ဧပြီလမှစတင်ကာ နာယက ဦးအေးကို၊ အတွင်းရေးမှူး၊ ကိုဇေယျာ တို့နှင့် GS- ဂုရုဆန်တို့က JACBA ရုံးခန်းကို (၈၀၀-ဘတ်)တန် အခန်းကျဉ်းကလေးဖြင့် စတင်ဖွင့်လှစ်ခဲ့ကြပါသည်။ နေရာက - မဲဆောက်မြို့မှ အလုပ်သမားအများအပြားစုဝေး နေထိုင်ရာ တနေရာဖြစ်သော တီကေလေး (ခေါ်) ထိုစဉ် CCMC သိုးမွှေးစက်ရုံအနီး အလုပ်သမားတန်းလျား၊ `မွန်´လ္ဘက်ရည်ဆိုင်အပေါ်ထပ် အခန်းငယ်ဖြစ်ပါ သည်။ ဤရုံးခန်းလခ၏ လေးပုံတစ်ပုံကို နာယကကြီး ဦးအေးကိုက လစဉ်စိုက်ထုတ်ကာ အခြားနာယကများဖြစ်ကြသော ဆရာတော်ကြီး ဦးသြဘာသ(ကျောင်းကြီးကျောင်း)၊ ဦးဣန္ဒာစက္က(ကျောင်းသစ်ကျောင်း)စသည်တို့က ဘတ် ၂၀၀ စီကျခံကာ ဂုရုဆန်နှင့် ကိုဇေယျာတို့က အခြားစရိတ်များရှာကြံကာ စတင်တည်ဆောက်ခဲ့သည်ကို ယနေ့တိုင်မေ့မရပါချေ။ ထို့အပြင် ၂၀၀၅ ခုနှစ် သြဂုတ်လမှစတင်ကာ ယခုတိုင် အထင်အရှားရှိနေသော `မြန်မာပြည်သားစာစောင်´ လစဉ် ထုတ်ဝေနိုင်ရေးအတွက် စတင်မျိုးစေ့ချခဲ့သူများထဲတွင် ဆရာဦးအေးကိုသည် ထိပ်ဆုံး၏ ထိပ်တွင် ရှိနေပါသည်။ ဤ မြန်မာပြည်သားစာစောင်ကို ၂၀၀၅ ခုနှစ် သြဂုတ်လ (ရှစ်လေးလုံးအထူးထုတ်)မှသည် ယနေ့တိုင်အောင် ၅-နှစ် လုံးလုံး လစဉ်မပျက် ချီတက်နိုင်အောင် အထူးလုံ့လ ဥဿဘစိုက်ထုတ်သူများထဲတွင် ဆရာဦးအေးကို ကို မိမိတို့အဖွဲ့အစည်းအနေနှင့်ရော၊ စာပေချစ်သူများအနေနှင့်ပါ မမေ့ကြစေရန် ဤအလွမ်းပြေစာလွှာဖြင့် (စောဦးစွာ၊ ကိုမှောင့်) စသော ကလောင်အမည်များဖြင့် မိမိတို့ကို ဖခင်တစ်ဦးသဖွယ် အစစအရာရာ ထိန်းကျောင်းပဲ့ပြင်ပေးခဲ့သူ ဥယျာဉ်မှူးတစ်ဦးအား ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှလုံးသားတွင် ဦးတင်လိုက်ရပါသတည်း။
** ခံစားတင်ပြသူ- သောင်ရင်းနဂါး- မြန်မာပြည်သား **

No comments:
Post a Comment