**ရှက်မိတယ်**
ကြည့်ရတာတော့ ဝေဖန်ရေး ဆရာတွေ လိမ္မာသွားကြပြီလို့ ထင်တယ်။ အရင်က လက်သံပြောင်လွန်းလို့ ၀ိုင်းရိုက်တာခံရမတတ် မေတ္တာအထားခံရတဲ့ ဝေဖန်ရေးဆရာများတောင် ခုတော့ သုံးရာခြောက်ဆယ် ဒီဂရီအလှည့်အပြောင်း လုပ်ပြီး အားလုံးကောင်းပါသည် ခင်ဗျား ဆိုတာမျိုးတွေလည်း ရေးတာတွေ့ရတော့တယ်။ ဟုတ်တာပေါ့လေ။ လူဆိုတာ အမြဲတမ်း လူမိုက်လုပ်နေရမယ်လို့မှ သတ်မှတ်မထားတာ။ လိမ္မာတဲ့အချိန်က လိမ္မာရမှာပေါ့။ လိမ္မာတာကောင်းပါတယ်။ လူသာဓုခေါ် နတ်သာဓုခေါ် အလုပ်ဖြစ်ပါတယ်။ အဲဒီလို ဝေဖန်ရေးဆရာလူငယ်တွေ လိမ္မာနေကြတာကို ကြည့်ပြီး ကိုယ်ဟာ ကိုယ်တောင် ပြန်ပြီး ရှက်သလိုလို ခံစားမိတယ်။ ကိုယ်ကတော့ ခုလို အသက် ၇၀ တန်းရောက်တဲ့အထိ အသိတရားမရသေးဘဲ။ မိုက်မြဲဆက်ပြီး မိုက်နေတာကို တွေ့ရလို့ပဲဖြစ်တယ်။
**ဦးလေးလူထုဦးလှအဆုံးအမမှာ**
အသက်ကြီးလာသလို အသိဥာဏ်ပညာက ကြီးရင့်မလာလို့ ထင်ပါရဲ့၊ စာရေးရာမှာ ကြီးလေလိမ္မာပါးနပ်လေ ဖြစ်ရမယ့်အစား ပိုပိုပြီးတော့ မိုက်တွင်းနက်လေ ဖြစ်လာတယ်။ ဆဲရေးတိုင်းထွာတဲ့ စကားကိုတောင် ယဉ်ယဉ်ကျေးကျေးနဲ့ တဖက်သား နားခံသာအောင် ရေးလို့ရပါတယ် လို့ တဖွဖွ ပြောလေ့ရှိတဲ့ ဦးလေးလူထုဦးလှရဲ့ အဆုံးအမအောက်မှာ ကြီးပြင်းလာခဲ့ရတာတောင်မှ လူက မယဉ်ကျေးချင်သေးဘူး။ ရေးလိုက်သုံးလိုက်တဲ့ စကားတွေက တဖက်လူကို ပိဿလေးနဲ့ နံဘေးထုသလို ဖြစ်ဖြစ်သွားတယ်။ မကောင်းမှန်းမသိ မဟုတ်ဘူး။ မိုက်တာ မကောင်းဘူး။ အန္တရာယ်ကြီးတယ်။ လိမ္မာတာ ကောင်းတယ်။ လူနပ်ချမ်းသာ ဖြစ်စေတယ်ဆိုတာ သိပါတယ်။ အသိခေါက်ခက် အ၀င်နက် ဆိုသလိုဖြစ်နေတာ။
**အငြိမ်မနေနိုင်ဘူး**
ငယ်တုန်းကလည်း မလိမ္မာခဲ့ပါဘူး။ ဒါပေမယ့် ခြောက်ဆယ်ကျော်မှ ပိုပြီး မိုက်မဲလာတယ်လို့ ကိုယ့်ဟာကိုယ်ထင်မိတယ်။ ဟိုလူ့အပြစ် ပြောချင်၊ ဒီလူ့ဝေဖန်ချင်နဲ့ အငြိမ်မနေနိုင်ဘူး ဖြစ်နေတယ်။ ဂျော့ဘုရှ်နဲ့ ချင်နီလို ကောင်းဘွိုင်တွေလို ထစ်ကနဲဆို သေနတ်ဆွဲချင်တဲ့ သူတွေလို့ ပြောလိုပြော၊ မန္တလေး စာရေးဆရာတွေ အတတ်ပညာလေး (ကင်းပြနေရုံ သက်သက်ပဲ၊ လေးပစ်ဖို့)စိတ်ကူးရှိကြတာ မဟုတ်ဘူးလို့ ဆိုလိုဆို၊ ဂျာနယ်သမားတွေဟာ ဂျာနယ်သမားလို မနေဘဲ မျောက်လို နေနေကြလို့ မျောက်ပြဆန်တောင်းခံရတာပဲလို့ ထောက်ပြလိုပြ၊ တစ်ခါမှာတော့ လူတစ်စုကို သွားပြီး ဆွံ့အ နားမကြားကျောင်းက လူတွေနဲ့ တူတယ်လို့ ပြောမိလို့ မေတ္တာပို့ ခံရလိုက်ရသေးတယ်။ ဒါလည်း အမှတ်သညာ ရှိတာမဟုတ်ဘူး။ ပြောမြဲရေးမြဲပဲ။
**ဇိမ်နဲ့ နေရမယ့် ဇာတာမပါ**
ကျန်းမာရေးလည်း ကောင်းတာ မဟုတ်ဘူး။ အောက်စီဂျင်စက် မရှိဘဲ အသက်ရှင်နိုင်တာလည်း မဟုတ်ဘူး။ အေးအေးနေလိုက်ပါတော့လို့ မိတ်ဆွေသင်္ဂဟအပေါင်းက မေတ္တာစကားဆိုကြတယ်။ သူတို့အားလုံးကို ကျေးဇူးတင်ရပါတယ်။ ကိုယ်တိုင်ကလည်း အေးအေးနေချင် လှပါတယ်။ ပင်ကိုယ်စရိုက်ကိုက အေးအေး ဆေးဆေး ပန်းပင်သစ်ပင်လေးတွေ စိုက်ပြီး စာတွေပဲ ဖတ်ချင်တာပါ။ ခုလို စာတွေတောင် ရေးမနေချင်ပါဘူး။ အသက်ကြီးတဲ့အခါ အေးအေးဆေးဆေး နေနိုင်အောင်ဆိုပြီး တောင်ပေါ်ဒေသတွေမှာ အိမ်ကလေး ခြံကလေးတွေတောင် ဟိုးလွန်ခဲ့တဲ့ နှစ်အစိတ်သုံးဆယ်ကတည်းက အသင့်လုပ်ထားခဲ့တာ၊ လိမ္မော်လေးစိုက်လိုက်၊ ကော်ဖီလေးစိုက်လိုက်၊ ပန်းကလေးစိုက်လိုက်နဲ့ နေမယ်ပေါ့လေ။ ဒါပေမယ့် ဇိမ်နဲ့နေရမယ့် ဇာတာကို မပါဘူး ထင်ပါရဲ့။ ခုထိကို ရန်ကုန်က မခွာနိုင်သေးဘူး ဖြစ်နေတယ်။
**ချီးကျူးတာပဲကြားချင်**
ရန်ကုန်မှာလည်း အေးအေးဆေးဆေး နေလို့ရတာပါပဲ။ ထမင်းတစ်လုတ်အတွက် ကြက်ယက်သလိုယက်ပြီး ရှာနေဖို့ မခက်ခဲလှပါဘူး။ ပိုက်ဆံရှာဖို့ဆိုပြီး စာတွေရေးမနေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လူက မလိမ္မာတော့ မနေနိုင်ဘူး။ ရေးစရာတွေ့တိုင်း ရေးလိုက်ချင်တာ။ ရေးစရာဆိုတာကလည်း ဒီခေတ်မှာ ရှာနေစရာမလိုလောက်အောင်ကို ပေါနေတာ မဟုတ်လား။ ဒီတော့ ရေးပြီးရင်းရေးနေ ဖြစ်တော့တာပေါ့။ လူ့သဘာဝဆိုတာကလည်း ကိုယ်တိုင်ကစပြီး ချီးကျူးဂုဏ်ပြု စကားလေးပဲ ကြားချင်တတ်တာလေ။ ကိုယ့်အမှားကို ဝေဖန်ထောက်ပြတဲ့ စကားတွေဆို ကြားချင်တာ မဟုတ်ဘူး။ နားခါးတယ်လို့ ထင်တာ။
**အေးအေးနေပါလား**
ဒီနေရာမှာပဲ လူ့သဘာဝနဲ့ သတင်းစာသမားဘ၀ ထိပ်တိုက်ရင်ဆိုင်တွေ့ရတာဖြစ်တယ်။ သတင်းစာသမားရဲ့ သဘာဝက အဖြစ်မှန်ကို မှန်တဲ့အတိုင်း သနပ်ခါး မလိမ်း ပန်းမပန်ဘဲ ရေးသားတင်ပြရတာလေ။ ဒီတော့ အမှားထောက်ပြတာ မကြိုက်နိုင်တဲ့ လူ့သဘာဝနဲ့ ကဏ္ဍကောစ ဖြစ်ရတော့တာပေါ့။ အဲဒီလိုဖြစ်တော့ ကလောင်တစ်ချောင်းကလွဲပြီး ဘာမှရှိတာ မဟုတ်တဲ့ သတင်းသမားဘ၀မှာ တစ်ခါမှ စံ ရတဲ့နေရာမျိုး မရောက်ခဲ့ဖူးပါဘူး။ ခံရတဲ့ နေရာကချည့်ပါပဲ။ ခုဆို အသက် ၇၀ တန်းရောက်ပြီ။ အေးအေးနေပါတော့လား။ သူများတကာတွေလို နာမည်နောက်က ကွင်းစကွင်းပိတ်လေးအတွင်းမှာ ငြိမ်း ဆိုတာလေး ထည့်ပြီး ကျေနပ်နေရောပေါ့။ ခက်တာက မနေတတ်ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကြီးလေ မိုက်လေလို့ ထင်နေတာ။
**လူမိုက်တွေကို ကျေးဇူးတင်**
ဘာသာတရားမှာ ကိုင်းရှိုင်းတဲ့ ဘိုးဘွားမိဘများရဲ့ အဆုံးအမနဲ့ နေလာခဲ့ရတာဆိုတော့ ၀က်သားသည်၊ အမဲသားသည်၊ တံငါသည်တွေဆို ပိုက်ဆံဘယ်လောက် ချမ်းသာနေနေ ငယ်ငယ်လေးကတည်းက သိပ်ပြီး အထင်ကြီးချင်တာ မဟုတ်ဘူး။ အကုသိုလ်အလုပ်နဲ့ အသက်မွေးတဲ့သူတွေ၊ တစ်နည်းပြောရရင် လူမိုက်တွေပေါ့လေ။ ဟော… အသက်ကြီးတော့ အမြင်က ပြောင်းသွားတယ်။ ဒီလိုလူမိုက်တွေဟာ လောကမှာ မရှိမဖြစ် လိုအပ်တာပါလားလို့ သဘောပေါက်လာတယ်။ သူတို့လို လူမိုက်တွေသာ မရှိဘဲ အားလုံး လူလိမ္မာတွေချည့် လုပ်နေကြရင် ကမ္ဘာကြီးပေါ်မှာ ဒုတ္ထိခန္ဒရကပ်ကြီးဆိုက်ပြီး လူသားမျိုးနွယ် တစ်ခုလုံး မျိုးတုံးကွယ်ပျောက်သွားမှာပေါ့။ အဲဒီလူမိုက်တွေကို ကျေးဇူးတင်ပါတယ်။
**လူထုဦးစိန်ဝင်း**
(လူထုရနံ့ စာစုများမှ၊ ၁၀- ၈- ၂၀၀၉)
ခုတလော မဂဇင်းတွေထဲပါတဲ့ ဖတ်ညွှန်း ဆိုတာတွေ ဖတ်ရတာ ဆားမပါတဲ့ ဟင်းစားရသလို ပေါ့ရွှတ်ရွှတ်နဲ့ အရသာ တယ်ပြီးမတွေ့မိဘူး။ အားလုံးလိုလိုက ကြော်ငြာလိုချည့်ဖြစ်နေတယ်။ ဘာကဘယ်လိုကောင်းတာ၊ ဘာ့ကြောင့် ကောင်းတာ၊ ဒါကတော့ ဘာကြောင့်ဘယ်လို မကောင်းတာစသဖြင့် ဆန်းစစ်ပြသုံးသပ်ပြလိုပ်တာမပါတော့ စာဖတ်သူအတွက် ဘာအသိပညာမျ ရလိုက်မယ် မထင်ဘူး။

No comments:
Post a Comment